Saturday, December 29, 2012

ကားအရောင်းအဝယ် ဆက်အေးမြဲ၊ ဈေး ဆက်ကျဖွယ် ခန့်မှန်း


ရန်ကုန် (မဇ္ဈိမ)။   ။ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင် အသက်ဝင်လာမည့် ဆိပ်ကိမ်းအရောက် တန်ဖိုး (CIF) ထုတ်ပြန်ပြီး ဖြစ်သော်လည်း လတ်တလော အနေအထားအထိ ကား အရောင်းအဝယ် ဈေးကွက်မှာ ဆက်အေးမြဲဖြစ်ကာ တဖြည်းဖြည်း ဝယ်လိုအား ကျလာသည့် အနေအထား ရှိလာကြောင်း စုံစမ်းသိရှိရသည်။

CIF တန်ဖိုးများ မထုတ်ပြန်မီက ၎င်းအား စောင့်ဆိုင်းကာ ဈေးငြိမ်နေခဲ့သည်ဟု ခန့်မှန်းရသော်လည်း CIF တန်ဖိုး များ ထုတ်ပြန်ပြီးနောက်လည်း ဆက်လက် အေးမြဲဖြစ်နေသည်မှာ ဝင်ရန်ရှိသည့် ကားသတင်းများနှင့် ပတ်သက်၍
ဖြစ်နိုင်ကြောင်း ခန့်မှန်းရသည်။

“လက်ရှိမှာပဲ သီလဝါ ဆိပ်ကမ်းမှာ ကားစီးရေ ၂ဝ,ဝဝဝ လောက် လာမထုတ်ဘဲ ကျန်နေတာ၊ အေးရှားဝေါလ် ဆိပ်ကမ်းမှာ လာမထုတ်သေးတဲ့ ကားစီးရေ ၅,ဝဝဝ လောက် ကျန်နေတာ၊ လမ်းမှာ သင်္ဘောနဲ့သယ်လာတဲ့ ကားတွေ ရှိနေသေးတာ၊ ပြည်ပဆိပ်ကမ်းတွေမှာ သင်္ဘောတင်ဖို့ ရှိနေသေးတာ ကားနဲ့ပတ်သတ်တဲ့ သတင်းတွေ
ကြောင့် ဈေးကွက် အေးသွားတာ ဖြစ်နိုင်ပါတယ်” ဟု ဟံသာဝတီ ကားပွဲစားဝိုင်းမှ လက်ကြီး ဝယ်ရောင်းလုပ်ကိုင် ခဲ့ဖူးသူ ဦးသန်းဌေး က ဆိုသည်။

လောလောဆယ်တွင် ကျပ်သိန်း ၁ဝဝ ဝန်းကျင် ကားများ ခပ်ပါးပါး အရောင်းအဝယ်ဖြစ်နေသည်။

“ဆီစား သက်သာတဲ့ ကားတွေ ကျပ်သိန်း ၁ဝဝ ကျော်လောက်နဲ့ အရောင်းအဝယ်တော့ ရှိနေတယ်။ ကိုရိုလာဗင်
အေအေ ၉၈ ဆို သိန်း ၁၃ဝ နဲ့ ဈေးတည့်တာ တွေ့ရတယ်။ ၂ဝဝ၇ မော်ဒယ်ထဲက အေဒီဗင် နဲ့ ဆူဇူးကီး ဆွဖ် ကားတွေဆိုရင် ၁ဝ၅ သိန်းနဲ့ သိန်း ၁၁ဝ ကြားနဲ့ တည့်သွားကြတယ်” ဟု ဦးသန်းဌေး က ဆက်ပြောသည်။

ထို့အပြင် ဆီစားနည်းသည့် တိုရိုတာဗစ်၊ ဟွန်ဒါဖစ် တို့လည်း အရောင်းအဝယ် အနည်းအကျဉ်း ဖြစ်လျက်ရှိသည်ဟု ဆိုသည်။

