Tuesday, November 13, 2012

ဆေးဝါးလွန်ကဲမှုကြောင့် အဆိပ်သင့်မှု များလာ

 
အဆိပ်သင့် ကုသမှု ဌာနများတွင် ဆေးဝါးလွန်ကဲခြင်းကြောင့် ဖြစ်သည့် အဆိပ်သင့်ခြင်းနှင့် မတော်တဆ ဖြစ်ပွားသည့် အဆိပ် သင့်ခြင်းတို့တွင် ဆေးဝါးကြောင့် အဆိပ်သင့်ခြင်းသည် ဖြစ်ပွားမှု များပြားလာကြောင်း ထိုဌာနများရှိ တာဝန်ရှိသူ အချို့က ပြောသည်။ ယခုနှစ်ပိုင်းများအတွင်း ဆေးဝါးကြောင့် အဆိပ်သင့်ခြင်းသည် အဆိပ် သင့်ခြင်း အားလုံး၏ ၅၁ ရာခိုင်နှုန်းရှိပြီး၊ အဆိပ်သင့်မှုများတွင် အများဆုံး ဖြစ်သည်။ ထိုအထဲတွင် သေကြောင်းကြံစည်ကာ ဆေးဝါး အလွန်အကျွံ အသုံးပြုသည့် သူများ ရှိသကဲ့သို့ ရောဂါအတွက် ဆေးသုံးစွဲရင်း များသွားခြင်းကြောင့် ဖြစ်သည့် အဆိပ်သင့်ခြင်းများလည်း ရှိကြောင်း ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး ဆီးချိုနှင့် အထွေထွေ ရောဂါကု သမားတော်ကြီး အဆိပ်သင့် ကုသဌာနမှ ဒေါက်တာရဲမြင့်က ပြောသည်။

ဆေးဝါးများသုံး၍ သေကြောင်း ကြံစည်သူများတွင် အသက် ၂၁ နှစ်မှ ၃၀ နှစ်အတွင်းသည် အများဆုံး ဖြစ်ကြပြီး ၃၁ နှစ်မှ ၄၀ အတွင်းမှာ ဒုတိယ အများဆုံး ဖြစ်ကြသည်။ အများစုမှာ စီးပွားရေးဆိုင်ရာ ပြသာနာများကြောင့် များပြားကြောင်း သုတေသနဆိုင်ရာ ပညာရှင်တစ်ဦးက သုံးသပ် ပြောကြားသည်။ သို့သော် အချို့မှာ ရောဂါကုသစဉ် ဆေးများသွားခြင်း ဖြစ်သည်။ ရောဂါ သက်သာစေရန် ဆေးအဖြစ် သုံးကြသည့်အခါ လူတစ်ဦးနှင့်တစ်ဦး ဆေးပမာဏ ခံနိုင်ရည်ချင်းလည်း မတူညီကြသလို အသုံးများပြီး အသက်ပါ သေစေသည့် အကိုက်အခဲ ပျောက်ဆေးများတွင်လည်း ဆေးခံနိုင်ရည်အား ခန္ဓာကိုယ် အလေးချိန်ဖြင့် သတ်မှတ်ကာ ပမဏ များပြားပါက ခန္ဓာကိုယ်အား အဆိပ်အတောက် ဖြစ်စေလာခြင်း ဖြစ်သည်။

