သမ္မတအိုဘားမား မြန်မာနိုင်ငံကို မလာခင်အချိန်လေးအတွင်းမှာ သူလာရင်
ဘာတွေများ ပြောလိုက်လေဦးမလဲဆိုပြီး ကိုယ့်ဟာကိုယ် တွေးပူနေခဲ့ကြတဲ့
လူစုနှစ်စု ကိုယ်တို့ နိုင်ငံမှာရှိခဲ့ပါတယ်။ပထမလူတစ်စု စိတ်ပူမိတဲ့
အချက်ကတော့ ကိုယ့်နိုင်ငံက အကြီးအကဲ အမေရိကားရောက်တုန်းက ပြောသွားခဲ့တဲ့
ဒုတိယလူစုကတော့ 'အခုလို ပြုပြင်ပြောင်းလဲမှုမျိုး ဖြစ်ပေါ်လာရတာဟာ
သူတို့အလိုလို စိတ်ကောင်းဝင်ပြီး လမ်းဖွင့်ပေးခဲ့လို့ ရလာတာ
မဟုတ်ဘူး၊ဒါတွေအားလုံးဟာ သွေးနဲ့ချွေးနဲ့ ဘ၀နဲ့ရင်းပြီး အနစ်နာခံ
တိုက်ယူနိုင်လို့ ရလာခဲ့တာဖြစ်တယ်၊ အခုလည်း ပြောင်းလဲလာပြီဆိုပေမယ့်
တကယ်အရေးကြီးတဲ့အချက်တွေ ဘာမှပြောင်းလဲသေးတာမဟုတ်ဘူး၊ အဲဒါတွေ
မြန်မြန်ဆက်ပြောင်း လဲလာအောင် လုပ်ဖို့ဆိုတာကလည်း သမားရိုးကျနည်းနဲ့တော့
လုပ်ယူလို့ ရနိုင်မယ်မထင်ဘူး'ဆိုပြီး အဲဒီစကားလုံးတွေအတိုင်း
အတိအကျမဟုတ်တောင်မှ အဲဒီသဘောမျိုး ပြောလိုက်လေမလားဆိုပြီး စိတ်ပူနေခဲ့ကြတဲ့
လူတစ်စုပါပဲ။
ဒါပေမယ့် တကယ်တမ်း သမ္မတအိုဘားမား လာတဲ့အခါမှာတော့ 'မြန်မာနိုင်ငံထဲမှာ
နောက်ကြောင်း ပြန်လှည့်လို့ မရနိုင်တော့တဲ့ အရာတစ်ခုကတော့ ဖြစ်နေပြီ။
ပြည်သူတွေရဲ့စိတ်ဆန္ဒက ဒီနိုင်ငံကို ဆွဲတင်ပြီး မြန်မာနိုင်ငံရဲ့
ပြုပြင်ပြောင်းလဲမှုကို ကမ္ဘာမှာစံထားရမယ့် ဥပမာတစ်ခု ဖြစ်လာအောင်
လုပ်နိုင်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်'လို့ ပြောသွားခဲ့တာကို
တွေ့ရပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံကြီးတစ်နိုင်ငံရဲ့
သမ္မတတစ်ယောက်က ကိုယ်တို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဟာ အောင်မြင်ရုံမက
ကမ္ဘာကပါ စံထားရမယ့်အထိ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခဲ့တာတောင်မှ
ကိုယ်တို့နိုင်ငံထဲက လူတွေကတော့ ကိုယ့်အချင်းချင်း မယုံနိုင်ကြသေးတာကို
တွေ့နေရပါတယ်။ လူတိုင်းလူတိုင်းမှာ ချစ်စိတ်၊ မုန်းစိတ်၊ ကြောက်စိတ်၊
ရက်စက် ညှဉ်းပန်းလိုစိတ်၊ မယုံသင်္ကာစိတ်ဆိုတာတွေဟာ ရှိကြစမြဲပါ။ ဒီလို
တစ်ဦးအပေါ်တစ်ဦး တစ်ဖက်အပေါ် တစ်ဖက်အပြည့်အ၀ မယုံကြည်နိုင်ကြတာကို
အဆန်းလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် နှစ်ဖက်စလုံးက တစ်ဖက်အပေါ်တစ်ဖက်
