Sunday, December 9, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၉၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၉၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့နေပြည်တော်ဒီဇင်ဘာ၈။  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံမှ (၉၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်-
တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

ယနေ့သည် အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံပြီး ပေါက်ဖွားလာသော အမျိုးသား ပညာရေး လှုပ်ရှားမှု စတင် ဆောင်ရွက်ခဲ့သည့် (၉၂)နှစ်မြောက် အမျိုးသားနေ့ဖြစ်သည်။ မြန်မာ တစ်မျိုးသား လုံး၏ ပညာရည် မြင့်မား ရေးကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ခံယူကာ ဆောင်ရွက် ခဲ့သည့် အမျိုးသား ပညာရေး လှုပ်ရှားမှုမှ တစ်ဆင့် တိုင်းရင်းသားတို့၏ စည်းလုံး ညီညွတ်သည့် အင်အားဖြင့် ကိုလိုနီ နယ်ချဲ့တို့ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ကြီး၏ လွတ်လပ်ရေး ပန်းတိုင်ဆီသို့ အရောက် လှမ်းနိုင်ခဲ့သည်။
လွတ်လပ်ရေး ရပြီးသည့် ကာလတွင် နိုင်ငံတော် တာဝန်များကို ရယူ ဆောင်ရွက်ခဲ့သည့် အစိုးရ အဆက် ဆက်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး တည်းဟူသော ဒို့တာဝန် အရေး သုံးပါးကို ဦးလည်မသုန် ခံယူဆောင်ရွက် ခဲ့ကြသည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ကြီးကို အစိုးရသစ် တာဝန်ယူသည့် အချိန်မှ စ၍ ဒီမို ကရေစီ အသွင် ကူးပြောင်းရေးနှင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို ပြည်သူများနှင့် အတူ တက်ညီလက်ညီ ပုံဖော်လျက် ရှိရာ အချိန်တို ကာလအတွင်း ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်စေမည့် သမိုင်း မှတ်တိုင်သစ်ကို စိုက်ထူနိုင်ပြီ ဖြစ်သည်။ လက်ရှိ နိုင်ငံရေး ဖြစ်စဉ်တွင် ကြုံတွေ့ရသည့် မမျှော်လင့်သော စိန်ခေါ်မှု များကိုလည်း ပြည်သူ များ၏ ပူးပေါင်း ပါဝင်မှုဖြင့် အောင်မြင်စွာ ဖြေရှင်းလျက်ရှိသည်။
နိုင်ငံတော် အစိုးရသည် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် ဒီမို ကရေစီ နိုင်ငံတော်သစ် ကြီးကို တည်ဆောက် ရာတွင် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု အတွက် အဓိက အရေးပါသည့်  ပညာရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်လျက် ဘက်စုံ လွှမ်းခြုံသော ပညာရေး ကဏ္ဍ လေ့လာ သုံးသပ်မှု လုပ်ငန်းကို ဆောင်ရွက်လျက် ရှိသည့်အပြင် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အပေါ် အဓိက တည်မှီလျက် ရှိသည့် ကျေးလက်နေ ပြည်သူ ၇ဝ ရာခိုင်နှုန်း၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုး တိုးတက်ရန်နှင့် ဆင်းရဲမှု လျှော့ချရေး တို့ကိုလည်း ဆောင်ရွက်လျက် ရှိသည်။ လယ်ယာ ကဏ္ဍမှ ရရှိသည့် အရင်းအနှီး များကို အခြေခံ၍ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လျက် ရှိသည့် သိပ္ပံနှင့် နည်းပညာ၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို အသုံးပြုကာ လူ့စွမ်းအား အရင်းအမြစ်များကို ဖွံ့ဖြိုး တိုးတက်စေလျက် စက်မှုနိုင်ငံ ဖြစ်ထွန်းရန် ဆောင်ရွက်မည် ဖြစ်သည်။
နိုင်ငံသားတိုင်း အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးအတွက် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်များ ရှင်သန် ခိုင်မာရန် လိုအပ်သည်။ မျိုးချစ်စိတ်ဓာတ်ကို အရင်းခံ၍ အမျိုးသားရေး ကြိုးပမ်းမှုဖြင့် လှုပ်ရှား ဆောင်ရွက်ခဲ့ရာ မြန်မာ့ သမိုင်းတွင် အောင်ပွဲ အလီလီ ရရှိခဲ့သည့် သာဓကများ ရှိသည်။ မျက်မှောက်ခေတ် ကာလတွင် ဓနအင်အား ကြီးမားသော နိုင်ငံကြီးများက ဖွံ့ဖြိုးဆဲ နိုင်ငံများ အပေါ် အတွေးအခေါ်နှင့် ယဉ်ကျေးမှု ဆိုင်ရာ ထိုးဖောက် လွှမ်းမိုးနိုင်ရေး လုပ်ဆောင် နေကြသည်။ မိမိတို့ နိုင်ငံ ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရေး အားထုတ် ကြိုးပမ်းရင်း မိမိတို့၏ ကိုယ်ပိုင် အမျိုးသားရေး စရိုက် လက္ခဏာများ ပျောက်ကွယ် မသွားစေရေး၊ နိုင်ငံကြီး များ၏ သြဇာလွှမ်းမိုး ထိုးဖောက်မှု အန္တရာယ်များ တားဆီး ကာကွယ်နိုင်ရေး အတွက် လူငယ်များတွင် စစ်မှန်သော မျိုးချစ် စိတ်ဓာတ်များ ပြည့်ဝအောင် လေ့ကျင့်ပြုစု ပေးရေးသည် အမျိုးသားရေး တာဝန်ဖြစ်သည်။
နိုင်ငံတော် သမ္မတ၊ ပြည်သူတို့ ရွေးကောက် တင်မြှောက်ထားသည့် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည့်  လွှတ်တော်၊ ပြည်ထောင်စု အစိုးရ အဖွဲ့နှင့် အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့် တို့သည် အဓိက မဏ္ဍိုင်ကြီး (၃)ရပ် ဖြစ်သော ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေး တို့အပြင် တိုင်းရင်းသား လူမျိုးများ အရေးကိုပါ ပြည်သူတို့နှင့် အတူ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ဒီမို ကရေစီ အစိုးရသစ် လက်ထက်တွင် နိုင်ငံ တကာနှင့် သင့်တင့်အောင် ဆက်ဆံ နိုင်ခဲ့၍ စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ လာခဲ့ကြပြီ ဖြစ်ရာ စီးပွားရေး အခွင့် အလမ်းများ ပွင့်လန်းလာပြီး ကမ္ဘာ့နိုင်ငံ များက အသိအမှတ် ပြုသည့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီး အဖြစ် နိုင်ငံ တကာတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည် နိုင်လာပြီ ဖြစ်သည်။
သို့ဖြစ်၍ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးသည် ယနေ့ ကျရောက်သော (၉၂) နှစ်မြောက် အမျိုးသား နေ့၏ ဦးတည်ချက်များ ဖြစ်သည့်-
(၁) အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ပြည်ထောင်စု စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊           
(၂) အမျိုးသား ပညာရည် မြင့်မားရေး၊             
(၃) နိုင်ငံတော်၏  လွပ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး၊                                              
(၄) ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး         
တို့ကို အမျိုးသားရေး အားမာန် အပြည့်ဖြင့်  ကြိုးပမ်းဆောင်ရွက် သွားကြရန် အလေးအနက် တိုက်တွန်း ပါသည်။

No comments:

Post a Comment