Tuesday, November 27, 2012

 International Cirsis Group က သမ္မတ ဦးသိန်းစိန်ကို In Pursit of Peace ဆုတံဆိပ်ချီးမြှင့်မည်ဟုထုတ်ပြန်



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် အား International Cirsis Group (ICG) က In Pursit of Peace ဆုတံဆိပ် ချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ICG သည် နှစ်စဉ် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့် လုံခြုံဘေးကင်းရေးအတွက် အား ထုတ်ကြိုး ပမ်းရာတွင် ထင်ရှားသူများကို ချီးမြှင့်ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင် သမ္မတဦးသိန်းစိန်နှင့် ဘရာဇီးသမ္မတဟောင်း
လူလာဒါဆေးလ်းဗားတို့ကို ချီးမြှင့်မည်ဖြစ်သည်။
သမ္မတနှစ်ဦး၏ အမြော်အမြင်ရှိသော ဦးဆောင်မှုသည် လူသန်းပေါင်းများစွာ၏ ဘ၀တို့ကို ပြောင်းလဲသွားစေခဲ့ပြီး ပဋိပက္ခမဲ့ ကမ္ဘာဖြစ်လာစေရေး နီးစပ်လာစေခဲ့သည်ဟု ICG က ဖော်ပြသည်။
သမ္မတဦးသိန်းစိန်နှင့် ပတ်သက်ပြီး ICG က ဖော်ပြထားသည်မှာ “၂၀၁၁ ခုနှစ် မတ်လတွင် ရာထူးရယူစဉ်ကစပြီး သမ္မတဦးသိန်းစိန်သည် ခိုင်မာပြီး အမြော်အမြင်ရှိသော ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများဖြင့် သူ့နိုင်ငံ၏ သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆောင်ခဲ့သည်။ မြန်မာအစိုးရ၏ နိုင်ငံရေး အတိုက်အခံများ၊ လူနည်းစု လူမျိုးစုများ၊ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းတို့နှင့် ဆက်ဆံရေး မြှင့်တင်ရန် သူ၏ခေါင်းဆောင်မှုက ဆုံးဖြတ်ချက်ခိုင်မာသော လုပ်ဆောင်ချက်များကို ဖန်တီးနိုင်ခဲ့သည်။ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများရှိခဲ့သော ဆယ်စုနှစ်များစွာ ကြာမြင့်သည့် ပဋိပက္ခကို အဆုံးသတ်စေရန် ခြေလှမ်းကျဲကျဲ လှမ်းနိုင်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှအပ အခြားအဖွဲ့များနှင့် အပစ်အခတ်ရပ်ဆဲရန် သေချာစေခဲ့သည်။ ယခုအချိန်တွင်လည်း ကချင်နှင့် မကြာမီ သဘောတူညီချက်ရရန် မျှော်လင့်ချက် ရှိလာခဲ့သည်။
“ကမ္ဘာ့နေရာ အများအပြားမှာ လမ်းကြောင်းမှားပေါ် ဦးတည်နေတဲ့အချိန်မှာ မြန်မာနဲ့ဘရာဇီးဟာ သူတို့တိုင်းပြည်တွေအတွက် ပိုကောင်းတဲ့ လမ်းပေါ်ရောက်အောင် လုပ်ကိုင်ပေးနေတဲ့ သမ္မတတွေရှိတဲ့ စံနမူနာပြအဖြစ် ရပ်တည်နေပါတယ်” ဟု ICG သဘာပတိ သောမတ်စ် အာရ်ပစ်ကားရင်းက ပြောကြားခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံသည် နိုင်ငံရေးလစ်ဘရယ်ပြုမှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်းကိုလည်း ICG က သုံးသပ်ထားသည်။ ရခိုင်နှင့် ရိုဟင်ဂျာ အရေးကိုလည်း အဖြေချက်ချင်းရှာရန် လိုနေသည်ဟု ICG ကသုံးသပ်ပြီး လူ့အသက်များ ပျက်စီးဆုံးရှုံးမှု များစွာဖြစ်စေပြီး အထူးသဖြင့် လူနည်းစု မွတ်စလင်အသိုင်းအ၀ိုင်းတွင် ပိုမိုပျက်စီး ဆုံးရှုံးမှုများသည်ဟုလည်း ICG က ဖော်ပြထားသည်။
နယူးယောက်မြို့ရှိ ပီယာဟိုတယ်တွင် လာမည့် ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြုလုပ်မည်ဖြစ်သည်။ ICG က ချီးမြှင့်သည့်ဆုကို ယခင်က ရရှိခဲ့ဖူးသူများမှာ အမေရိ ကန်သမ္မတများ ဖြစ်ကြသည့် ဂျော့အိပ်ခ်ျဒဗလျူဘုရှ်၊ ၀ီလျံဂျက်ဖာဆင် ကလင်တန်၊ လိုက်ဘေးရီးယား သမ္မတနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အယ်လင်ဂျွန်ဆင်ဆာလိဖ်၊ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မာတီအာတီဆာရီး၊ အမေရိကန်အထက်လွှတ်တော်အမတ် ဂျော့ခ်ျမစ်ချယ်တို့လည်း ပါဝင်သည်။

Eleven Media Group

No comments:

Post a Comment