Sunday, November 4, 2012

ကမ္ဘာ့ဘဏ်၏ ကြားဖြတ် မဟာဗျူဟာ စာတမ်း မြန်မာဘာသာဖြင့် ထုတ်ပြန်မည်



ရန်ကုန်၊ နိုဝင်ဘာ ၎

ဆယ်စုနှစ် လေးခုနီးပါး အဆက်အဆံ မရှိခဲ့သည့် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခု ဖြစ်သော ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ ပေးအပ်မည့် အကူအညီများ အတွက် ကြားဖြတ် မဟာဗျူဟာ စာတမ်းကို မြန်မာ ဘာသာဖြင့်ပါ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ပြင်ပ ဆက်ဆံရေး အရာရှိ Camille Funnell က ပြောကြားသည်။


အောက်တိုဘာလ ၂၂ ရက်နေ့က အင်္ဂလိပ် ဘာသာဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါ စာမျက်နှာ ၁၈ မျက်နှာပါ စာတမ်း တွင် လူထုအခြေပြုဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် မြန်မာနိုင်ငံ အတွင်းရှိ မြို့နယ် ၁၅ ခုရှိ ကျေးရွာ ၆၄ဝ တွင် အမေရိကန် ဒေါ်လာသန်း ၈ဝ ကူညီ သွားမည် ဖြစ်ကြောင်း ဖော်ပြ ထားသည်။


ကမ္ဘာ့ဘဏ်၏ အဆိုပါ အကူအညီပေးရေး လုပ်ငန်းများ လုပ်ကိုင်ရန် အဆင့် ၁ဝ ဆင့်ပါသည့် စီမံကိန်းများ စနစ်တကျ ပြုလုပ် လေ့လာပြီးမှသာ စတင် ရမည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်၏ အကူအညီနှင့် ချေးငွေ ရယူသည့် နိုင်ငံများ သည် ကမ္ဘာ့ဘဏ်၏ စည်းမျဉ်းစည်းကမ်း များကို လိုက်နာကြရသည်။


အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်၌ အခြေစိုက်ကာ ကမ္ဘာ တစ်ဝန်း ရုံးခန်းများ ဖွင့်လှစ်ထားသည့် ကမ္ဘာ့ဘဏ် လုပ်ငန်းများ ကို စောင့်ကြည့် လေ့လာ လျက်ရှိသော Bank Information Center (BIC) အဖွဲ့ကမူ ကမ္ဘာ့ဘဏ် အနေနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အစီရင်ခံစာများ ရေးဆွဲ ရာတွင် အင်္ဂလိပ်ဘာသာ အပြင် သက်ဆိုင် ရာ နိုင်ငံ၏ မိခင် ဘာသာသို့ပါ တစ်ပြိုင်နက် ဘာသာပြန် ဖော်ပြပေးရမည်မှာ ကမ္ဘာ့ဘဏ်၏ တာဝန် သာဖြစ်ကြောင်း ဝေဖန် ထောက်ပြသည်။


လက်ရှိတွင် မြန်မာဘာသာ ပြန်ဆိုခြင်း ပြုလုပ်လျက်ရှိပြီး ဘာသာပြန်ပြီးလျှင် ပြီးချင်း ထုတ်ပြန် ပေးသွား မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ပြင်ပ ဆက်ဆံရေး အရာရှိက ဆိုသည်။
From -TheVoiceWeekly

No comments:

Post a Comment