ဒီလိုယုံကြည်ချင်စရာမကောင်းတဲ့ အချက်တွေကိုချည်း အမြဲလိုလို စဉ်းစားနေကြမယ်
ဆိုရင်တော့ တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းလာနိုင်စရာ လမ်းစမမြင်ပါဘူး။
ဖြူအောင် ဖွပ်နေရတာပါလို့ ပြောပြီး ဖွပ်နေရင်းနဲ့ တိုင်းပြည်ဟာ ဖွပ်သထက်
ညစ်လာတာကိုပဲ တွေ့ရမှာပါ။
|
တစ်ယောက်အပေါ်တစ်ယောက် အပြန်ပြန်အလှန်လှန် ယုံကြည်လာနိုင် အောင် တစ်ယောက်ယောက်က အရင်စပြီးယုံကြည်ပြဖို့ အထူးလိုပါတယ်။ အဲဒီလိုစပြီး ယုံပြနိုင်တဲ့လူတွေကို နိုင်ငံ့အပေါ်မှာ တကယ်စေတနာထားနိုင်တဲ့ လူတွေအဖြစ် သမိုင်းစာမျက်နှာပေါ်မှာ နောင်လာနောက်သားတွေက မြင်ကြရမှာပါ။ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ဘဲနဲ့တော့ ဘာဆိုဘာမှ လုပ်လို့ရမှာမဟုတ်ပါဘူး..... |
ခုချိန်မှာ တစ်ယောက်ကို တစ်ယောက် တစ်ဖွဲ့ကို
တစ်ဖွဲ့မယုံကြည်နိုင်ခြင်းဟာ ကိုယ်တို့နိုင်ငံရဲ့ နံကြားမှာ စူးဝင်နေတဲ့
အဆိပ်လူးမြားတစ်ချောင်းနဲ့ သဏ္ဌာန်တူနေပါတယ်။ ဒီမြားကို နုတ်ပစ်ဖို့
မစဉ်းစားဘဲ အဆိပ်တွေထပ်လူးချင်နေတယ်ဆိုရင်တော့ ကိုယ့်နိုင်ငံကိုကိုယ်
နဂါးပွက်အိုင်ထဲ တွန်းချလိုက်သလို ဖြစ်သွားပါလိမ့်မယ်။
တစ်ယောက်အပေါ်တစ်ယောက် အပြန်ပြန်အလှန်လှန် ယုံကြည်လာနိုင် အောင်
တစ်ယောက်ယောက်က အရင်စပြီးယုံကြည်ပြဖို့ အထူးလိုပါတယ်။ အဲဒီလိုစပြီး
ယုံပြနိုင်တဲ့လူတွေကို နိုင်ငံ့အပေါ်မှာ တကယ်စေတနာထားနိုင်တဲ့ လူတွေအဖြစ်
သမိုင်းစာမျက်နှာပေါ်မှာ နောင်လာနောက်သားတွေက မြင်ကြရမှာပါ။
တစ်ယောက်ကိုတစ်ယောက် မယုံကြည်ဘဲနဲ့တော့ ဘာဆိုဘာမှ
လုပ်လို့ရမှာမဟုတ်ပါဘူး။ အခုတစ်လော ကိုယ့်နိုင်ငံဟာ ပြဿနာကြီးတွေနဲ့
ရင်ဆိုင်နေရပါတယ်။ အဲဒီအထဲက တစ်ခုကတော့ လူတွေ ဘာလုပ်လုပ် အဆင်မပြေကြတဲ့
ကိစ္စပါပဲ။ ကိုယ်တို့နိုင်ငံမှာ မိုးခေါင်လို့ရော အချိန်အခါမဟုတ်
မိုးရွာလို့ရော၊ သီးနှံဈေးမကောင်းလို့ရော တောင်သူတွေ လယ်သမားတွေ
ဒုက္ခကြုံနေခဲ့ရတာ အခုနှစ်ပါဆိုရင် သုံးနှစ်ရှိပါပြီ။ ကိုယ့်နိုင်ငံက
ဆန်နဲ့သီးနှံတွေ လှိုင်လှိုင်ထွက်တဲ့နှစ် ဆန် ဈေးပဲဈေးကောင်းတဲ့ နှစ်တွေကို
ပြန်သတိရမိပါတယ်။ အဲဒီလိုနှစ်မျိုးတွေမှာ နိုင်ငံရဲ့ ၇၀