“လွန်ခဲ့တဲ့ ၂ လလောက်က ၁၂ နှစ်အရွယ် ကျောင်းသားလေးက ကျောင်းမှာ ဖျားလို့ ကိုက်ခဲ နာကျင်နေတယ် ဆိုတော့ သူငယ်ချင်းက ပါရာစီတမောကို တစ်ခါသောက်ရင် ၃ လုံးလောက်သောက်ရင် သိသိသာသာကို သက်သာသွားမယ်။ ၂ လုံးသောက်လို့လည်း ရတယ်လို့ ပြောတယ်။ အဲဒီတော့ ကလေးက ပထမတော့ ၃ လုံး သောက်နေတာ ၄ နာရီလောက်ကြာတော့ ဆေးအာနိသင် ပြယ်လာတဲ့အခါ နောက်ထပ် ၃ လုံး ထပ်သောက်တယ်။ ညနေကျတော့ ၃ လုံး သောက်တာကနေ ပါရာစီတမော အဆိပ်သင့်ပြီး ရောက်လာတယ်” ဟု အဆိုပါ ဆရာဝန်က ဆက်လက်ပြောသည်။ ကီလို ၅၀ (ပေါင် ၁၁၀ ခန့်)လူတစ်ဦးအတွက် ပါရာစီတမော ၅၀၀ အားရှိသည့် ဆေးတစ်လုံးသည် အန္တရာယ် မဖြစ်စေနိုင်သေးသော်လည်း ပါရာစီတမော ၁၀ လုံးဖြစ်သည့် ၅၀၀၀ အားသည် အန္တရာယ်ရှိပြီး အဆိပ်ဖြစ်စေသည့် ပမာဏဖြစ်သွားပြီ ဖြစ်ကြောင်း ဒေါက်တာရဲမြင့်က ပြောသည်။

အကိုက်အခဲ ပျောက်ဆေးများ နေ့စဉ် သတိမမူမိဘဲ သောက်နေသည့် သူများတွင်လည်း အသည်းအား ထိခိုက်ခြင်းနှင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါကုသရေး ဌာနများတွင်လည်း အစာအိမ်သွေးကြော ပေါက်ခြင်းများသည် အကိုက်အခဲ ပျောက်ဆေးများ၏ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ကြောင်း သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များထံမှ သိရသည်။ ထိုကဲ့သို့ ဆေးအလွန်အကျွံ သောက်ခြင်းကြောင့် ဖြစ်သည့် အဆိပ်သင့်ခြင်းများတွင် ဆရာဝန်လက်မှတ် မပါဘဲ အပြင်တွင် ဆေးဝါးများ အလွယ်တကူ ရခြင်းများသည်လည်း အကြောင်းအရင်းတစ်ရပ် ဖြစ်ပြီး များသောအားဖြင့် ဆေးပညာ ဗဟုသုတ အားနည်းသည့် တောရွာများတွင် အဖြစ်များကြကြောင်း အထွေထွေ ရောဂါကု ဆရာဝန်တစ်ဦးက သုံးသပ် ပြောကြားသည်။

“ကျွန်မနေခဲ့ဖူးတဲ့ ကျောက်တန်းမြို့နယ်ထဲက ရွာတစ်ရွာမှာဆိုရင် ဆရာဝန်ကလည်း ရွာအကြီးကြီး တစ်ရွာလောက်မှာပဲ ရှိတာ။ အဲတော့ အများစုက ဆေးတွေကို ဘယ်လိုပုံစံနဲ့ သောက်ရမယ်ဆိုတာလည်း မသိဘူး။ ဘယ်လောက် သောက်ရမယ် ဆိုတာလည်း မသိဘူး။ သက်သာတယ်လို့ တစ်ယောက်ပြောတာနဲ့ လိုက်သောက်တယ်။ နေ့တိုင်း သောက်ကြတယ်။ ဆေးဆိုတာကို အများကြီးကို သောက်နေကြတာ” ဟု ကျောက်တန်းမြို့နယ် အတွင်းရှိ ကျေးရွာတစ်ခုတွင် တာဝန် ထမ်းဆောင်ခဲ့သည့် ကျောင်းဆရာမ တစ်ဦးက ပြောသည်။ တစ်နှစ်ထက် တစ်နှစ် ဆေးဝါးများ လွန်ကဲခြင်းကြောင့် ဖြစ်သည့် အဆိပ်သင့်ခြင်းသည် များပြားလာပြီး အများစုမှာ မိမိကိုယ် မိမိ သေကြောင်းကြံစည်ခြင်းဖြင့် ပမာဏများပြားပြီး အသက် သေဆုံးသွားကြခြင်း ဖြစ်ကြောင်း အဆိုပါ ဆရာဝန်က ပြောသည်။

