Thursday, November 1, 2012

ပိုက်ဆံသာရှိပြီး ဘာမျှမရှိသူများနှင့် ဖြေရှင်းမရသေးသော ကွမ်း၊ အမှိုက်ပြဿနာ


ကိုကို(စက်မှုတက္ကသိုလ်) 
ဒီတစ်ပတ်ထဲမှာ ရောင်စုံနဲ့ ထုတ်လာတဲ့ ကြေးမုံသတင်းစာထဲက ကာတွန်းဆရာကျော်မိုးဇော်(မင်္ဂလာဒုံ)ရဲ့  ကာတွန်း ကလေး ကိုဖတ်လိုက်ရတာ အတော်သဘောကျသွားပါတယ်။ ကာတွန်းက နောက်ဆုံးပေါ်  ကားကြီး တစ်စီးပေါ်က လူတွေကား မောင်းသွားရင်း ရှေ့ကသူက ကွမ်းတံတွေးထွေးချ၊ နောက်ကလူက အမှိုက်ပစ်ချသွား တာကို လမ်းဘေး တစ်နေရာကနေရပ်ကြည့်နေတဲ့ ကျောင်းသားကလေးတစ်ယောက်နဲ့  ကျောင်းဆရာတစ်ယောက်က 'ကားအကောင်း စားကြီး စီးပြီး စိတ်ဓာတ်အကောင်းစားတွေမရှိကြပါလား' ဆိုပြီး ဝေဖန်လိုက်တဲ့ပုံဖြစ်ပါတယ်။


ဖတ်ပြီးပြီးချင်းသဘောကျလွန်းလို့ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဖေ့စ်ဘုတ်မှာ အခြားသူတွေကိုမျှဝေပေးဖို့ တင်ပေး လိုက်ပါ တယ်။ မိတ်ဆွေအချို့ကလည်း ဒါဟာတကယ့်အဖြစ်မှန်ဖြစ်ကြောင်း သဘောထားမှတ်ချက်ရေးကြပါတယ်။ သူတို့ပြောကြ သလိုပါပဲ။ အဲသလို ကားအကောင်းစားကြီးစီးပြီး ကွမ်းတံတွေးတွေကို ကားလမ်းမပေါ် ပျစ်ခနဲထွေးချ သွားတာ၊ အမှိုက်တွေ လုံးချေချသွားတာကို ကျွန်တော်ကိုယ်တိုင် မကြာခဏမြင်ဖူးနေပါတယ်။ ပိုပြီးဆိုးတာက အဲဒီ သူတွေ ဟာ လခပေးထားတဲ့ယာဉ်မောင်းတွေမဟုတ်ဘဲ ပိုင်ရှင်တွေကိုယ်တိုင်၊ သူဋ္ဌေးတွေ ကိုယ်တိုင်ဖြစ်နေ တတ်ပါ တယ်။

မြို့တော်ရဲ့လမ်းတွေပေါ်မှာ အဆောက်အဦသစ်သစ်လွင်တွေရဲနံရံမှာ ကွမ်းတံတွေးတွေအမြဲ ပေကျံနေတတ် ပါတယ်။ အဲဒီလိုအခါမှာ လူတွေက လက်လုပ်လက်စား လမ်းသွားလမ်းလာတွေကို ယေဘုယျအားဖြင့် မေးငေါ့တတ်ကြ တယ်။ အပြစ်တင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုလူတွေကို ပညာပေးရမယ့် သူတွေ၊ လမ်းပြရမယ့်လူတွေထဲက သူအချို့တောင် စည်းကမ်းတွေမဲ့နေကြလေတော့ ဘာဆက်ပြောရမှန်းတောင်မသိဖြစ်သွားရပါတယ်။
အဆင့်မြင့်ကွန်ဒိုတိုက်ခန်းတစ်ခန်းမှာနေထိုင်တဲ့သူတစ်ဦးကလည်း သူ့ကွန်ဒိုမှာအပေါ်ထပ်အခန်းတွေက ပြတင်း ပေါက်ကနေ အမှိုက်တွေအလွယ်တကူပစ်ပစ်ချနေလို့ ဒုက္ခတွေ့နေရတဲ့အကြောင်း စိတ်ပျက်လက်ပျက်ပြောဖူးပါတယ်။