ရာခိုင်နှုန်းကျော်ရှိတဲ့ လူတွေရဲ့လက်ထဲမှာ ငွေရွှင်ကြပါတယ်၊ ရွှေဆိုင်တွေ
ရောင်းကောင်းကြပါတယ်၊ လူသုံးကုန်ပစ္စည်း မျိုးစုံရောင်းတဲ့ဆိုင်တွေ
ရောင်းကောင်း ကြပါတယ်၊ မုန့်ဟင်းခါးဆိုင် အကြော်ဆိုင် လက်ဖက်ရည်ဆိုင်၊
အအေးဆိုင် ကအစ စားသောက်ဆိုင်အားလုံး လက်မလည်အောင် ရောင်းကောင်းပြီး
ပိုက်ဆံသုံးရတဲ့နေရာတိုင်းမှာ လူစည်နေတာကို တွေ့ရပါတယ်။
နိုင်ငံတစ်နိုင်ငံအတွက် မူလပထမ အရေးကြီးဆုံးလိုအပ်ချက်က လူတွေအားလုံး
ချောင်လည်နေဖို့ပါပဲ။ ငွေရတဲ့အလုပ်ကို လုပ်နေရရင် လူတွေကို တခြားဘယ်နေရာ
ဘာအလုပ်ကို လုပ်ခိုင်းလုပ်ခိုင်း သွားလုပ်ကြမှာ မဟုတ်ပါဘူး။ ဒီအကြောင်းကို
ပြောရင်းနဲ့ ဂျပန်နိုင်ငံကို ခဏရောက်သွားခဲ့တုန်းက
ကြုံတွေ့ရတာလေးတစ်ခုအကြောင်း ပြန်သတိရမိပါတယ်။ မှတ်မှတ်ရရ ဂျပန်ကို
ရောက်သွားတဲ့ အချိန်က သူတို့နိုင်ငံရဲ့ နွေရာသီဖြစ်တဲ့ သြဂုတ်လထဲမှာပါ။
နေ့လယ် မွန်းတည့် ၁၂ နာရီအချိန်လောက် တိုကျိုမြို့လယ်ခေါင်မှာ မာရသွန်
အပြေးပြိုင်ပွဲ ကျင်းပနေတာကို တွေ့ခဲ့ရပါတယ်။ လူလတ်ပိုင်းအရွယ်
အမျိုးသားတွေဟာ ဘောင်းဘီတိုနဲ့ စွပ်ကျယ်အင်္ကျီ ချိုင်းပြတ်တွေဝတ်ပြီး
လမ်းမတွေပေါ်မှာ ပြေးနေကြပါတယ်။ နဖူးမှာလည်း အပြာအနီ အ၀ါအစရှိတဲ့
ရောင်စုံနဖူးစည်းတွေကို စည်းထားကြလို့။ လမ်းဘေးမှာ ရပ်ထားတဲ့
ကားတစ်စီးပေါ်ကလည်း အသံချဲ့စက်နဲ့ အော်ပြီး သူတို့ကို အားပေးနေတာကို
တွေ့ရပါတယ်။ ကိုယ်လည်း အဆောက်အဦတစ်ခုပေါ်ကနေ သူတို့ကို လှမ်းကြည့်ရင်း
ဒီလို မာရသွန်အပြေးပြိုင်ပွဲတွေကို တိုကျိုမှာ မကြာခဏ
လုပ်လေ့လုပ်ထရှိသလားလို့ ကိုယ့်ဂျပန်မိတ်ဆွေကို မေးကြည့်မိပါတယ်။
အဲဒီအခါမှာ သူကကိုယ့်ကို ပြန်ပြုံးကြည့်ရင်း အဲဒီလူတွေဟာ
မာရသွန်ပြိုင်ပွဲကို ၀င်ပြေး နေကြတာ မဟုတ်တဲ့အကြောင်း၊ အစိုးရရော
ပုဂ္ဂလိကပါ ရုံးပေါင်းစုံက ရုံးဝန်ထမ်းတွေဖြစ်ကြပြီး နေ့လယ်ထမင်းစားဖို့
ရုံးအားလပ်ချိန်ပေးထားတဲ့ အချိန်လေးမှာ နေကလည်းသာ ၀ါသနာကလည်းပါလို့
ကျန်းမာရေးအရ ပြေးနေကြတာ ဖြစ်တဲ့အကြောင်းနဲ့ အသံချဲ့စက်နဲ့ အော်နေတဲ့
လူတွေကတော့ ဆန္ဒပြနေတာဖြစ်တဲ့အကြောင်း ကိုယ့်ကိုရှင်းပြပါတယ်။
အဲဒီဆန္ဒပြနေသူတွေဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်ပိုင် ကျွန်းသုံးကျွန်းကို
