Tuesday, December 11, 2012

တရားစွဲခံရသည့် မိုးထိမိုးမိရွှေလုပ်သားများ တရားရုံး၌ ဆက်လက်ရင်ဆိုင်သွားမည်


ဆန္ဒထုတ်ဖော်ခဲ့သည့် မိုးထိမိုးမိရွှေလုပ်သားများအပေါ် တရားစွဲ ဆိုထားသည့်ပုဒ်မ (၂) ခုအနက် ပုဒ်မတစ်ခုမှာအာမခံ မရရှိသဖြင့် မိုးထိမိုးမိရွှေလုပ်သားများသည်ရုံးချိန်း(၅) ကြိမ်မြောက် သည့်နေ့ တွင် အာမခံပြုလုပ်ပေးရန်   လျှောက်ထားခြင်း မပြုတော့ပဲ ဆက်လက် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
 မိုးထိမိုးမိရွှေလုပ်သား(၄) ယောက်ကို ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားလို ပြုလုပ်ကာ ၅၀၅ (ခ)၊ ပုဒ်မ (၁၈)   ဖြင့်အမှုဖွင့်ထားပြီး ယခုအခါတွင် ပုဒ်မ (၁၈) တစ်ခုတည်းသာ အာမခံရရှိထားပြီး ၅၀၅ (ခ) မှာ အာမခံမရရှိသည့်အတွက် ယခုလိုဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ရွှေလုပ်သားများအား နိုဝင်ဘာလ (၃၀) ရက်နေ့တွင်တစ်ကြိမ်၊ ဒီဇင်ဘာလ ၄၊ ၆၊ ၇၊ ၁၀ ရက်များတွင် ရုံးချိန်းများခေါ်ယူခဲ့သည်။

 “ကျွန်တော်တို့က ဒီနေ့အာမခံရမယ်ထင်လို့ အကုန်လုံးက အဆင်သင့်ပြင်လာကြတာ။ ကျွန်တော်တို့ကို ပထမအာမခံပေးထားတဲ့ ပုဒ်မ (၁၈) ကိုပါ မယူတော့ဘူးဆိုပြီး ပြန်ရုပ်သိမ်းလိုက်တယ်။ ဘာလို့လဲဆိုတော့ တစ်ခုကမရတော့ ထောင်ထဲမှာနေပြီး အာမခံယူရသလိုဖြစ်နေတယ်။ သူတို့ကလည်း အာမခံ မယူတော့ ဘူးလို့ ဆုံးဖြတ်လိုက်တယ်”ဟု ကိုနေအောင်ထက်၏ ဖခင်ဖြစ်သူ ဦးညွန့်သန်း က ပြောသည်။

 မိုးထိမိုးမိရွှေလုပ်သားများသည် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် အဆင်မပြေမှုများ ရှိသဖြင့် ရန်ကုန်ရှိအမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီရှေ့တွင် သုံးကြိမ်ဆန္ဒ ထုတ်ဖော်ခဲ့ပြီး နိုဝင်ဘာ ၈ ရက်နေ့ နေ့လည်တွင် ရန်ကုန်မှ နေပြည်တော်သို့ လမ်းလျှောက်ချီတက်ကြပြီး နိုဝင်ဘာ (၂၃) ရက် မြို့လှမြို့အထွက်တွင် ရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်၊ ကိုစောနောင် တို့ကို ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

 “ဒီလေးယောက်ကို ရုံးထုတ်တဲ့နေ့မှာ အာမခံလုပ်ပေးမယ်လို့ တောင်ငူခရိုင်အုပ်ချုပ်ရေး မှူးကပြော ပါတယ်။ ပုဒ်မ (၁၈) ကိုပဲအာမခံရပြီးတော့ ၅၀၅ (ခ) ကိုအာမခံလုပ်မပေးဘူး ပြောတယ်။ ကျွန်တော်တို့ အနေနဲ့က အဓိကလူ ၄ ယောက်လုံးကို အာမခံတစ်ခုပဲရမယ် ဆိုရင် ကျွန်တော်တို့ အနေနဲ့ လက် မခံဘူး။ ကျွန်တော်တို့ အနေနဲ့လုံးဝကိုမယူဘူး” ဟု ရွှေလုပ်သားတစ်ဦးဖြစ်သူ ကိုလှိုင်မျိုးအောင် မှပြောသည်။

 ပုဒ်မ (၁၈) သည် အာမခံပေးလို့ရသည့် ပုဒ်မဖြစ်ပြီး ၅၀၅(ခ) သည် အာမခံမရရှိသည့် ပုဒ်မ ဖြစ်သော် လည်း ချွမ်းချက်အနေဖြင့် အာမခံပေးလို့ရကြောင်း သိရသည်။

“ဥပဒေအရ မပေးမနေရပုဒ်မတော့မဟုတ်ဘူးပေါ့နော်။ တစ်သက်တစ်ကျွန်း နဲ့ သေဒဏ်က လွဲရင် ကျန်တဲ့ဟာတွေကို ၄၉၇ (၁) ၊၄၉၇ (၂) တို့အရ ပေးလို့ ရပါတယ်။” ဟု ရွှေလုပ်သားများအရေးကို လိုက် လံဆောင်ရွက်ပေးသူ ဦးဌေးက ပြောသည်။

 မိုးထိမိုးမိရွှေလုပ်သားများသည် ယခုအခါတွင် ရမည်းသင်းတွင် အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် ညှိနှိုင်းမှုများပြုလုပ်လျှက်ရှိကြောင်းသိရ သည်။

မြစ်မခမီဒီယာ

No comments:

Post a Comment