Monday, December 3, 2012

ဘဝနွံထဲက အကြွေပန်းလေးများ

အချိန်ကား ညသန်းခေါင်ယံ။ ကြယ်များ က မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ သည်မှာ အနက်ရောင် ကတ္တီပါတွင် ရွှေမှုန်ငွေမှုန် များ ပက်ဖျန်း ထားသည့်နှယ် ဖြစ်နေသည်။ ည လေအေးသည် တဟူးဟူး တိုက်ခတ်နေပြီး ဝါးတိုင်ထောင် ရွက်ဖျင်တဲတွင် ဖယောင်းတိုင်မီးသည် ဘယ်ညာ ယိမ်းထိုးနေသည်။


ရွှေဝါရောင် ဆိုးထားသော ဆံပင်ကုပ် ထောက်နှ
င့် အသက် ၁၈ နှစ်အရွယ် မအိ(အမည် လွှဲထား)တစ်ယောက် ဝါးတိုင်ထောင် ရွက်ဖျင်တဲ ခန်းဆီးစကို ဖယ်ကာ အပြုံးတု တစ်ခုကို ဖန်တီး လိုက်သည်။ ဝါးထရံစ ခင်းထားသည့် ကြမ်းခင်း ပေါ်တွင် သားကောင် တွေ့သည့် ကျားတစ်ကောင် နှယ် အရောင်တောက်နေသော မျက်လုံးပိုင်ရှင် အမျိုးသားတစ်ဦးက မအိကို စူးစိုက် ကြည့်လိုက် သည်။ သူမသည် ထိုအမျိုးသား၏ ရင်ခွင်ထဲသို့ တိုးဝှေ့လိုက်သည်။ ယင်းနောက် ဘယ်ညာယိမ်း နေသော ဖယောင်းတိုင် မီးရောင်ကို ငြှိမ်းသတ်လိုက် သည်။


ထိုနေရာမှာ ပခုက္ကူမြို့စွန်ရှိ ကျေးရွာတစ် ရွာတွင် ပြည့်တန်ဆာ (သို့မဟုတ်) လိင်ဖျော်ဖြေ ရေးဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေရသည့် မအိ အမည်ရှိ အမျိုးသမီးငယ်၏ ညစဉ် ဖြတ်သန်းနေ ရသော ဘဝပင်ဖြစ်သည်။

"ကျွန်မ ဖြစ်ချင်ခဲ့တာ ကျောင်းဆရာမပါ။ ဒါပေမဲ့ ဘဝပေး အခြေအနေ အရ ဖြစ်မလာဘူး" ဟု မအိက ရင်ဖွင့် ပြောဆိုသည်။


မိသားစု အဆင်မပြေ၍ မိဘကိုယ်တိုင် လိင် ဖျော်ဖြေရေး လုပ်ငန်းသို့ လွန်ခဲ့သည့် ၂ နှစ်ကျော် က လာရောက် အပ်နှံခဲ့ပြီး ငွေကျပ်ခြောက်သောင်း ကို ကြိုတင် ထုတ်ယူခဲ့ခြင်းသည် မအိအဖို့ ခန္ဓာရင်း ရသည့် ဘဝနွံထဲတွင် စတင်ရုန်းကန်ရန် ဖြစ်လာ ခဲ့ရသည်။


ထိုကျေးရွာတွင် အိမ်ခြေ ၇၀ ခန့်ရှိပြီး လိင် ဖျော်ဖြေရေး လုပ်ကိုင်နေသည့် အမျိုးသမီးပေါင်း ၆၀ ကျော်ရှိသည်။ ထိုရွာအတွင်း နေထိုင်သူ အားလုံး မှာ လိင်ဖျော်ဖြေရေးနှင့်သာ အဓိကဝင်ငွေဖြစ်နေ သည်။


"ဒီအလုပ်က ကျွန်မတို့အတွက် အဆန်း မဟုတ်တော့ပါဘူး။ လကုန်ရင် အိမ်ကို ပိုက်ဆံပို့ နိုင်ဖို့ အရေးကြီးတယ်" ဟု မအိက ဆိုသည်။