'ကွန်ဒိုမှာနေတယ်ဆိုတဲ့ ပိုက်ဆံရှိပြီးသားအဆင့်တစ်ခုခုရှိပြီးသားသူတွေလို့ထင်ထားတာ။ အမှိုက်တွေကိုပစ်ချ နေလိုက်ကြတာ တစ်ခါတစ်ခါ အမျိုးသမီးလစဉ်သုံး ပစ္စည်းသုံးပြီးသားတွေတောင် အထွေးလိုက်ကျလာတယ်'လို့ သူကပြောပြပါတယ်။ မိုးတွင်း ဆိုရင် ရန်ကုန်မြို့မှာ မိုးနည်းနည်းကလေး ရွာတာနဲ့ ရေလျှံ ပါတယ်။ ရေမြောင်းတွေမကောင်းတာ၊ ပြုပြင်ထိန်းသိမ်းမှုအားနည်း တာ တွေကြောင့်လည်း ရေမြောင်းတွေ ပိတ်ပြီး ရေလျှံတာတွေရှိပေမယ့် အမှိုက် တွေကို စည်းကမ်းမဲ့ပစ်ချင်သလိုပစ်ချကြလို့ ရေထွက်ပေါက်တွေပိတ်ပြီး ရေလျှံတာမျိုးတွေလည်း ရှိနေပါတယ်။

စင်ကာပူမြို့ကြီးက ဥယျာဉ်မြို့တော်ကြီးလို့တင်စားလောက်အောင် လှပပါတယ်။ သန့်ရှင်းပါတယ်။ လမ်းပေါ်မှာ အမှိုက် တစ်စ မတွေ့ရပါ ဘူး။ စည်ပင်သာယာလုပ်ငန်းတွေ စွမ်းရည်ပြည့်ဝလို့ဖြစ်သလို လူတွေ စည်း ကမ်းလိုက်နာကြ လို့လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် စင်ကာပူကို ဗဲရီးဖိုင်း စီးတီးဆိုပြီးတောင် အချို့ကရယ်မောပြောတတ်ပါတယ်။ သာယာလှပ တဲ့ fine ကိုဆိုလိုတာမဟုတ်ဘဲ နေရာတကာဒဏ်ရိုက်လွန်းတဲ့ ဖိုင်း စီးတီးလို့ ပြောချင်ကြတာပါ။ အသိကြောင့် ပဲဖြစ်ဖြစ် ကြောက်လို့ပဲဖြစ် ဖြစ် စည်းကမ်းလိုက်နာကြတာတော့ အမှန်ပဲဖြစ်ပါ တယ်။ မြို့တော်တစ် မြို့သန့်ရှင်း သာယာလှပဖို့ဆိုတာ မြို့တော်စည်ပင်လုပ်ငန်းတွေ စွမ်းရည် ပြည့်ဝဖို့နဲ့ ပြည်သူလူထုက စည်းကမ်း ရှိရှိပူးပေါင်းပါ ဝင်ဖို့ အချက်နှစ်ချက် နဲ့ပြည့်စုံဖို့လိုတယ်လို့ပြောနိုင်ပါတယ်။

သူတို့ဆီမှာတော့ စည်းကမ်းမဲ့အမှိုက်ပစ်တဲ့သူတွေကို ကျောမှာစာကပ်ပေးပြီး လူစည်ကားတဲ့နေရာတွေမှာ ပြုပြင်ရေး လုပ်ငန်းစဉ်ဆိုပြီး အမှိုက် တွေကောက်ခိုင်းတာမျိုး လုပ်ကြပါတယ်။ ရုပ်မြင်သံကြားမှာ စည်းကမ်းမဲ့ အမှိုက်ပစ်မိလို့ အမှိုက်ပြန်ကောက်ခိုင်း ခံရတဲ့သူက 'ကျွန်တော် နောင်ဆိုစည်းကမ်းရှိပါတော့မယ်'ဆိုပြီး အင်တာတောင် အဗျူးခံ လိုက်ပါသေးတယ်။ ကျွန်တော်တို့ဆီမှာတော့ အရေးယူမယ့်သူရော၊ ကျူးလွန်သူတွေ နှစ်ဖက်စလုံးက အား နည်းချက်တွေ ရှိနေတော့ ကွမ်းတံထွေးပြဿနာ၊ အမှိုက်ပြဿနာဟာ  ပပျောက်သွားဖို့ အတော့်ကိုခဲယဉ်းဦးမှာဖြစ် ပါတယ်။