ရုရှားက သိမ်းယူထားတဲ့ ကိစ္စနဲ့ပတ် သက်ပြီး မကျေနပ်ကြလို့ လက်ရှိ
အာဏာရအစိုးရကို 'တစ်ခုခုထလုပ်ပါတော့လား
ဒီအတိုင်းပဲငြိမ်နေတော့မှာလား'ဆိုပြီး အသံချဲ့စက်နဲ့အော်ပြီး
ဆန္ဒပြနေကြတာပါ။ ဒါပေမယ့် သတ်မှတ်ထားတဲ့ လမ်းပေါ်က သတ်မှတ်ထားတဲ့နေရာမှာ
အသံချဲ့စက်နဲ့ နေ့လယ်ထမင်းစားချိန်လောက်မှာပဲ အော်ခွင့်ရှိတဲ့အကြောင်း
ကိုယ့်မိတ်ဆွေက ကိုယ့်ကိုရှင်းပြပါတယ်။ လူတွေကလည်း အဲဒီအော်နေသံတွေကို
သိပ်စိတ်ဝင်စားကြပုံမရပါဘူး။ စိတ်မ၀င်စားဆို နေ့လယ်ထမင်းစား
အလုပ်နားချိန်ကုန်ရင် အရေးတကြီးဆက်လုပ်ရမယ့် လုပ်စရာတွေကလည်း
အများကြီးရှိနေသေးတာကိုး။
ဒါ့ကြောင့် နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားတွေ ငွေရွှင်တဲ့အလုပ်တွေ
ကိုယ်စီကိုယ်ငှရှိနေကြဖို့၊ဘ၀ရပ်တည်ရေးအတွက် အခွင့်အလမ်းသာတဲ့အလုပ် တွေကို
အေးအေးချမ်းချမ်းလုပ်နေနိုင်ကြဖို့ သိပ်အရေးကြီးတယ်ဆိုတာကို ဂျပန်ကအပြန်မှာ
သဘောပေါက်လာရပါတယ်။ ကိုယ့်နိုင်ငံ အဲဒီလို ဖြစ်အောင်ကိုယ်တို့တစ်တွေ
အရင်ဆုံးလုပ်ရမှာပါ။ အရင်လုပ်ရမယ့် အလုပ် နဲ့နောက်မှ လုပ်ရမယ့်အလုပ်ကိုလည်း
ရောထွေး မနေစေချင်ပါဘူး။
ဒီအကြောင်းပြောရင်းနဲ့ ငယ်စဉ်တုန်းက ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကား
တစ်ကားကိုလည်း သွားသတိရမိပါတယ်။ ပထမကမ္ဘာစစ်အတွင်းမှာ တူရကီတွေဟာ အခုလက်ရှိ
ဂျော်ဒန်နိုင်ငံရဲ့ ပင်လယ်ဆိပ်ကမ်း မြို့ဖြစ်တဲ့ အက္ကဘာ (Aqaba) ကို
သိမ်းယူထားတယ်။ အီဂျစ်မှာ အခြေစိုက်ထားတဲ့ ဗြိတိသျှတပ်တွေအနေနဲ့ကလည်း
အက္ကဘာခံတပ်ကို သိမ်းယူနိုင်မှ အခု ဆော်ဒီအရေးဗီးယားလို့ခေါ်တဲ့ နယ်မြေထဲက
အာရပ်တော်လှန်ရေးတပ်ဖွဲ့တွေကို လက်နက်ခဲ ယမ်းနဲ့ ရိက္ခာတွေ အလွယ်တကူ
ထောက်ပံ့နိုင်မှာဖြစ်တယ်။ ဒါကိုသိတဲ့ တူရကီတွေက ရေကြောင်းက လာတိုက်မယ့်
ဗြိတိသျှတပ်တွေကို ခုခံဖို့ အက္ကဘာမှာရှိတဲ့ အမြောက်ကြီးတွေကို
ပင်လယ်ဘက်လှည့်ချိန်ထားကြတယ်။ ဒီအမြောက်ကြီးတွေဟာ ပင်လယ်ထဲက
သင်္ဘောတွေကိုပစ်ဖို့ ဘယ်ညာလှည့်နိုင်ပေမယ့် အနောက်ဘက်ကိုတော့
ပြန်မလှည့်နိုင်ဘူး။ မလှည့်နိုင်အောင်လုပ်ထားဆို သဲကန္တာရပြင်ကျယ်ကြီးကို
ဖြတ်ပြီး ခံတပ်နောက်ဘက်ကို ရောက်အောင်ဘယ် ရန်သူမှလာနိုင်မှာ မဟုတ်တဲ့အပြင်