ပခုက္ကူမြို့နယ် အတွင်းရှိ ခေါင်းပါးသည့် ရွာငယ်လေးတွင် လယ်ယာပိုင် မရှိသည့် အတွက် နေ့စား လုပ်ကိုင်နေရသည့် မိသားစုကို တစ်လလျှင် ကျပ်တစ်သိန်းနီးပါး ထောက်ပံ့ နေရသူမှာ မအိပင် ဖြစ်သည်။


မအိသည် လိင်ဖျော်ဖြေမှု တစ်ခါဝင်တိုင်း (One Section) ဝင်ပြီးတိုင်း လက်ထဲတွင် တုံကင် ပြားလေး တစ်ပြား ရရှိသည်။ အမျိုးသားများအတွက် တစ်ခါ ဝင်ကြေးမှာ ကျပ်လေးထောင်ဖြစ်သည်။ တစ်နည်း ဆိုရလျှင် မအိလက်ထဲမှ တုံကင်ပြားသည် လေးထောင် တန်သည်။ တစ်ညတာ ဆက်ဆံခဲ့သည့် အကြိမ် အရေအတွက် အားလုံးကို တုံကင်ပြားဖြင့် မှတ်ထားခြင်း ဖြစ်ပြီး တုံကင်ပြား စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို မအိကဲ့သို့ လိင်ဖျော်ဖြေရေး လုပ်သား များက ခံစားခွင့် ရရှိသည်။


မအိ၏ ခန္ဓာအလှကို တစ်ညတာ ခံစား အသုံး တော်ခံ လိုသူများ အတွက်မူ ငွေကျပ် နှစ်သောင်းခွဲ ပေးဆောင်ရမည် ဖြစ်သည်။


"တစ်ညကို တုံကင်ပြား ရှစ်ခုလောက်ရမှ တွက်ခြေကိုက်တယ်" ဟု မအိက ရင်ဖွင့်သည်။


ဘဝခန္ဓာဖြင့် ရင်းကာ ရပ်တည် နေရသော မအိတို့ အလုပ်ကား တစ်ခါတစ်ရံ ပြေးလွှားရသည် များရှိသည်။ ထိုအချိန်ကား နိုင်ငံတော် အကြီးအကဲ တစ်ဦး ပခုက္ကူလာရောက်သည့် လမ်းကြောင်း ရှိသည့် အချိန်ဖြစ်သည်။ ထိုကာလမျိုးတွင် စီမံချက် ခေါင်းစဉ်ဖြင့် ရဲများက လာရောက် ဖမ်းဆီးလေ့ရှိ သောကြောင့် ရွာ၏ အနောက်ဘက် တောအုပ်လေး ထဲသို့ ပြေးဝင် ရသည်။


"တောထဲမှာ ဖျာခင်းပြီး လုပ်စားရတာပေါ့။ ဖောက်သည်တွေ ကတော့ တောထဲဆိုလည်း လာ ပါတယ်" ဟု မအိကပြောပြသည်။


လိင်ဖျော်ဖြေရေး လုပ်နေသူတို့၏ အဆိုအရမူ အဖမ်းမခံ ရစေရန်အတွက် သက်သေ အထောက် အထား မရှိသော ငွေကြေး တစ်ရက် ခြောက်သောင်းကို မြို့နယ် ရဲစခန်းသို့ ပေးသွင်းရသည်ကို ဆိုကြသည်။


"ဒီရွာမှာ ကောင်မလေးထားပြီး အခန်းဖွင့် ထားတာကို ၁ဝ အိမ်ကျော်ပဲ ရှိတယ်။ ဒါပေမဲ့ တစ်ရွာလုံးကတော့ ဒီလုပ်ငန်းပေါ်မှာပဲ ဝင်ငွေ ရှာ ကြတယ်"ဟု လိင်ဖျော်ဖြေရေးမယ် ရှစ်ဦး ထားရှိပြီး အခန်းဖွင့်ထားသူ အမျိုးသားတစ်ဦးကဆိုသည်။


ယင်းကျေးရွာ အတွင်းသို့ လိင်ဖျော်ဖြေရန် အတွက် ဝင်ရောက် သွားပါက အိမ်တစ်အိမ်ကို ကောင်မလေး ရနိုင်လားဟု မေးလိုက်ပါက လိုက် ရှာပေးကာ အခန်းစီစဉ်ပေးပြီး လိင်ဖျော်ဖြေကြေး အပြင် ဝန်ဆောင်မှု အခကြေးငွေပါ ပေးရကြောင်း ယင်းကျေးရွာသို့ သွားရောက်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။


