Thursday, November 22, 2012

မတရား ဖမ်းဆီးထောင်ချခံရ ရခိုင်အမျိုးသမီး လွတ်မြောက်ရေး RWU မှ သမ္မတဦးသိန်းစိန်ထံ စာရေး တောင်းဆို


http://www.narinjara.com/burmese/wp-content/uploads/2012/11/RWU.jpg

ထောင် (၂) နှစ် ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ် မောင်တောမြို့မှ ရခိုင်အမျိုးသမီး တစ်ဦးအား ချွင်းချက်မရှိ ပြန်လွှတ်ပေးပါရန် ရခိုင်အမျိုးသမီး အစည်းအရုံး ( RWU) က သမ္မတကြီး ဦးသိန်း စိန်ထံ စာရေး မေတ္တာရပ်ခံလိုက်သည်။ဒက္ကားမြို့ အခြေစိုက် ရခိုင်အမျိုးသမီး အစည်းအရုံး အနေဖြင့် အဆိုပါ ဒေါ်မသိန်းဆိုသူ အမျိုးသမီး
လွှတ်မြှောက်ရေး အတွက် သမ္မတကြီး ဦးသိန်းစိန်ထံသို့  ယခင်က (၂) ကြိမ်ကြိမ်တိတိ စာရေး တောင်းဆို သော်လည်း သမ္မတ၏ လွှတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်လာသေး သဖြင့် နိုဝင်္ဘာလ ၂၁ ရက်နေ့က တတိယ အကြိမ်မြှောက် စာရေးတောင်းဆိုလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
သမ္မတကြီး ဦးသိန်းစိန်၏ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် နိုဝင်္ဘာလ ၁၉ ရက်နေ့က အကျဉ်းသား ၆၆ ဦးကို နောက်ထပ် လွှတ်ပေးခဲ့သည်။
ဒေါ်မသိန်းသည် မောင်တောမြို့မှ အမျိုးသမီးငယ် တစ်ဦးအား ဒက္ကားမြို့ရှိ ရခိုင်အမျိုးသမီးများ အစည်းအရုံးသို့ ပညာသင်ကြားရန်အတွက် ပို့ဆောင်မူကြောင့် လူကုန်ကူးသည်ဟု စွပ်စွဲကာ ယခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့က ဖမ်းဆီးခံရပြီး မောင်တော မြို့နယ် တရားရုံးမှ ထောင် (၂) နှစ် ချမှတ်ခဲ့သည်။
ဒေါ်မသိန်းသည် လူကုန်ကူးသူ အမျိုးသမီး တစ်ဦး မဟုတ်ဘဲ လူမူရေး အရ အမျိုးသမီးငယ်ကို ကူညီရာမှ ဖမ်းဆီး ထောင်ချခံရသူ ဖြစ်သဖြင့် ယခုလို သူမ လွှတ်မြောက်ရေး အတွက် တောင်းဆို ရခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသမီး များ အစည်းအရုံးမှ ရုံးအုပ်ချုပ်ရေးမှူး ဖြစ်သူ မစောအသိန်းက နိရဉ္စရာသို့ပြော သည်။
“ဒေါ်မသိန်းက အကျွန်တို့ အဖွဲ့ အစည်းနဲ့လည်း ဆက်စပ်မှု မရှိပါ။ နိုင်ငံရေးထဲမှာလည်း ပါဝင် ပတ် သက်သူ မဟုတ်ပါဘူး။ သက်သေ အထောက်အထားလည်း မရှိဘဲနဲ့ လုပ်ကြံဖန်တီးပြီး ထောင်ချ ခံရတဲ့ အတွက် သူမ လွှတ်မြောက်ရေး အတွက် သမ္မတကြီးဆီကို စာရေး တောင်းဆိုရတာပါ” ဟု ဆိုသည်။
ဒေါ်မသိန်း အဖမ်းခံရခြင်းမှာ မတော်မတရား သွားရောက် တိုင်တန်းရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သူမက ဆက်ပြောသည်။
“ ဖြစ်ပုံကဒီလိုပါ။ မခင်မြတ်ဆိုတဲ့ မောင်တောက ၁၀တန်းအောင်တဲ့ အမျိုးသမီးငယ် တစ်ဦးက ဒက္ကားမှာရှိတဲ့ အကျွန်တို့ဆီကို လာပြီး ပညာဆည်းပူးချင်တယ် ဆိုပြီး ဒေါ်မသိန်းကို အကူအညီ တောင်းရာကနေ ဒေါ်မသိန်းက ကူညီပေးတာ ဖြစ်ပါတယ်။ အဲသလို လာတာကို သူမရဲ့ ပထွေး ဖြစ်သူက မသိလိုက်ဘူး။ အဲဒါကို မကျေနပ်ရာကနေ အာဏာပိုင်တွေကို လူမှောင်ခို ကူးတယ်။ ပြည်ပမှာရှိတဲ့ တရားမ၀င် အမျိုးသမီး အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး တိုင်ကြားတဲ့ အတွက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဒေါ်မသိန်းသည်  အသက်(၈၀) အရွယ် မသန်စွမ်းသူ မိခင်နှင့်  (၁၁) အရွယ် သမီးငယ် တဦးတို့အား တဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့သို့  ပတ်စ်ပို့ဖြင့် သွားလာ၍ နေ့တဓူဝ ရုန်းကန်ပြီး  ကျွေးမွေးနေသူ တဦးဖြစ်သည်ဟု သိရသည်။ ယခု အခါ ဒေါ်မသိန်း မိသားစုမှာ အထူး အခက်အခဲ ဖြစ်နေကြရသည်ဟု သိရသည်။

Ref: နိရဉ္စရာသတင်း
http://www.narinjara.com/burmese/wp-content/uploads/2012/11/RWU.jpg
RWU အဖွဲ့ဝင်များ ဒက္ကားတွင် ဒီမိုကရေစီရေး အတွက် ဆန္ဒပြနေကြစဉ်။


No comments:

Post a Comment