Tuesday, November 13, 2012

လွှတ်တော်၌ ဖက်ဒရယ်သဘောထားကို တင်ပြဆွေးနွေးရန် တိုင်းရင်းသားပါတီများ စီစဉ်

http://www.myitmakhamediagroup.com/administratorpanel/image/12-11-12-10.jpg
တိုင်းရင်းသားများအား တစ်စုတစ်စည်းတည်း ဖြစ်စေရန်စုစည်းလိုသည့်  ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ လွှတ်တော်တွင်း တင်ပြဆွေးနွေး သွားမည်ဖြစ်ကြောင်း သဘောထားကြေငြာချက် ထုတ်ပြန်ခဲ့သည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF)က သိရသည်။

 
 
"ဖက်ဒရေးရှင်း(NBF)က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ အဖွဲ့ဝင်(၆)ပါတီနဲ့ လေ့လာနေတဲ့ ပါတီ (၇)ခုက စုပေါင်းအကြံပေးချက်တွေနဲ့ သဘောထားထုတ်ပြန်ခဲ့တာပါ။ ထုတ်ပြန်ချက်ကို လွှတ်တော်ကို လည်း တင်သွင်းတောင်းဆိုသွားဖို့ စီစဉ်ထားတယ်"ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါ်မြင့်မြင့်ဝေက ပြောသည်။
 
 
NBF (Nationalities Brotherhood Federation)၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကယန်း အမျိုးသားပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ပါဝင် ထုတ်ပြန်ခဲ့သော (၁၂)ကြိမ် မြောက် သဘောထားကြေငြာချက်ကို နိုဝင်ဘာ (၁၁)ရက်နေ့က ဗိုလ်အောင်ကျော်လမ်း၊ အိုလံပစ် တာဝါ၌ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်၍ သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
 
 
 
အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ယခင်ခေါ်ဆိုခဲ့သည့် NBF( Nationalities Brotherhood Form) အစား Nationalities Brotherhood Federation ဟု ပြောင်းလဲခေါ်ဝေါ်ခြင်း၊ ဖက်ဒရယ် စနစ် မှာ ခွဲထွက်ရေးမူ မဟုတ်ဘဲ ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲစေရန်နှင့် ဒီမိုကရေစီနိုင်ငံ တည်ထောင်ရန် အာဏာခွဲဝေ ပေးလိုခြင်းတို့ပါဝင်သည်။
 
 
 
အလားတူ လက်ရှိပြည်နယ်များ၏ အမည်နာမများ ပြောင်းလဲလိုသည့် အယူအဆများကိုလည်း လက်မခံခြင်းနှင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသည့် ပြသာနာများနှင့်ပတ်သက်၍ ပြည်ထောင်စု လုံခြုံရေးဟု သဘောထားခြင်းကြောင့် သတိကြီးစွာ ဖြေရှင်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းထားကြောင်းကိုလည်း သိရသည်။
 
 
 
တိုင်းရင်းသားပြည်သူများ တန်းတူအခွင့်အရေးရရှိရေး၊ ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရန်အတွက် ဖက်ဒရယ်စနစ်အား ကျင့်သုံးနိုင်ရန် နိုင်ငံတော်အစိုးရ နှင့်တကွ သက်ဆိုင်ရာတာဝန်ရှိသူများအား သိရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ ထပ်မံ၍ သဘောထားထုတ်ပြန်ရခြင်းဖြစ်ကြောင်း NBF အဖွဲ့ဝင်ပါတီများက ဆိုသည်။
 
 
နိုင်ငံတော်အစိုးရကိုလည်းသိစေချင်တယ်၊ နိုင်ငံတော်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေ အားလုံး ကိုလည်း သိစေချင်တယ်၊ အသိပေးစေချင်တဲ့ သဘောပါ။ဟု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ဒုတိယဥက္ကဌ မန်းအောင်ပြည်စိုးက ပြောသည်။
 
 
အဆိုပါ ဖက်ဒရယ်စနစ်နှင့် ပတ်သက်သည့် သဘောထားထုတ်ပြန်ချက်ကို လေ့လာသည့် ပါတီဝင်များကလည်း ကြိုဆိုလက်ခံပြီး ဖက်ဒရယ်စနစ်သည် ခွဲထွက်ရေးမူမဟုတ်ဘဲ တိုင်းရင်း သားများပြန့်ကျဲနေခြင်းကို တစ်စုတစ်စည်းတည်းဖြစ်စေလိုခြင်းကြောင့် အဆိုပါစနစ်ကိုကျင့် သုံးလိုခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
 
 
ဒီလို ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်တာကို လေ့လာရသလောက် ဒါက ကောင်းပါတယ်၊ ဘာလို့လဲ ဆိုတော့ ပြန့်ကျဲနေတဲ့ တိုင်းရင်းသားတွေကို တစ်စုတစ်စည်း တည်းဖြစ်အောင်၊  နိုင်ငံတော်တည်ဆောက်ရေးအတွက်လည်း ဖက်ဒရယ်မူဟာ မဖြစ်မနေ လိုအပ်တာ ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ဗဟိုကော်မတီဝင် ဦးကျော်ညွှန့်က ပြောသည်။
 
 
အဆိုပါ ဆွေးနွေးပွဲသို့ လေ့လာသည့် ပါတီများအနေဖြင့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးရေးပါတီ၊ ပအိုင်းအမျိုးသား အဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီနှင့် ၀ ဒီမိုကရက် တစ်ပါတီတို့လည်း တက်ရောက်ခဲ့ကြသည်။

မြစ်မခ - သတင်းဌာန
http://www.myitmakhamediagroup.com/administratorpanel/image/12-11-12-10.jpg
 

No comments:

Post a Comment