အဆိုပါ လိင်ဖျော်ဖြေရေး လုပ်ငန်းများ ကြောင့် နောက်ဆက် တွဲ ဖြစ်လာနိုင်သည့် HIV/AIDS ရောဂါအန္တရာယ်ကိုလည်း ကာကွယ်မှုများ ပြုလုပ်လျက် ရှိသော်လည်း အချို့ အမျိုးသမီးများ မှာ ယင်းရောဂါနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ရန် ကြောက်ရွံ့နေကြသည်။


"ဒီရောဂါစစ်လို့ တွေ့ရင် အလုပ်မလုပ် ခိုင်း တော့ဘူး။ အားလုံးက ပယ်ထားကြတယ်။ ဒါကြောင့် မစစ်ချင်ဘူး" ဟု အသက် ၂၁ နှစ် အရွယ် မယွန်း (အမည်လွှဲ) က ၄င်းတို့၏ အနေအထားကို ပြောပြ သည်။

ယင်းပခုက္ကူ ဒေသ အပါအဝင် အလယ်ပိုင်း ဒေသတွင် AIDS ရောဂါဖြစ်ပွား၍ ဆေးကုသမှု ခံယူ ရသူမှာ သောင်းချီ ရှိနေကြောင်း ယင်းဝေဒနာရှင် များကို ကူညီ စောင့်ရှောက်ပေးနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။


"လူနာတွေကို ပခုက္ကူ ဆေးရုံကို ပြန်လွှဲပြောင်း လိုက်ပါပြီ။ အခုပညာပေးတွေလည်း လုပ်နေပြီ ဆိုတော့ အလယ်ပိုင်း ဒေသက ရန်ကုန်မှာ ဆေး လာယူတဲ့သူ နည်းသွားတယ်" ဟု ၄င်းက ဆိုသည်။

HIV ပိုး ကူးစက်နှုန်း သည် ပြည့်တန်ဆာများ နှင့် အဆက်အဆံရှိသူများ ကြားတွင် ကူးစက်နှုန်း အမြင့်ဆုံးဖြစ်သည်။ မူးယစ်ဆေးထိုးအပ် သုံးစွဲသူ များ၊ အဆိုပါ ဆေးဝါး သုံးစွဲသူများနှင့် လိင်ပိုင်း ဆိုင်ရာ အဆက်အဆံ ရှိသူများ ကြားတွင်လည်း ကူးစက်မှုနှုန်း မြင့်မားသည်။


၂၀၁၁ ခုနှစ်တွင် ၁၅ နှစ်နှင့်အထက် HIV ပိုး ကူးစက်ခံရသူများ ဦးရေသည် ၀ ဒသမ ၅၃ ရာခိုင်နှုန်းထိ စံချိန်တင်များပြား ခဲ့ပြီး လူငယ်များ နှင့် ကလေးသူငယ်များအပါအဝင် HIV ပိုးကူး စက်ခံထားရသူ ဦးရေသည် ၂၁၆ç၀၀၀ ဦးရှိပြီး ယင်းနှစ်အတွင်း ၁၈ç၀၀၀ ဦးသည် AIDS နှင့် ဆက်စပ် ရောဂါများကြောင့် သေဆုံးခဲ့ကြောင်း National AIDS Programme

၏ စာရင်းများတွင် ဖော်ပြထားသည်။


ကိုယ်ဝန်ဆောင် မိခင်များ အပါအဝင် HIV ဗိုင်းရပ်စ် ကူးစက်ခံမှု အများဆုံးသည် ကျေးလက် ဒေသထက် မြို့ပြဒေသတွင် ပိုများသည်။

၂၀၁၁ ခုနှစ် ဝန်းကျင်က ရရှိခဲ့သည့်ရလဒ် များအရ ပြည့်တန်ဆာ ၉၉၀ ဦး HIV ပိုး လာရောက် စစ်ဆေးခဲ့ပြီး ၉၃ ဦးမှာ HIV ပိုး ရှိသူများ ဖြစ်ကြောင်း အထက်ပါ Programme ၏ အစီရင်ခံစာ တွင် ဖော်ပြ ပါရှိသည်။