လာချင်လို့ လာခဲ့တောင်မှ ဒီသဲကန္တာရကြီးထဲမှာ လူရောကုလားအုပ်ပါ ရေငတ်သေတာသာ
အဖတ်တင်မယ် ဆိုတာကို တူရကီတွေသိထားကြလို့ပါပဲ။
ဒါပေမယ့် ဗြိတိသျှစစ်ဗိုလ်တစ် ယောက်နဲ့ စုပေါင်းစပ်ပေါင်း
အာရပ်တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရပြင်ကျယ်ကြီးကို ရက်ပေါင်းများစွာ
ခရီးရှည်ဖြတ်သန်းချီတက်ပြီး မရောက်နိုင်ဘူးလို့ထင်ရတဲ့
အဲဒီခံတပ်နောက်ကျောဘက်ဆီကို တစ်ညမှာ ရောက်လာကြတယ်။
သူတို့တစ်တွေစခန်းချတဲ့နေရာကနေ လှမ်းကြည့်ရင် အက္ကဘာခံတပ်က
မီးရောင်တွေကိုတောင် လှမ်းမြင်နေရပါပြီ။ မနက်အရုဏ်ဦးမှာ စခန်းကို အလွယ်တကူ
ဝင်စီးနိုင်တော့မှာပါ။ ဒါပေမယ့် အဲဒီညသန်းခေါင်ယံအချိန်မှာပဲ အာရပ်တပ်
ဖွဲ့တွေ စခန်းချထားတဲ့နေရာ အလယ်ခေါင်ထဲကနေ ကျယ်လောင် မြည်ဟည်းတဲ့
သေနတ်သံတစ်ချက် ထွက်ပေါ်လာပါတယ်။ အာရပ်တော်လှန် ရေးတပ်သားတစ်ဦးဟာ
သူဂလဲ့စားချေရမယ့် တခြားအာရပ်မျိုးနွယ်စု ၀င် တော်လှန်ရေးတပ်သားတစ်ဦးကို
ညနေက အမှတ်မထင်တွေ့လိုက်ရပါတယ်။
အဲဒါညမှောင်တဲ့ထိအောင် စောင့်ပြီးမှ အနီးကပ် ရိုင်ဖယ်သေနတ်နဲ့
ပစ်သတ်လိုက်လို့ အခုလိုသေနတ်သံ ထွက်ပေါ်လာရတာပါပဲ။ သူ ကတော့ သူကိုယ်တိုင်
အသက်အသေခံပြီး လက်စားချေရမယ့်လူကို လက်စားချေခွင့်ရသွားလို့ ကျေနပ်နေမှာ
ဖြစ်ပေမယ့် အာရပ်တော်လှန်ရေး လင်းရောင်ခြည်ကတော့ ဒီသေနတ်သံတစ်ချက်ကြောင့်
မှုန်ဝါးလွင့်ပြယ်သွားခဲ့ရပါပြီ။ ဘာ့ကြောင့်လဲဆိုတော့ ဒီသေနတ်သံကို
ခံတပ်ကတူရကီကင်းစောင့်တပ်သားတွေ ကြားသွားရင်အမြောက်တွေကို
နောက်ပြန်မလှည့်နိုင်တောင်မှ စက်သေနတ်တွေအားလုံးကို ညတွင်းချင်း
နောက်ဘက်ပြန်လှည့်ထားပြီး မိုးမလင်းခင်မှာ ခံတပ်တစ်ခုလုံး အသင့်
နေရာယူထားကြတော့မှာမို့ပါပဲ။
ဒီဇာတ်ကားကို သတိရရင်း ကိုယ့်နိုင်ငံက လူအုပ်စုတွေရော အဖွဲ့အစည်းတွေပါ
အဓိကသွားရမယ့် လမ်းကြောင်းကို မေ့သွားပြီး ရုပ်ရှင်ဇာတ်ကားထဲက
အာရပ်တော်လှန်ရေး ရဲဘော်ရဲ့တွေးခေါ်ပုံအတိုင်း တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့
အာဃာတကိုသာ ဆက်ရှေ့တန်းတင်နေကြမှာကို စိုးရိမ်မိပါတယ်။ ဒီလိုစဉ်းစားရင်းနဲ့
ဆရာတော်တစ်ပါး ဟောကြားခဲ့တဲ့ တရားတစ်ပုဒ်ကိုလည်း သွားသတိရမိပါတယ်။
