Monday, December 3, 2012

ဒေါက်တာသံချောင်းမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC သို့ အိတ်ဖွင့်ပေးစာ


        မပြောမပြီး… မတီးမမည်” ဆိုတာရှိတယ်… “ဆိုရေးရှိက ဆိုအပ်ရာ” ဆိုတာလည်းကြားဖူးတယ်… ဒီတော့ဗျာ… ရင်ထဲမှာကလိကလိဖြစ်နေတာကို နီးစပ်ရာလက်တို့ပြောနေမယ့်အစား အင်တာနက်ခေတ် ကြီးမှာ တစ်သက်တွေးစရာကျန်အောင်ဖြင့် တစ်ချက်ရေးကာနှံလိုက်ပါတော့မယ်။
  ယနေ့လူငယ်…နောင်ဝယ်လူကြီးမဟုတ်လားဗျာ… နောင်တစ်ချိန်ကျွန်တော်တို့ အားကိုးရမှာက ယနေ့ခေတ် လူငယ်တွေကိုပါ။ မျိုးဆက်သစ်တွေဟာ မျိုးဆက်ဟောင်းတွေထက်တော်မှ၊ ကောင်းမှ ကျွန်တော်တို့ နိုင်ငံလူစဉ်မှီမယ်။ အားကိုးချင်တယ်… မျှော်လင့်ချင်တယ်… ဒါပေမယ့် အဲဒီလို အားကိုး ရမယ်လို့ မျှော်လင့်ထားသူ တွေက အရက်ကလေးတမြမြ… ဘီယာလေးတကြိုက်ကြိုက်၊ ကွမ်းလေးမြုံ့ လိုက်၊ ဆေးလိပ်လေးခဲလိုက် ဆိုရင်တော့ဖြင့် တိုင်းပြည်ရဲ့အနာဂတ်အတွက် ရင်ဘတ်ပေါ်ကျောက်တုံးကြီး ဖိမိထားသလိုလေးလံလွန်းလှပါတယ်။
      မျက်မှောက်ခေတ် လူငယ်တွေဟာ အသောက်အစား၊ အပျော်အပါး မက်မောလာကြတယ်… ပိုက်ဆံရှိ သားသမီးတွေ ပိုဆိုးပါတယ်… သူတို့က ဖြုန်းနိုင်ကြတာကိုးဗျ… အများသိကြတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ မဟာ သင်္ကြန်ပွဲတော်မှာဆိုရင်လဲ… မဟာအရက်သောက်ပွဲကြီးကျင်းပသလိုပဲ။ မူးကြ၊ ရူးကြ၊ ရန်ဖြစ် ကြ၊ ဆေးရုံရောက် ကြ၊ သေကြနဲ့ အခုဆိုရင်လူကြီးနဲ့ လူလတ်ပိုင်းတွေ သာမက လူငယ်တွေပါ သောက် တတ်စားတတ်နေကြပြီ။ အဆိုးဆုံးကတော့ အမျိုးသမီးငယ်တွေဟာ ယဉ်ကျေးမှုနဲ့မလျှော်ညီစွာ ဝတ်စား ဆင်ယင်ကြပြီး ယောက်ျားတွေ နည်းတူ လက်ရည်တစ်ပြင်တည်း သောက်စားနေကြခြင်းပါပဲ… အတော်ပဲ ရင်နာရပါတယ်
 တချို့စားသောက်ဆိုင်တွေ၊ ကာရာအိုကေခန်းတွေ၊  နိုက်ကလပ်တွေမှာလည်း မိန်းကလေး ငယ်တွေဟာ အမျိုးသားတွေနဲ့အတူ သောက်စား မူးယစ်နေကြပြန်ပါတယ်… အာဃမိန်းမများပါပဲ။

ယနေ့ဒီမိုကရေစီခေတ်မှာ ဆန္ဒပြတာတွေ ခေတ်စားလာတယ်… ဆန္ဒပြတဲ့လူတွေကို ကျွန်တော်ေ လ့လာ ကြည့်ပါတယ်… မူရင်းစိတ်ကို အယ်လ်ကိုဟောရဲ့တွန်းအားနဲ့ အင်မတန်မှပဲ သတ္တိတွေကောင်းပြီး တဇွတ်ထိုး မိုက်ရူးရဲလုပ်တော့မယ့် အသွင်ကိုမြင်နေရပါတယ်… မကြာမတင်ကဖြစ်ပေါ်ခဲ့တဲ့ လက် ပံတောင်းတောင် ဆန္ဒပြမှုမှာ ပါတဲ့ လူတော်တော်များများဟာလဲ အလွန်အကျွံ သောက်စားထား တာတွေ တွေ့ရပါတယ်… ဒီမိုကရေစီခေတ်မှာ လွတ်လပ်ခွင့်ရှိတယ်ဆိုပြီး အရက်ကို ဒီမိုကရေစီကျကျ ဝယ်ယူသောက်သုံးနေတာများလားဗျာ.. တတ်သည့်ပညာ မနေသာဆိုတဲ့အတိုင်း ဆရာဝန်တစ်ဦးနေနဲ့ သိသင့်တာတွေကိုပြောပါမယ်… မျက်ကန်းတစ္ဆေမကြောက် ဖြစ်မှာစိုးလို့ပါ… တစ္ဆေကြောက်တတ်အောင် တစ္ဆေရဲ့ ကြောက်စရာပုံစံကိုတော့ မြင်အောင်ပြမှ တော်ပါတော့မယ်။
   ဆေးလိပ်အကြောင်းအရင်ပြောပါမယ်… ဥရောပအလယ်ခေတ်က ဥရောပတိုက်သားတွေဟာ ဆေးလိပ် အကြောင်းကို လုံးဝမကြားဖူးပါဘူးတဲ့… ကိုလံဘတ်နဲ့ နယ်သစ်ရှာသူများ အမေရိကတိုက်ကိုရောက်ခဲ့ပြီးမှ ဥရောပတိုက်သားတွေဟာ ဆေးလိပ်အကြောင်းကို စတင်သိရှိလာခဲ့ကြတာပါ… အဲဒီအချိန်က အမေရိကတိုက်မှာရှိတဲ့ အင်ဒီးယန်းခေါ်တိုင်းရင်းသားလူမျိုးတွေမှာ ဆေးလိပ်၊ ဆေး တံသောက်ခြင်း၊ ဆေး ငုံခြင်း၊ ဆေးမှုန့်ရှူခြင်းစတဲ့ အလေ့အထတွေရှိနေပါပြီ… အဲဒီအင်ဒီးယန်းတွေကို အတုမြင်အတတ် သင်ခဲ့ကြရာကနေ ဆေးလိပ်သောက်တဲ့ အလေ့အထဟာ အနောက်တိုင်းသာမက ကမ္ဘာတစ်ဝှမ်းလုံးကို တစတစပြန့်ပွားလာပါတော့တယ်… ဒါကြောင့် ဆေးလိပ်ကြောင့် တီဘီဖြစ်တယ်၊ အဆုတ်ကင်ဆာဖြစ် တယ်ဆိုရင် တရားခံအစစ်ဖြစ်တဲ့ အမေရိကရဲ့ အင်ဒီးယန်း တွေကိုသာ ပြေးမြင်လိုက်ကြပါ။
 ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဓာတ်ဟာ စွဲလမ်းမှုကိုဖြစ်စေပါတယ်… နီကိုတင်းဟာနှလုံး ခုန်နှုန်းမြန်စေ ပြီး သွေးပေါင်ချိန်တက်စေနိုင်သလို ဦးနှောက်ကို သွားရောက်လှုံ့ဆော်ပေးပြီး ထပ်သောက်ချင်စိတ်ဖြစ်ပေါ် လာ စေပါတယ်… “သောက်လေသောက်လေ ငတ်မပြေ”ဆိုတာမျိုးပေါ့ဗျာ။

 စီးကရက် မီးခိုးထဲမှာပါတဲ့ ကာဗွန်မိုနော့ဆိုက်ဓာတ်ငွေ့ ဟာ သွေးနီဥဆဲလ်အတွင်း က အောက်ဆီ ဂျင် နေရာကို အစားထိုးဝင်ရောက်လာတတ်တာကြောင့် ဆဲလ်အတွင်းအောက်ဆီဂျင်ပြန် ရစေ ဖို့ နှလုံးကကြိုးစားပြီး အလုပ်လုပ်ရပါတော့ တယ်… အဲဒီအခါ နှလုံးတိုက်ခိုက်ခံရမှု နဲ့ လေဖြန်းရောဂါဖြ စ်နိုင်ချေတွေ များလာတတ်ကြ ပါတယ်… လေဖြန်းတယ်ဆိုတာ ဦးနှောက်ထဲက သွေးကြောတွေ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့အခြေအနေ တစ်ရပ်ပါပဲ။