အခြားကားဈေးများ အနေဖြင့် ကာလ်ဒီနား ၂ဝဝ၁ အေအေ နှင့် ဖီလ်ဒါ ၂ဝဝ၁ အေအေ တို့မှာ ကျပ်သိန်း ၁၄ဝ ဝန်းကျင်ဖြင့်၊ ဆပ်ဖ် ၉၇ မှာ ကျပ်သိန်း ၂၅ဝ၊ ယာရီယာ ၉၉ နှင့် ကရောင်းဆလွန်း ၂ဝဝ၁ တို့မှာ ကျပ်သိန်း ၁၇ဝ-၁၈ဝ တို့ဖြင့် ခေါ်ဈေးများ ရှိနေသည်။

သို့သော် လက်ရှိတွင် ဝယ်သူစိတ်ကြိုက် ဈေးနှုန်းများဖြင့် ဝယ်ယူလာနိုင်သည့် အနေအထား ရှိနေသည်ဟု ကား ဝယ်ရောင်း အများစုက ပြောကြားလာသည်။

“ကားဈေးကွက် အေးနေတာကြောင့် ဝယ်သူစိတ်ကြိုက် ဈေးနှုန်းတွေနဲ့ ဝယ်ယူလာနိုင်တာ တွေ့ရတယ်။ အချို့က
ငွေပေါ်ချင်လို့ ရောင်းကြတယ်။ အချို့က တဦးချင်း တင်သွင်းခွင့်နဲ့ ပါမစ် အလွတ်နဲ့ တင်သွင်းတာဆိုတော့ ငွေ အအိပ်မခံချင်တာရယ်၊ ဆက်ထားရင် တဖြည်းဖြည်း ဈေးကျဖို့ပဲ ရှိနိုင်တယ်ဆိုတဲ့ အတွေးတွေကြောင့် မေးသူ- ဝယ်သူ ရှိတာနဲ့ အရင်းအထက် ခပ်ပါးပါး အမြတ်ရရင် လွှတ်ပေးကြတယ်” ဟု ကားဝယ်ရောင်း ဦးကျော်မြင့် က ပြောသည်။

ကားဈေးကွက် အေးသည် ဆိုသော်လည်း စလစ်ဈေးမှာ ထင်သလောက် ကျသွားခဲ့ပေ။

“စလစ်ဈေးကတော့ ထင်သလောက် ကျမသွားပါဘူး။ ရိုးရိုးစလစ်က ၈၃-၈၅ သိန်း ဈေးနှုန်းတော့ ရှိနေပြီး နာမည်
ပေါက် စလစ် ဆိုရင်တော့ သိန်း ၈၈-၉ဝ လောက် ရှိနေတယ်။ တက္ကစီ စလစ်တွေ ကတော့ သိန်း ၆၈-၇ဝ လောက် ရှိနေပါတယ်” ဟု ရန်ကုန် အင်းစိန်လမ်းမကြီးပေါ်ရှိ ကားအရောင်းပြခန်းမှ အရောင်းမန်နေဂျာ ဒေါ်ခင်စိုးဝင်း က ပြောသည်။

စလစ်ဖြင့် ကားတင်သွင်းသူ ရှားလာကာ စလစ်ဖြင့် ရောင်းပေးသည့် အင်ဂျင်ပါဝါ အလယ်အလတ်ရှိ ၁.၃၊ ၁.၈ စသည့်ကားများအား ကိုယ်တိုင်ရွေးချယ် စလစ်ကပ် ဝယ်ယူသည့် သူများသာ အနည်းငယ်ရှိနေသည်ဟု ဆိုသည်။

ရန်ကုန်မြို့တွင်း ဖွင့်လှစ်လျက်ရှိသော ကား အရောင်းပြခန်းများမှာလည်း ဈေးကွက် အေးလျက်ရှိနေပြီး စလစ်ရောင်းအားနှင့် အရစ်ကျ စနစ်ဖြင့် ရောင်းချမှုများကို အဓိက အားပြု ရောင်းချနေကြကြောင်း သိရသည်။