အဲဒီဆရာတော် ဟောကြားခဲ့တဲ့ တရားကတော့ ပိတုန်းတစ်ကောင်ဟာ မြွေတစ်ကောင်ရဲ့
ဦးခေါင်းကိုတုပ်ထားတယ်။ ဘယ်လိုခါချခါချ မလွှတ်ဘူး။ အဲဒီတော့
မြွေကပိတုန်းကို 'မင်းတော့လား သိစေရမယ်'လို့ ကြုံးဝါးပြီး လှည်းလာနေတဲ့
လှည်းလမ်းကြောင်းပေါ်မှာ ခေါင်းထိုးခံလိုက်တယ်။ ပိတုန်းဟာ လှည်းဘီးစာမိပြီး
စိစိညက်ညက်ကျေသွားပါတယ်။ ဒါပေမယ့် မြွေလည်း အသက်ဆုံးရှုံးသွားရတာပါပဲ။
ဒါ့ကြောင့် ကိုယ့်နိုင်ငံက လူတွေရဲ့ ရင်ထဲကို 'မင်းတော့လား
သိစေရမယ်'ဆိုတဲ့ အတွေးမျိုး ၀င်မလာပါစေနဲ့လို့ ဆုတောင်းနေရပါတယ်။ ဒီစိတ်တွေ
ဝင်အလာခံမယ့်အစား အသက်ရှူ ရပ်လုမတတ်ဖြစ်ပြီး ပိတ်လှောင်မွန်းကျပ်နေတဲ့
တောင်သူ လယ်သမားတွေရဲ့ဘ၀တွေ နာလန်ထူလာအောင် ဘယ်လိုလုပ်ရမလဲ။ ဥပမာပြောရရင်
သူတို့ဆီကို သတင်းအချက်အလက်မျိုးစုံ ချက်ချင်းရောက်သွားစေနိုင်တဲ့
နည်းလမ်းတွေက ဘာတွေဖြစ်နိုင်မလဲ ဆိုတာမျိုးတွေကိုသာ ၀ိုင်းဝန်းရှာဖွေ
စဉ်းစားသင့်ကြပါတယ်။ ဒါမှသာ ကိုယ်တို့တစ်တွေ နေပူခံရေ ငတ်ခံပြီး နှစ် ၅၀
ဖြတ်သန်းလာခဲ့ရတဲ့ သဲကန္တာရကြီးထဲကို ကိုယ်တို့ ကလေးတွေ နောက်တစ်ခါ ထပ်ပြီး
ဖြတ်သန်းနေကြရတဲ့ အဖြစ်မျိုးနဲ့ မကြုံကြတော့မှာဖြစ်တယ်။
၁၉၆၄ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့တဲ့(Lawrence of Arabia) လို့
အမည်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ လောရင့်စ်နဲ့ စုပေါင်းစပ်ပေါင်း
အာရပ်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ကံကောင်းထောက်မပြီး ညတုန်းက ထွက်သွားတဲ့
သေနတ်သံကို စခန်းကလူတွေ ကြားမသွားကြလို့ နောက်တစ်နေ့မနက်မှာ အက္ကဘာခံတပ်ကို
အခက်အခဲမရှိ သိမ်းယူနိုင်ခဲ့ကြပါတယ်။အခုကိုယ်တို့ဟာလည်း သိမ်းယူရမယ့်
ခံတပ်ရဲ့နောက်ကျောဘက်ကို ရောက်နေကြပါပြီ။
ဘာပဲပြောပြော သူသေကိုယ်သေ ပိတုန်းနဲ့မြွေ အဖြစ်မျိုးမရောက်အောင်
အားလုံးဆင်ခြင် သတိထားပြီး အချိန်ရှိတုန်း ရှေ့ရောက်နိုင်သမျှ
ရောက်အောင်တိုးဖို့ ၀ိုင်းဝန်းကြိုးစားကြရမှာပါ။ ဒါမှသာ
ကိုယ်တို့နိုင်ငံရဲ့ နှစ်သစ်ကူးပေါင်းများစွာဟာလည်း
နောင်ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် မင်္ဂလာကျက်သရေအပေါင်းနဲ့ ခညောင်းပြီး
နေနိုင်မှာ ဖြစ်ပါတယ်။
EMG
No comments:
Post a Comment