         ဆေးလိပ်သောက်သူတွေဟာ ပါးစပ်၊ လည်းချောင်း၊ ရင်သားနဲ့ အဆုတ်မှာ ကင်ဆာရော ဂါဖြစ်နိုင်ခြေ အလွန်များပါတယ်… ဆေးလိပ်ငွေ့တွေဟာ ရင်ကျပ်ရောဂါကိုလည်း ပိုပြီးဆိုးရွားစေနိုင် ပါတယ်… ဆေးလိပ်၊ ဆေးရွက်ကြီး မီးလောင်တဲ့အခါ ထွက်လာတဲ့ ကတ္တရာစေးမှာ ဓာတုပစ္စည်း ၂၀၀ လောက်ပါရှိတတ်ပါတယ်… ကတ္တရာစေးက အဆုတ်တွေမှာ သွားရောက်တွယ် ကပ်ပြီး သွေးထဲအောက်ဆီဂျင်ဝင်ရောက်ရာမှာ ခက်ခဲစေပါတော့ တယ်… ဒါ့အပြင် ဆေးလိပ်ငွေ့တွေ ဟာ လေပြွန်တွေကို ဝန်းရံထားတဲ့ အမွေးသေးသေးလေးတွေကိုလည်း ပျက်စီးစေပါတယ်။
   ဆေးလိပ်ဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့ ဗီတာမင်စီကို လည်း လျော့နည်းစေပါတယ်… ဒါကြောင့်အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါပိုးဝင်ရောက်လို့ ဖြစ်ပေါ် တဲ့နှာစေး၊ အအေးမိ၊ တုပ်ကွေးေ ရာဂါ တွေဟာ ဆေးလိပ်သောက်သူတွေမှာ ပိုပြီးဖြစ်တတ်ခြင်းပါပဲ။
        အသက်ရှူလမ်းကြောင်းမှာ ချွဲတွေပိတ်တဲ့အခါ နာတာရှည်အဆုတ်ပြွှန်ရောင်ရမ်းခြင်း ဖြစ်ပေါ်လာနိုင် ပါတယ်… အဆုတ်အတွင်းက  လေခိုအောင်းတဲ့  လေအိတ်တွေကျယ်ကားပြီး  ပျက်စီးရင်တော့ Emphysema လို့ ခေါ်တဲ့ ရောဂါဖြစ်လာနိုင်ပါတယ်… အဲဒီအခါ အသက်ရှူကျပ်လာပြီး နှလုံးအလုပ်ကို ပျက်စီးစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်လောင်းတွေဟာ ကိုယ်ဝန်ဆောင်စဉ်ဆေးလိပ်သောက်သုံးရင်  အမူအကျင့် ဆိုင်ရာ ချို့ယွင်းတဲ့ကလေး မွေးနိုင်တဲ့အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်းဟာ ကလေး ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။
   သုတေသီတွေဟာ မိခင်နဲ့ကလေးစုံတွဲပေါင်း ၁၄၀၀၀ ကျော်ကို လေ့လာ ခဲ့ပါတယ်  ဆေးလိပ်အသောက် နည်းတဲ့မိခင်တွေက အဲဒီလိုချို့ယွင်းချက်ပါတဲ့ ကလေးမွေးနိုင်ခြေ ၄၄% ပိုများပြီး ဆေးလိပ်အသောက် များတဲ့ မိခင်တွေက ၈၀% ပိုများပါတယ်… ဆေးလိပ်သောက်တဲ့ မိခင်တွေက မွေးဖွားလာတဲ့ ကလေး သူငယ်တွေဟာ အာရုံစူးစိုက်မှုအားနည်းတဲ့ရောဂါ ဒါမှမဟုတ် လွန်လွန်ကဲကဲနိုးကြွလွန်း အားကြီးတဲ့ ကလေးတွေ ဖြစ်တတ်ပါတယ်။
          အရက်အကြောင်းကို ဆက်ပါမယ်။ အရက်ကို စွဲစွဲလန်းလန်း သောက်သုံးသူတွေအတွက် အသည်းရောဂါ ဖြစ်နိုင်ပါတယ်။ အသည်းရောဂါ အဆင့် ၃ ဆင့်ရှိပါတယ်။ ပထမအဆင့် အသည်း အဆီဖုံးတဲ့ အဆင့် (Fatty liver)၊ ဒုတိယအဆင့် အသည်းရောင်တဲ့အဆင့်(Alcoholic hepatitis)နဲ့ တတိယအဆင့် အသည်းခြောက်ရောဂါ အဆင့်(Cirrhosis)တို့ပဲ ဖြစ်ပါတယ်။