“အရောင်းပြခန်းတွေရဲ့ ဈေးကွက်က ပွဲစားတန်း ရောင်းအားထက် ပိုအေးတာကြောင့် စလစ်ရာင်းအားနဲ့ အရစ်ကျ စနစ်နဲ့ ရောင်းချရမှုကို အားပြုနေရပါတယ်” ဟု ကမာရွတ်မြို့နယ် ရွာမကျောင်းလမ်းပေါ်ရှိ ကားအရောင်းပြခန်း တခုမှ မန်နေဂျာ ဦးသန့်ဇင်ထွန်း က ဆိုသည်။

အရောင်းပြခန်းများတွင် နယ်ဝယ်လက်အကြိုက်အနေဖြင့် လင်ခရုဇာနှင့် ပါဂျဲရိုးများက ဆက်လက် ဦးဆောင်နေ သည်။

“အရောင်းပြခန်းမှာ ရှိနေတဲ့ အောက်ကားတွေဆိုရင် တလအတွင်းမှာပဲ ကျပ် ၅ သိန်း၊ ၁ဝ သိန်းလောက် ကျသွားတယ်။ အပေါ်ကားတွေဆို အောက်ကားတွေထက်တောင် ဈေး ပိုကျလာသေးတယ်။ ဇန်နဝါရီ ၁ ရက်က စတင်အသက်ဝင်မယ့် CIF တန်ဖိုး ထုတ်ပြန်ချက်အရ ဒေါ်လာ ၁ဝ,ဝဝဝ ကျော် ကားတွေဆိုရင် ၁ဝ% လောက် သက်သာလာသလို ဒေါ်လာ ၄ဝ,ဝဝဝ-၅ဝ,ဝဝဝ တန် ကားတွေ ဆိုရင် အခွန် အတော်လျော့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယင်းအနေအထားကြောင့် ကားအရောင်းပြခန်းတွင် အများဆုံး ရောင်းချနေသည့် တန်ဖိုးမြင့် ကားဈေးနှုန်းများ ဆက်လက် ဈေးကျလာမည် ဖြစ်သည်။

ယခုအခါ လူအများ တင်သွင်းနေသည့် ကားများမှာ ရန်ကုန်မြို့ပေါ်တွင်သာ စီးနိုင်သည့် ဇိမ်ခံ ကားများသာ တင်သွင်းမှု များနေသည်ဟု ဆိုသည်။

“တင်သွင်းနေတဲ့ ကားအများစုက ဆလွန်းကားလို ဇိမ်ခံကားတွေ များနေတယ်။ နယ်မှာ အလုပ်လုပ်နေတဲ့ သူတွေ၊
ရေလုပ်ငန်းသမားတွေ၊ လယ်သမားယာသမားတွေအတွက် အသုံးဝင်မယ့် SINGLE CAB လို ကားတွေ များများပေး သွင်းသင့်ပါတယ်။ အခု ထုတ်ပြန်တဲ့ CIF တန်ဖိုးမှာလည်း ဒီကားတွေရဲ့ ဈေးနှုန်း ပါမလာပါဘူး” ဟု ရွှေယမုံ ကားအရောင်းပြခန်းမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးထွန်းအေး က ပြောသည်။

အဆိုပါ လုပ်ငန်းသုံး single cub မှာ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် လုပ်ငန်းခွင်သုံး ကားများအဖြစ် အသုံးပြုနေကြောင်း သိရသည်။

“အခုထုတ်ပြန်တဲ့ CIF ဈေးနှုန်းတွေဟာ ဇန်နဝါရီ ၁ ရက်က စတင်လျှောက်ထားမယ့် သွင်းကုန် လိုင်စင် ပါမစ်တွေ သာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်အတွင်း လျှောက်ထားသမျှတွေက အရင်အ တည်ပြုဈေးနှုန်းတွေ အတိုင်း လျှောက်ထားရမှာ ဖြစ်ပါတယ်” ဟု စီးပွါးရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောကြားသည်။

