Friday, December 14, 2012

စင်ကာပူကမ်းလွန်ရှိ ဗီယက်နမ်သင်္ဘောပေါ်တွင် မြန်မာမှ ထွက်ပြေးလာဟုဆိုသူ လူ ၄၀ ကို စင်ကာပူဝင်ခွင့်မပေး

ပြီးခဲ့သည့် အပတ်က မြန်မာနိုင်ငံ ပင်လယ်ပြင်အနီးမှ ကယ်တင် ခဲ့ရသော သင်္ဘောပျက်မှ အသက်ရှိကျန်ရစ်သူ လူ ၄၀ ခန့်သည် စင်ကာပူကမ်းလွန်ပင်လယ်ပြင်အနီး၌ ဗီယက်နမ်ကုန်တင် သင်္ဘော တစ်စီးပေါ်တွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

 ထိုလူများသည် ဒီဇင်ဘာ ၅ ရက်နေ့က ပင်လယ်အတွင်း လှေနစ်မြုပ်ပြီးနောက် ဗီယက်နမ် သင်္ဘောက ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ အဆိုအရ သိရသည်။

အဆိုပါ ကယ်တင်ခံထားရသူများမှာ နိုင်ငံမှ ထွက်ပြေးလာသော ဘင်္ဂါလီများ ဟုတ်၊ မဟုတ် ရှင်းလင်းစွာ မသိရသေးကြောင်း၊ ၎င်းတို့ကမူ မြန်မာမှလာသည်ဟုပြောပြီး မည်သည့်အထောက်အထားမှ မပြနိုင်သေးကြောင်း ဆိုသည်။

စင်ကာပူအာဏာပိုင်များသည် ယင်း Nothern Shipping Joint Stock Co. (Nosco) ပိုင် သင်္ဘောအား စင်ကာပူ၌ ကမ်းကပ်ခွင့် ပိတ်ပင်ထားသည်။ Nosco ကုမ္ပဏီသည် ၎င်းတို့ သင်္ဘောပေါ်မှလူများအတွက် ဗီယက်နမ်ရှိ မြန်မာသံရုံးနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနတို့သို့ အကူအညီတောင်း ထားပြီး သင်္ဘောပေါ်မှ လူများ၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချရမှုအခြေအနေမှာ စိုးရိမ်ရကြောင်းပြောသည်။

ကုမ္ပဏီ၏ လက်ထောက်အထွေထွေ ဒါရိုက်တာ ငုယင်ကောင်သန်က "သင်္ဘောက သင်္ဘောသား ၂၄ ယောက်အတွက်ပဲ လုပ်ထားတာပါ။

 လူပို ၄၀ ရှိနေတော့ လုံခြုံရေးအရရော၊ အစားအသောက်ထောက်ပံ့မှုပိုင်းအရပါ စိုးရိမ်နေရပါတယ်။ ကယ်ထားတဲ့သူတချို့ဆို အ၀တ်အစား လုံလုံလောက်လောက် မရှိပါဘူး" ဟု ပြောသည်။

စင်ကာပူသည် ကုလသမဂ္ဂ၏ နိုင်ငံရေးခိုလှုံသူ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတားခြင်းမရှိ၍ ထိုသူများကို လက်ခံဖွယ်မရှိကြောင်း၊ သို့သော် ယခင်ကလည်း ထိုသို့ ခိုလှုံလာသူများကို အခြားနိုင်ငံများသို့ ရောက်ရှိသွားရေးကိုမူ ကူညီခဲ့ကြောင်း သတင်းကဖော်ပြသည်။  
 
From : 7Day News

No comments:

Post a Comment