          တစ်ခါတလေမှ မူးအောင်သောက်တဲ့သူဖြစ်စေ၊ မှန်မှန်နဲ့များများသောက်သုံးသူဖြစ်စေ၊ ၉၀ ရာခိုင်နှုန်းမှာ အသည်းအဆီဖုံးတဲ့ရောဂါရနိုင်ပါတယ်။ ၁၀ နှစ်တန်သည်၊ နှစ် ၂၀ တန်သည် သောက် တယ်ဆိုရင် အထက်က ပြောခဲ့တဲ့ အသည်းရောဂါ ၃ မျိုးအပြင် အသည်းကင်ဆာပါဖြစ်နိုင်ပါတယ်။ အရက်သောက်ရင် အသည်းရောဂါ ဖြစ်တာကို လူအများသိပေမယ့် အစာရေမျိုပြွန်လမ်းကြောင်း ကင်ဆာ၊ နှလုံးရောဂါ၊ ဦးနှောက်ရောဂါ၊ ပန်ကရိယ ရောဂါတွေ ရတတ်တယ်လို့ မသိကြဘူး။ အရင်က မသိသေးရင်လဲ အခုသိကြပါတော့။
           ဆေးလိပ်၊ အရက်နှင့် ကွမ်းယာသုံးစွဲသူတွေ၊ နေရောင်ခြည် (UV Rays)နဲ့ တိုက်ရိုက်ထိတွေ့ ခံရသူတွေမှာ အာခံတွင်းကင်ဆာဖြစ်နိုင်ခြေဟာ မသုံးစွဲသူများထက်အဆ ၄၀၊ ၅၀ လောက်ပိုပါတယ်။ အာခံတွင်းကင်ဆာဆိုင်ရာ ရောဂါဖြစ်ပွားမှုတွေကို လေ့လာချက်အရ အရင်က အဲဒီကင်ဆာဟာ သက်လတ်ပိုင်းအရွယ် အသက် ၄၀၊ ၅၀ အမျိုးသားတွေမှာသာ ဖြစ်ပွားလေ့ရှိပေမယ့် အခုအခါမှာတော့ လူငယ်၊ လူရွယ်များအပြင် အမျိုးသမီးများမှာပါ ဖြစ်ပွားနေပါပြီ။
          ဒီနေရာမှာ“အရက်မပါမပြီး” ဆိုတဲ့ စိတ်ဓါတ်ကို တော်လှန်ရပါမယ်။ မိတ်ဖွဲ့လိုရင်လည်းအရက်နှင့်၊ ဂုဏ်ပြုလိုရင်လည်း အရက်နှင့်၊ အခက်အခဲဖြေရှင်းလိုရင်လည်း အရက်နှင့် ပျော်လို့သောက်၊ စိတ်ညစ်လို့ သောက်၊ ပျင်းလို့သောက် ဘာဖြစ်ဖြစ်အရက်ကို အဖော်ခေါ်ကြပါတယ်။ အရက်မသောက် တတ်ရင် လူပေါင်းမဆံ့၊ လူတော မတိုးဆိုချင်ကြပါတယ်။ ကျိုးကြောင်းဆက်စပ်မှု သဘောတရားနှင့် ဆိုရင်တော့ ဒါဟာ လုံးဝအဓိပ္ပါယ်မရှိပါ။ ဝမ်းနည်းလို့၊ စိတ်ထိခိုက်လို့ အရက်သောက်မိရာက ပိုပြီးဝမ်းနည်းစိတ်ထိခိုက်စရာအခြေအနေကို ရောက်သွားရတာ ချည်းဖြစ်ပါတယ်။ ဝမ်းနည်းစိတ် ကို ဖြေေ ဖျာက်ဖို့ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာပြည်မှာ ဘုရားကျောင်းကန်တွေ ပေါများလှပါတယ်။
          ဘီယာဟာအရက်တော့မဟုတ်ပါဆိုသူတွေအတွက် ပြောရပါဦးမည်။ နေ့စဉ် ဝိုင်အရက် ဒါမှမဟုတ် ဘီယာတစ်ဖန်ခွက်မျှ သောက်သုံးသူအမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်မား လာကြောင်း British Journal of Cancer မှာ ရေးသားထားပါတယ်။ သုတေသီတွေ တွေ့ရှိချက် အရ နေ့စဉ် အရက် ၁၀ ဂရမ် သောက်သုံးသူ အမျိုးသမီးတစ်ဦးအဖို့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၇ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ဆိုပါတယ်။