ကွမ်းတံတွေးကိစ္စဆိုရင် ပြီးခဲ့တဲ့ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်တစ်ဦးက မေးခွန်းမေးတဲ့အထိ ရောက် သွားပါတယ်။ သက်ဆိုင်သူတွေကတော့ စည်ပင်ဥပဒေအရအရေးယူနိုင်တဲ့ကိစ္စတွေ၊ ပညာပေးလုပ်ငန်းတွေ ဘယ် လိုလုပ်နေပြီး ပညာပေးကာလပြီးဆုံးလျှင် အရေးယူနိုင်တဲ့အနေအထားတွေ ရှင်းလင်းပြောကြားသွားတာတွေကိုလဲ သတင်းစာ တွေမှာဖတ်လိုက်ရပါတယ်။ ပြောကြဆိုကြတာတွေထက် ထိထိရောက်ရောက်လက်တွေ့လုပ်ပြတာတွေပဲ ကျွန်တော်က တော့ မြင်ချင်ပါတယ်။

တစ်ခါတစ်ခါမှာ ကျွန်တော့်ရင်ထဲ နောက်လာမယ့်မျိုးဆက်တွေအပေါ်မှာပဲ ပိုအားကိုးချင်လာပါတယ်။ မူကြို အရွယ်၊ မူလတန်းအရွယ်ကလေးငယ်တွေအဆင့်ကနေပဲ တစ်ကပြန်စရမလိုဖြစ်နေပြီလားလို့တောင် တွေးမိပါတယ်။ စည်းကမ်းရှိသောလူ့အဖွဲ့အစည်းမဖြစ်ဘဲနဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်ကို ဘယ်လိုတည်ထောင်နိုင်ကြမလဲ။ စည်းကမ်းတွေမဲ့နေရင်တော့ နာမည်ခံဒီမိုကရေစီအဆင့်သာရရှိသွားမှာဖြစ်ပါတယ်။

ပြည်သူတွေကို စည်းကမ်းရှိအောင်ပညာပေးကြမယ်ဆိုရင် အခက်အခဲဆုံးက ကြေးမုံကာတွန်းထဲမှာသရုပ် ဖော်ထားတဲ့ ကားသစ်ကြီးနဲ့လူတွေလို ပိုက်ဆံသာရှိပြီး တန်ဖိုးရှိတာဘာမှမရှိတဲ့လူတန်းစားအချို့ကိုတော့ အတော် ပြောရဆိုရခက်မယ်ထင်ပါရဲ့။ အဲဒီလိုလူတန်းစားတွေက ပြီးခဲ့တဲ့ခေတ်ဟောင်းမှာဆို ပိုတောင်ဆိုးပါသေးတယ်။ စည်းကမ်းမှန်သမျှ အဖောက်ဖျက်ဆုံးနဲ့ အရေးယူမခံရဆုံးသူတွေပါ။

ကာတွန်းထဲမှာပါသလို စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုတာ အခြေခံပညာရေးရဲ့သုံးချောင်းထောက်တာဝန် တွေလို့ ကျွန်တော်နားလည်ထားပါတယ်။ စိတ်အရည်အချင်းမြင့်မားအောင်၊ စည်းကမ်းရှိအောင် ပညာတတ်အောင် အခြေခံကျောင်း တွေက အုတ်မြစ်ချပေးကြရပါလိမ့်မယ်။
နောက်ဆုံးတော့ ပညာရေးဆိုတဲ့ဘူတာဟောင်းကြီးကိုပဲ ပြန်ဆိုက်ရတော့မယ့်ကိန်းထင်ပါရဲ့။

No comments:

Post a Comment