Friday, December 14, 2012

ရန်ကုန်မြို့၌ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပ

ရှမ်းရိုးရာနှစ် ၂၁၀၇ ခုနှစ်ကို ကြိုဆိုသည့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ကြောင်း သတင်းရရှိပါသည်။ ရှမ်းနှစ်သစ်ကြိုဆိုပွဲကို ရှမ်းရိုးရာနှစ် ၂၁၀၆ ခုနှစ် တန်ဆောင်မုန်းလကွယ်ည (၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ည) တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကိုးမိုင်ရှမ်းရွာရှိ အောင်မြေဘုံသာ သျမ်းကျောင်းတွင် ည ၇ နာရီဝန်းကျင်၌ စတင်ပြုလုပ်ခဲ့သည်။ အဆိုပါ နှစ်သစ်ကြိုဆိုပွဲသည် ရန်ကုန် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ပွဲဖြစ်မြောက်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရှမ်းတိုင်းရင်းသားများ ပါဝင်ဆင်နွှဲခဲ့ကြသည်။
 
အခမ်းအနားကို ရှမ်းအိုးစည်တီးခတ်မှု၊ ရွှေဥဒေါင်း ငှက်အက၊ တိုးနယားအက၊ သိုင်းအကတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ညောင်းပင်ရှမ်းရွာအက၊ ရန်ကုန်-ထုံ့မောဝ်အသင်း ရှမ်းအိုးစည်အက၊ တိုင်းနေပျိုမေခုနစ်ဖော်အက၊ ရွာသာယာရှမ်းအက၊ ဓားသိုင်းယိမ်းအက၊ တိုက်ကြီးရှမ်းစုရပ်ကွက် ငှက်အလှအက၊ ပါခါးရွာ-တို့တောင်ပေါ် သဘာဝအက၊ ခေတ်အကနှင့်ရိုးရာအက၊ ရှမ်းယဉ်ကျေးမှု ကကွက်များ စသည်တို့ကို ရှမ်းတိုင်းရင်းသားများက တင်ဆက်ဖျော်ဖြေခဲ့ကြသည်။
 
 ရှမ်းရိုးရာအကများအပြင် ရှမ်းတေးသီချင်းများကိုလည်း ရှမ်းတိုင်းရင်းသား တေးသံရှင်များဖြစ်သည့် နန်းဆိုင်စံ၊ နန်းအိန်ခမ်း၊ နန်းခမ်းစက်၊ စိုင်းနောင့်စသူတို့က တင်ဆက်ခဲ့ကြသည်။ ရှမ်းရိုးရာ နှစ်သစ်ကူးနေ့ရက်သည် နတ်တော်လဆန်း ၁ ရက်နေ့တွင် ကျရောက်၍ နှစ်စဉ် တန်ဆောင်မုန်းလကွယ်ည၌ နှစ်သစ်ကြိုဆိုပွဲများကို ရှမ်းပြည်နယ်ရှိ မြို့နယ်များတွင်သာမက ပြည်တွင်းရှိ ရှမ်းတိုင်းရင်းများ ရောက်ရှိနေထိုင်မှု များပြားသောမြို့ကြီးများတွင်ပါ ပြုလုပ်လေ့ရှိသည်။ ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများသည် နှစ်စဉ်ရှမ်းနှစ်သစ်ကြိုဆိုပွဲကို ပြုလုပ်လေ့ရှိပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော ရှမ်းပြည်နယ်နေ့ အခမ်းအနားကိုလည်း နှစ်စဉ်စုစည်းကျင်းပလေ့ ရှိကြသည်။
 
 From : Eleven Media Group

No comments:

Post a Comment