မြန်မာနိုင်ငံ အောက်ပိုင်းရှိ အဆိပ်သင့် ကုသဌာနနှင့် သုတေသနဌာနများရှိ စာရင်းများအရ အမျိုးသမီးများသည် မိမိကိုယ်မိမိ သေကြောင်း ကြံစည်မှု များပြားသည်။ သို့သော်၂၀၀၈-၀၉ ခုနှစ်များတွင် စိုက်ပျိုးရေးသုံး ပစ္စည်းများ အသုံးပြု၍ သေကြောင်း ကြံစည်မှု များပြားပြီး ၂၀၀၉ နောက်ပိုင်းမှစ၍ အလွယ်တကူ ပိုရသည့် ဆေးဝါးများ အသုံးပြု၍ သေကြောင်း ကြံစည်မှု များပြားလာသည်ဟု ဆိုသည်။ “တစ်နှစ်နဲ့ တစ်နှစ်တော့ မတူဘူး။ ထူးထူးခြားခြား တောခြံစည်းရိုး ကြက်ဆူပင်တွေ စိုက်ကြတဲ့ နှစ်တွေမှာတော့ ကလေးတွေ ကျောင်းသွားရင်း ကြက်ဆူစေ့တွေ စားမိပြီး အဆိပ်သင့်တာတော့ ရှိခဲ့တယ်။ အသက်တော့ မသေခဲ့ကြပါဘူး” ဟု သုတေသနပညာရှင် တစ်ဦးက ပြောသည်။

အဆိပ်သင့်မှုများတွင် ဆေးဝါးများ ပါရာစီတမော အိပ်ဆေးများ၊ စိတ်ကျန်းမာရေးအတွက် အသုံးပြုသည့် ဆေးဝါးများ၊ ဘာမီတွန်ကဲ့သို့ ဆေးဝါးများ သောက်ခြင်း၊ ရက်လွန် အစားအသောက်များကြောင့် အဆိပ်သင့်ခြင်း၊ စိတ်ထွက်ပေါက်အဖြစ် အက်ဆစ်ကဲ့သို့သော စက်ရုံ၊ အလုပ်ရုံသုံး ပစ္စည်းများ သုံးခြင်းဖြင့် အဆိပ်သင့်ခြင်း၊ သောက်၍ မရသည့် အရက်များ သောက်ခြင်းကြောင့် အဆိပ်သင့်ခြင်းများ၊ ရေရှည် ခဲဆိပ်သင့်၍ အဆိပ်သင့်ခြင်းများလည်း ရှိကြောင်း သိရသည်။ အဆိပ်သင့်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာသည့် အခါ အချို့ဆေးဝါးများမှာ ပြန်အန်အောင် မလုပ်သင့်သည့် ဆေးများလည်း ရှိသဖြင့် နီးစပ်ရာ ဆေးခန်းသို့ သွားရောက် အကူအညီ တောင်းခံခြင်းသာလျှင် အကောင်းဆုံး ဖြစ်ကြောင်း သိရသည်။

“ဥပမာ-အက်ဆစ်တို့၊ ဆပ်ပြာတို့ သောက်ထားတဲ့ သူတွေဆိုရင်၊ နောက်တစ်ခုက ဓာတ်ဆီသောက်ထားတဲ့ သူတွေဆိုရင် ပြန်အန်အောင် လုပ်လိုက်ရင် ပိုပြီး အန္တရာယ် များနိုင်တဲ့အတွက် ကျွမ်းကျင် ဆရာဝန်ဆီသွားပြီး အကူအညီ တောင်းသင့်တယ်။ ချက်ချင်း အစာအိမ်လမ်းကြောင်းကနေ မဖယ်ထုတ်သင့်တာတွေလည်း ရှိတယ်”ဟု ဒေါက်တာရဲမြင့်က ပြောသည်။ ထိုကြောင့် အစာအိမ်လမ်းကြောင်းမှ ချက်ချင်း ဖယ်ရှားသင့်၊ မသင့်ကို ကျွမ်းကျင်ဆရာဝန်များသာ သိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ အဆိပ်သင့်ခြင်းနှင့် ပတ်သက်သည့် သတင်း အချက်အလက်များအား ဖုန်းနံပါတ် ၃၇၉၄၈၀ သို့ မေးမြန်းနိုင်ကြောင်း သိရသည်။

Peace Myanmar

No comments:

Post a Comment