ယင်းထုတ်ပြန်ချက်တွင် ယာဉ်အိုယာဉ်ဟောင်း အစားထိုးအပ်နှံမူတွင် ၁,၃ဝဝ စီစီအောက် ယာဉ်များအား မည်သည့်ယာဉ်အုပ်စုမဆို ၂ဝဝ၈ မော်ဒယ်မှ ၂ဝ၁၂ မော်ဒယ်အထိ မော်ဒယ်နှစ် မခွဲခြားဘဲ တန်ဖိုး အမေရိကန်ဒေါ်လာ ၅,ဝဝဝ လျှောက်ထားနိုင်ပြီး ၂ဝ၁၃ မော်ဒယ်နှစ်ဖြင့် လျှောက်ထားမည်ဆိုပါက လက်ရှိပေါက်ဈေးအတိုင်း လျှောက်ထားရမည် ဖြစ်သည်။

“အဲဒီ ယာဉ်အုပ်စုမှာ မပါဝင်ဘဲ brand name အသစ်နဲ့ လျှေက်မယ့် ယာဉ်တွေဆိုရင် အင်တာနက် အထောက် အထားတွေနဲ့ စိစစ်ပြီး one stop services အဖွဲ့အစည်းအဝေးကို တင်ပြမှသာ ခွင့်ပြုထုတ်ပေးမှာ ဖြစ်ပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောကြားသည်။

ထိုအတူ လူစီး မော်တော်ယာဉ်ဈေးနှုန်းများနှင့် ပတ်သတ်၍လည်း ၁,၃၅ဝ စီစီ အောက် ကားများအား မည်သည့် ယာဉ်အုပ်စုမဆို မော်ဒယ်လ်နှစ် ၂ဝဝ၈ မှ ၂ဝ၁၂ အထိ တန်ဖိုး ဒေါ်လာ ၅,ဝဝဝ ဖြင့် လျှေက်ထားနိုင်ပြီး ၂ဝ၁၃ မော်ဒယ်လ်နှစ်ဖြင့် လျှောက်ထားမည်ဆိုပါက လက်ရှိ ပေါက်ဈေးအတိုင်း လျှောက်ထားရသည်။

“CIF တန်ဖိုး ထုတ်ပြန်ခဲ့တာမှာ ဒေါ်လာ သောင်းချီတန်တဲ့ တန်ဖိုးမြင့် ကားတွေ အခွန်လျော့သွားပေမယ့် လူအများ တင်သွင်းနိုင်တဲ့ ၁,၃ဝဝ စီစီအောက် ကားတွေကတော့

 အခွန်နှုန်းထား ပြောင်းတာ မတွေ့ရပါဘူး” ဟု တက္ကစီ ယာဉ်မောင်း ဦးသိန်းစိုး က ပြောသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုအစီအရ ၂ဝ၁၃ ခုနှစ်တွင် မော်တော်ယာဉ် တင်သွင်းရာ၌ ၁၉၉၇ ခုနှစ်နှင့် ၂ဝဝ၇ ခုနှစ်အတွင်း ထုတ်လုပ်သော ယာဉ်များ တင်သွင်းရမည် ဖြစ်သကဲ့သို့ တဦးချင်း တင်သွင်းမည့် အစီအစဉ်တွင်လည်း လက်ရှိတင်သွင်းခွင့်ပြုမည့် ၂ဝဝ၇ ခုနှစ်အစား ၂ဝဝ၈ ခုနှစ် နှင့်အထက်သာ တင်သွင်းခွင့်ပြုမည်ဖြစ်ရာ ဇန်နဝါရီ ၁ ၇က်မှ စ၍ ကားတင်သွင်းခွင့် လျှောက်ထားမှုများအား မော်ဒယ်လ် ခုနှစ်အလိုက် ပုံမှန်ပြောင်းလဲ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ ၂ဝ၁၂ ခုနှစ် စက်တင်္ဘာလ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အသိပေး ကြေညာခဲ့သည်။

No comments:

Post a Comment