အထက်ပါ ကဲ့သို့ လိင်ဖျော်ဖြေရေး လုပ်ငန်း များတွင် လုပ်ဆောင်နေရသူများမှာ မိသားစုရပ် တည်ရေး ခက်ခဲခြင်းကြောင့် ရပ်တည် နေရသော် လည်း တစ်ခါတစ်ရံတွင် သောက်စား မူးယစ် ရမ်း ကားသူများ၏ ဆိုးမွေများ ကိုလည်း ခံစားကြရသည်။


"တစ်ခါတလေ ပါးတွေ ရိုက်ခံရတယ်" ဟု မအိကဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံ့ ဝန်ထမ်း အရာရှိကြီးများ၊ နာမည်ကျော် ခရိုနီ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ၏ သားသမီးများ မူးယစ် ရမ်းကားပြီး လူသတ် ရာဇဝတ်မှုများ ကျူးလွန်ပါက ဥပဒေ လက်တစ်လုံး ကြားလုပ်ကာ အဖမ်း မခံရသော်လည်း မိသားစု ဘဝ ရပ်တည်ရေးကြောင့် ခန္ဓာကိုယ် အရင်းပြုကာ ငွေရှာနေရသူ အမျိုးသမီးတို့ အဖို့မူ အဖမ်းခံနေရ ခြင်းသည် မျှတသည့် တရားဥပဒေလားဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။


သို့သော် မြန်မာ့ ယဉ်ကျေးမှု ဓလေ့များနှင့် ရေချိန် ထိုးကြည့်မည် ဆိုပါကလည်း လိင်ဖျော်ဖြေ ရေးလုပ်ငန်းသည် မိမိတို့နိုင်ငံတွင် မရှိသင့်သော လုပ်ငန်းဖြစ်သည်ဟု ဆိုကြသူများလည်း ရှိနေသည်။


"နိုင်ငံတကာမှာ လည်း ဒီလုပ်ငန်းတွေက ရှိ နေတာပဲ။ ဒါကို အစိုးရ အနေနဲ့ အများပြည်သူကို မထိခိုက်အောင် စီမံ ခန့်ခွဲတတ်မယ် ဆိုရင် လုပ်ကိုင် ခွင့်ပေးသင့်တယ်"ဟုလည်း ပခုက္ကူမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပေးသည်။


ယင်းဒေသရှိ ပဲကုန်သည်တစ်ဦးကမူ "လိင် ဖျော်ဖြေတဲ့ လုပ်ငန်းတွေ ရှိနေတာဟာ တက္ကသိုလ် ကျောင်းသားတွေ အတွက် မကောင်းဘူး။ ပျက်စီး ဖို့အတွက် လက်ယပ်ခေါ်နေသလိုပဲ။ အခန့်မသင့် ရင် ရောဂါ ရသွားနိုင်တယ်" ဟုဆိုသည်။


မအိအဖို့မူ လိင်ဖျော်ဖြေရေး အလုပ်သည် သူမဘဝ၊ သူမမိသားစု စားဝတ်နေရေးအတွက် အရေးကြီးသော မဟာအလုပ် ဖြစ်နေသည်။

ညသန်းခေါင်ယံကို ကျော်လွန်ကာ နံနက် မိုးသောက်ချိန်သို့ ရောက်လုပြီ။ ယိုင်နဲ့နဲ့ ဝါးလုံး ထောက်ထားသည့် တဲအိမ်လေးတွင် မအိတစ် ယောက်အဖို့ ပုံမှန် ဖြတ်သန်းနေကျ ညတစ်ညကို ကျော်လွန်ခဲ့သည်။ ကြယ်ရောင်တို့သည် မှုန်ပြပြ မှသည် ပျောက်ကွယ်သွားသည်။ နေရောင်သည် အင်အားအပြည့်နှင့် ထိုးထွက်လာခဲ့လေပြီ။ မအိ အဖို့မူ ရရှိခဲ့သော အခကြေးငွေများကို လက်တွင်း ကျစ်ကျစ်ဆုပ်ကိုင်ရင်း အနားယူရန် အဆိုပါတဲ အိမ်လေးထဲမှ မိမိနေအိမ်သို့ တရွေ့ရွေ့ ထွက်ခွာ သွားသည်။


မင်းထက်စံ


The Voice Weekly Vol.8/No.48 တွင်ဖော်ပြပြီး ဆောင်းပါး။

No comments:

Post a Comment