မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်သို့ တရုတ်-မြန်မာ ဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းဖြတ် သွားသော ကျေးရွာ များမှ ဒေသခံ အမျိုးသား များမှာ အလုပ်ကြမ်း အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုများ လာကြောင်းဒေသ ခံများထံက သိရသည်။
ဒေသခံအလုပ်ကြမ်းသမားများအနေဖြင့် တစ်နေ့လျှင် ငါးထောင်ကျပ် ရရှိကြပြီး မနက် ၈း၀၀ နာရီခန့်မှ ညနေ ၄း၀၀ ၀န်းကျင်အထိ ပိုက်လိုင်း များအကြား ကေဘယ်ကြိုး သွယ်တန်းခြင်း လုပ်ငန်းလုပ်ဆောင်နေ ရကြောင်း လုပ်သားများထံက သိရသည်။
ထိုအလုပ်မှာ နေ့စဉ်ရက်ဆက် လုပ်ကိုင်ရခြင်းမရှိသော်လည်း အလုပ်ကြမ်းသမားများအတွက် တစ်ရက် ငါးထောင်ကျပ်ရရှိမှုမှာ ၎င်းတို့အတွက် အဆင်ပြေသည်ဟု သိရသည်။
“ဓါတ်ငွေ့ပိုက်လိုင်းမှာ ဆင်းရင် ငါးထောင်ရတယ်၊ ခြံတွေမှာ အလုပ်ကြမ်းလုပ်ရင် တစ်နေ့-၃၀၀၀ ဆိုတော့ သူတို့ဆီက နေ့တိုင်းမခေါ်လည်း ခြံထဲမှာဆင်းရတာနဲ့ အတူတူလောက်ကျတယ်”ဟု ပိုက်လိုင်းသွယ် တန်းမှု စီမံကိန်းတွင် အလုပ်ကြမ်းလုပ်ကိုင်နေသူ ကိုကမ်ချားကပြောသည်။
အောက်မြန်မာပြည်ရှိ ကျေးလက်ဒေသအများစုမှ အမျိုးသမီး၊အမျိုးသားအယောက်(၅၀) ခန့်ကိုပြင်ဦးလွင်မြို့သို့ခေါ်ယူကာ မိုးတွင်းအချိန် လမ်းပေါ်မြေပြိုကျမှုမရှိစေရန် ဓါတ်ငွေ့ပိုက်လိုင်း ဖုံးထားသောမြေ များအားကျောက်စီခြင်းများ ပြုလုပ်လျှက် ရှိကြောင်းသိရသည်။
အဆိုပါ လုပ်သားများ၌ အမျိုးသားလုပ်သားတစ်ဦးလျှင် ကျပ်သုံးထောင်ကျပ်ရရှိကြပြီး၊ မနက် ၈း၀၀ နာရီမှ ညနေ၅း၀၀ နာရီထိ အလုပ်ဆင်းရကာ အမျိုးသမီးများမှာ ၂၅၀၀ ကျပ် ရရှိကြကြောင်းသိရသည်။
“နေတာကတော့ ဒီဓါတ်ငွေ့ပိုက်လိုင်း နားလေးမှာပဲနေတယ်ဗျ၊ နဲနဲဝေးသွားရင်နေရာထပ်ပြောင်းတယ်၊ ဒီ တဲမှာ အားလုံးပေါင်းအလုပ်သမားငါးဆယ်လောက်ရှိတယ်” ဟု ကျောက်စီလုပ်သားတစ်ဦးက ပြောသည်။
ထိုဒေသရှိ အမျိုးသားအလုပ်ကြမ်းသမားများသည် စိုက်ပျိုးရေးခြံများတွင်လုပ်လျှင် တစ်ရက်လုပ်ခနှုန်း သုံးထောင်မှ သုံးထောင်ငါးရာကျပ်နှုန်းအထိရရှိကြပြီး မနက် ၈း၀၀ နာရီမှ ညနေ ၄း၀၀ ထိ အလုပ်လုပ် ရသည်။
ယခုပွင့်လင်းရာသီအချိန်တွင် ပြင်ဦးလွင်မြို့၌ အနယ်နယ်အရပ်ရပ်မှ စီးပွားရေး လုပ်ငန်းရှင်များ ၀ယ်ယူထားသော ခြံကွက်များပြုပြင်မှု တို့ကြောင့် အမျိုးသားများသာမက အမျိုးသမီးများပါ အလုပ်အကိုင် အခွင့်အလမ်းပေါများနေကြောင်း ဒေသခံတို့က ဆိုသည်။
( မြစ်မခ )
Myit Makha Mediagroup

No comments:
Post a Comment