Saturday, December 29, 2012

Who's who 2012 - သီတဂူဆရာတော်

၂၀၁၂ ခုနှစ်သည် မြန်မာနိုင်ငံ သမိုင်းတွင် ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အပါအဝင် နယ်ပယ် အသီးသီးတွင် မှတ်တိုင်သစ်များ၊ မော်ကွန်းသစ်များ စိုက်ထူရေးထိုးသော နှစ်လည်းဖြစ်ပါသည်။ အထူးသဖြင့် ရာစုနှစ်ဝက်ခန့် အာဏာပိုင် စနစ်အောက်တွင် ရှိလာခဲ့သော နိုင်ငံအဖို့ လက်ရှိ အပြောင်းအလဲ အရွေ့အလျင် များက ရင်သပ်ရှုမောဖွယ် အံ့သြဘနန်း ရှိလှပါသည်။ သို့သော် အချို့အဖြစ်အပျက် များမှာမူ အရုပ်ဆိုး အကျဉ်းတန်ခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ
အကောင်းချည်း၊ အဆိုးချည်း ရှိမနေတတ်သည့် သဘောအရ ယခုဖော်ပြပါပုဂ္ဂိုလ် များတွင်လည်း အားနည်းချက်၊ အားသာချက်များ ရှိပါသည်။ မည်သို့ပင်ဖြစ်စေ ယခုနှစ်အတွင်း ထိုအရွေ့ အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် အဓိက မောင်းနှင်ပေးသူ အနည်းငယ်အနက် နယ်ပယ် အလိုက် ယခုနှစ်အတွင်း ထူးခြားထင်ရှားမှု အရှိဆုံးသူများအဖြစ် The VoiceWeekly  အယ်ဒီတာအဖွဲ့က သတ်မှတ်ရွေးချယ် ဖော်ပြလိုက်ပါသည်။



လင်းပွင့်စ မြန်မာနိုင်ငံတွင် အကောင်းအဆိုး ရောပြွမ်း ဖြစ်ပွားခဲ့သည့် ၂ဝ၁၂ ခုနှစ်တွင် ဘာသာ ရေးနှင့် လူမှုရေး လှူဒါန်းကူညီမှု များအပြင် နိုင်ငံ ခြား တိုင်းပြည်အချို့၏ အဓိက အရေးကိစ္စရပ် အချို့တွင်ပါ သြဇာ သက်ရောက်မှုရှိရှိ လှုပ်ရှားခဲ့ သူ၊ ဘွဲ့တော်ရင်း ဒေါက်တာအရှင် ဉာဏိဿရ ဟု ခေါ်တွင်ကာ မွန်ပြည်နယ် သထုံမြို့ သပိတ်အိုင် တောရ စခန်းတွင် လေးနှစ်ကြာ တရားအားထုတ် ခဲ့ခြင်းကို အစွဲပြု၍ သပိတ်အိုင် ဆရာတော်ဟု လည်း လူသိများသူ သီတဂူ ဆရာတော်ကို ယခု နှစ်အတွက် ထူးခြား ထင်ရှားသည့် ပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်ပါသည်။
၂၀၁၂ ခုနှစ်အတွင်း လူထု အာရုံစိုက်မှု အမြင့်ဆုံးဖြစ်ခဲ့သည့် လက်ပံတောင်းတောင် အရေး အပါအဝင် ထိုင်းနိုင်ငံ ချင်းမိုင် (ဇင်းမယ်) မှ မြန်မာဘုန်း တော်ကြီးကျောင်း အရေးတို့တွင်လည်း သက်တော် ၇၆ နှစ်ရှိ ဆရာတော်၏ ပါဝင်ဆောင် ရွက်မှုတို့မှာ များစွာ အရေးပါ ခဲ့သည်။

"ဒီပြဿနာက ရေနဲ့ ဖျန်းတာပဲ၊ ဒါပေမဲ့ ငရဲပြည်က ရေဖြစ်နေတယ်" ၊ "သမိုင်းတွင်မည့် မီးသင့်သင်္ကန်း" စသည့် ဆရာတော်၏ မှတ်ချက် စကားတို့က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ် ဆောင်နေသော သက်တမ်းနုနု အစိုးရ အတွက် ယခု နှစ်အတွင်း အမည်းစက် ဖြစ်စေသော လက်ပံတောင်း တောင် သပိတ်ဖြိုခွင်းမှုနှင့် ပတ်သက်၍ များစွာ ထင်ရှား ခဲ့သည်။ အစိုးရက တရားဝင် ဝန်ချ တောင်းပန်အပြီး သံဃာတော်များ တစ်နိုင်ငံလုံး ဆန္ဒပြ အရှိန်တက်လာမည့် အရေးကို အစိုးရနှင့် ဦးဆောင်သံဃာ တို့အကြား ညှိနှိုင်း စေ့စပ်သူအဖြစ် ကြားဝင်ကာ ဆန္ဒပြမှုများ ရပ်တန့်ရန် မိန့်ကြား အပြီးတွင် ဆန္ဒပြမှုများ အရှိန် လျော့ကျခဲ့သည်။

ပဲခူးတိုင်း ဒေသကြီး သဲကုန်းမြို့နယ် ဇာတိ၊ သက်တော် ၃၀ ကျော်အရွယ်မှ စတင်၍ လူမှုရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သူ၊ ၁၉၇၈ ခုနှစ်တွင် သီတဂူ သာသနာပြု အဖွဲ့ကို တည်ထောင်ကာ ရေအလှူ တော်၊ အာယုဒါန ဆေးရုံတော်၊ ဗုဒ္ဓတက္ကသိုလ်၊ ဓမ္မဝိဟာရ စသည့် သာသနာပြု လုပ်ငန်းများ လုပ် ကိုင်လျက်ရှိသူ၊ ဗုဒ္ဓ တရားတော်ကို နေ့စဉ် အနည်း ဆုံး တစ်ကြိမ် တရားရေအေး တိုက်ကျွေးလျက် ရှိသူ ဆရာတော်သည် နိုင်ငံ အတွင်းရှိ အရေးကိစ္စ များတွင် မိန့်ကြားလေ့ရှိသော မှတ်ချက်စကားမှာ လည်းများစွာ ထိရောက်လှပြီး နိုင်ငံပြုပြင်ပြောင်း လဲရေးတွင် အစိုးရ၊ အတိုက်အခံ တို့အပြင် နိုင်ငံ တကာ ဆက်ဆံရေး စာမျက်နှာ တွင်လည်း များစွာ အရေးပါလှသောကြောင့် ယခုကဲ့သို့ရွေးချယ်ရ ခြင်း ဖြစ်ပါသည်။

No comments:

Post a Comment