 တစ်နေ့ ဘီယာ(၄)ခွက်ထက် ပိုမိုသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်း အသည်းပျက်စီး မှုနှုန်း မြန် ဆန်ပြီး ကင်ဆာရောဂါကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဘီယာဟာ ဘာလီစေ့ကို ကစော်ဖောက် ထားတဲ့ အရက်တစ်မျိုးဖြစ်ပါ တယ်။ သူ့ထဲမှာပါဝင်တဲ့ အရက်ပမာဏဟာ (၄)ရာခိုင်နှုန်းမှ (၁၂)ရာခိုင်နှုန်းအထိရှိပြီး ကစီဓာတ်၊ မဂ္ဂနီဆီယမ်၊ ဆယ်လင်နီယမ်၊ ပိုတက်ဆီယမ်၊ ဖော့စဖောရပ်စ်၊ ဘိုင်အိုတင်နဲ့ ဗီတာမင် ဓာတ်များလည်း ပါဝင်ကြောင်း သိရပါ တယ်။
          ဘီယာမှာ အရက်ပါဝင်နေတာကြောင့် အသည်းရောင်ယမ်းခြင်း၊ အစာအိမ်ရောင်ယမ်းစေခြင်း၊ ပန်ကရိယ ရောင်ယမ်းစေခြင်း၊ ဆီးချိုရောဂါများနဲ့ နောက်ဆက်တွဲရောဂါများဖြစ်ပေါ်နိုင်ပါတယ်။ ဘီယာသောက်သုံးမှုများ လာခြင်းကြောင့် ဗိုက်ဆူ(ဘီယာဗိုက်)လာတဲ့ လက္ခဏာဟာ ဘီယာကိုမြုံ့ သောက်ရင်းနဲ့ အစားများစွာ စားမိခြင်း ကြောင့် ခန္ဓာကိုယ်အတွင်းက အဆီဓါတ်တွေဟာ ဗိုက်ပတ်လည်မှာ စုစည်းပြီး အဝလွန်ကဲလာခြင်းဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် အခြားရောဂါတွေ ပိုမိုကူးစက် လွယ်ကူနိုင် ပါတယ်။ ဘီယာဟာ ကမ္ဘာတစ်ဝှမ်း ရေပန်းအစားဆုံး ယမကာဖြစ်ပြီး တစ်နှစ်ကို ဂါလံပေါင်း (၃၅)ဘီလီ ယံကျော် ရောင်းချနေရကြောင်း စစ်တမ်းများအရ သိရှိရကြောင်း ပါဗျား။
ယနေ့ခေတ်မှာ ဘီယာ၊ အရက်၊ စီးကရက် တို့သာမက “ ကွမ်း ” ပါ အဆစ်ပါလာ ပါတယ်။ သောက်ကြ၊ ရှူကြ၊ စားကြ၊ ထွေးကြနဲ့ ခန္ဓာဝန်အပိုကို ထမ်းကြသူများစွာတွေ့ နိုင်ပါတယ်။ ကျန်းမာရေးလေ့လာမှု တစ်ခုအရ တစ်လအတွင်း လူတစ်ထောင်မှာ လူ ၅၀ ခန့်ဟာ Critically ill ခေါ် ပြင်းထန်စွာ နာမကျန်းဖြစ်နိုင်ပြီး အဲဒီအထဲက လူတစ်ဦးမှ ၅ ဦးခန့်အထိ အသက်ဆုံးနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ သဘောအရ ပျက်စီးယိုယွင်းပြီး ဘဝခရီးလမ်းဆုံးကြလေ့ရှိတဲ့ သဘာဝအရဖြစ်ပါတယ်။ ဒါပေမယ့် Untimely deaths ခေါ် အချိန်မတိုင်မီ ဖူးချိန်ပွင့်ချိန် အရွယ်ကောင်း ချိန်မှာ မသေသင့် မသေအပ်ဘဲ သေဆုံးရမှုများလည်း ရှိနိုင်ပါတယ်။ အဲဒီ Untimely deaths တွေမှာ မတော်တဆထိခိုက်မှုများ၊ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး သုံးစွဲမှုများ၊ အပျော်အပါး လိုက်စားမှုများေ ကြာင့်ဖြစ်ပွားရတာတွေက အဓိကနေရာများမှာရှိနေကြောင်း တွေ့ရပါတယ်။ ဆင်ခြင်တုံတရား သည်သာ အန္တရာယ်များကိုကျော်လွှားနိုင်မယ့် တစ်ခုတည်းသောလက်နက်အမှန်ဖြစ်ပါတယ်။
          နိုင်ငံတိုင်းလူမျိုးတိုင်းမှာ အရက်ပြဿနာရှိကြပါတယ်။ သူတို့ဆီမှာ အရက်စွဲရောဂါကို မူးယစ်ဆေးဝါး ဆေးလိပ်အန္တရာယ်တို့နဲ့ တန်းတူထားပြီး အစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များက တစ်နိုင်ငံချင်းရော နိုင်ငံအများစုပေါင်း၍ပါ အလေးအနက်ထား တိုက်ဖျက်နေကြပါ တယ်။ နိုင်ငံ အလိုက်အဖွဲ့အချို့ကို ဖော်ပြရ ရင်တော့…
          အမေရိကန်မှာ “National Institute of Alcohol Abuse and Alcoholisn”
          ရုရှားမှာ “State Research Centre of A ddiction”
          အင်္ဂလန်မှာ “Alcohol Education and Research Council” စတာတွေပါပဲ။
     ဒီနေ့ခေတ်ကြီးက မီဒီယာခေတ်ကြီးမဟုတ်လား… Media မှာပါတဲ့ Entertainment တွေကနေ ယဉ်ကျေးမှု တွေကူးစက်မြန်တယ်… လေထဲကလာတဲ့အရာတွေက လှိုင်းနှုန်းအနိမ့်အမြင့်မျိုးစုံနဲ့ဆိုတော့  တားလို့ဆီးလို့ မလွယ်ဘူး… တတ်နိုင်တာတစ်ခုပဲရှိတယ်… စဉ်းစားနိုင်တဲ့အသိပညာ၊ ချင့်ချိန်တွေးခေါ်နိုင် တဲ့ဦးနှောက်… ဒါတွေက အဓိကတံတိုင်းတွေပဲ… ဒါတွေနဲ့ပဲတားနိုင်မယ်… ကိုရီးယားမင်းသမီးတွေ ဆိုဂျူးသောက်တာကြည့်ပြီး မြန်မာ မိန်းကလေးတွေ ဘီယာလိုက်မသောက်သင့်တာကတော့ အမှန်ပါ။
           အရက်၊ ဘီယာနဲ့ဆေးလိပ်တို့ဟာ လူမှုအသိုင်းအဝိုင်းနယ်ပယ်မှာ ကျန်းမာရေးထိခိုက်စေ ရုံသာမက နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ စီးပွားရေးထိခိုက်မှု၊ အကျင့်စာရိတ္တချို့ယွင်းမှုများမှသည် ရာဇဝတ်မှုများအထိ ဆက်လက်ကျူးလွန်စေနိုင်တဲ့သဘောရှိပါတယ်။ ဘာသာတရားကလည်း ဆုံးမ တားမြစ်ထားပါလျှက် ဤမျှအန္တရာယ် ကြီးလှတဲ့ သုရာမေရယတွေကို မရှောင်ရှားနိုင်ဘူးဆိုရင်ဖြင့် ပစ္စုပ္ပန်၊ အနာဂတ်နဲ့ နောင်တမလွန်အထိပါ အကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်။ “သေရည်အရက် စီးပွားဖျက်ကို တစ်စက်ကယ်မှမသောက်ကြနှင့် ရှောင်ကြပါလေ ရှင်တော်ဟောသည့် အဆိပ်ရည်”ဆိုတဲ့ ဆုံးမစကား ရှိတယ်မဟုတ်လားဗျာ… အရက်၊ ဘီယာနဲ့ စီးကရက် စီးပွားဖြစ်ကြော်ငြာမှုတွေကို ပိတ်ပင်ခဲ့ခြင်းအတွက် သာဓုခေါ်ရပါတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission-MIC)အနေနဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ် တင်သွင်းခွင့်၊ ဖြန့်ဖြူးခွင့်၊ ရောင်းချခွင့်တွေကို လက်သိပ်ထိုး တိုးတိုးတိတ်တိတ် ခွင့်ပြုချက်(Permit)များ ပေးနေ ကြောင်း လူသတင်း လူချင်းဆောင် ဆိုတဲ့အတိုင်း ကြားနေရပါတယ်။ ဒီလိုဆောင်ရွက်နေခြင်းဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်မျှော်လင့် ချက်ရောင်ခြည်ဖြစ်တဲ့ လူငယ်လူရွယ်တွေကို ဘူးသီးနုနု အမွေးသပ်သလိုဖြစ်အောင် လုပ်နေတာလို့ပဲ ကျွန်တော်ယူဆပါတယ်… ဒါဟာ တိုင်းပြည်ရဲ့စီးပွားရေး တိုးတက်ဖို့လား၊ ရင်းနှီးမြှုပ်နှံမှုတွေ တဖွဲဖွဲ ဝင်လာစေဖို့လား၊ ကိုယ်ကျိုးစီးပွားတွေအတွက်ပဲလား၊ အားလုံး ဝိုင်းဝန်းစဉ်းစားပေးသင့်ပါတယ်။
ကျွန်တော်မြင်တာကိုပြောရရင် ကင်ဆာခေါင်းဆောင်ပြီး ရောဂါပေါင်းစုံပါဝင်တဲ့ ခရီးသွားအဖွဲ့ ကို ပြည်ဝင်ခွင့်ဗီဇာတွေ ထုတ်ပေးနေတာနဲ့တူပါတယ်… ဒါကြောင့် MIC က တာဝန်ရှိသူများအတွက် ဟာသစကားတစ်ခုလက်ဆောင် ပါးလိုက်ပါ့မယ်။
           အသက် ၆၀ ကျော် ၇၀ လောက်ရှိတဲ့ အဖိုးကြီးနှစ်ယောက် အရက်သောက်နေတာကို လူငယ်တစ်ယောက် ကမြင်တော့ “အဘတို့ ဒီအရွယ်မှာ အရက်မသောက်သင့်တော့ ဘူး”လို့ ပြောမိ တယ်။ ခေါင်းဆောင်လုပ်တဲ့ အဖိုးကြီးက ဘာပြန်ပြောသလဲဆိုတော့… “အေ့… မင်းကဘာ သိလို့လဲ… နောင်လာနောက်သားတွေ ဒီမကောင်းတဲ့ အရက်တွေရှိရင် သောက်မိပြီး ဘေးတွေ့မှာစိုးလို့ ငါတို့လူကြီးတွေက စေတနာနဲ့ ကုန်အောင်သောက်ပစ် နေတာကွ…ကောင်လေးရ အေ့…” တဲ့… ဒီစကားကို တွေးမိတော့ လက်ရှိ MIC က ပုဂ္ဂိုလ်ကြီးတွေကိုလဲ နည်းနည်းပြောလိုပါတယ်… ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ကြယ်ပွင့်လူငယ်တွေ အန်ကယ်ကြီးတို့သွင်းတဲ့ အရက်တွေမသောက်ဖြစ်အောင်ဆိုရင် အန်ကယ်ကြီးတို့လက်မှတ်နဲ့ ပြည်တွင်းရောက်လာတဲ့ အရက်တွေ၊ ဘီယာတွေ၊ ဆေးလိပ်တွေကို အန်ကယ်ကြီးတို့သာ တမလွန်မရောက်ခင် မကုန်မချင်း အပြောင်ရှင်းသွား သင့်ပါကြောင်း…။

ဒေါက်တာသံချောင်း


  
 
 



  

         

No comments:

Post a Comment