Saturday, December 29, 2012

Who's who 2012- ဦးသိန်းညွန့်


ဦးသိန်းညွန့်လွှတ်တော်နိုင်ငံရေး စတင်သည့် အချိန်မှစကာ လွှတ်တော်အတွင်း ဆွေးနွေး၊ အကြံပြုမှုများ၊ ဥပဟောင်းများ ပယ်ဖျက်၊ ပြင်ဆင်၊ ဖြည့်စွက်ရေး ကိစ္စများ၊ တင်သွင်း ဆွေးနွေးမှုများ မကြာခဏ ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ပြုလုပ် ခဲ့သော လွှတ်တော် အစည်းအဝေး များတွင် သတင်းစာ ဆရာများနှင့် နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီး ထောင်ချရာ၌ အသုံးပြုခဲ့သည့် တရားရုံးများ မထေမဲ့မြင်ပြုမှု ဥပဒေပြင်ဆင်ရေး၊

၁၉၅၀ ပြည့် အရေးပေါ် စီမံမှုဥပဒေနှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရခေတ်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေများကို ပြင်ဆင်ရန် ဥပဒေကြမ်း အဆိုတင်သွင်း ခဲ့သူဖြစ်ခြင်း၊ ရွေးကောက်တင်မြှောက်ခံ အခြား သော လွှတ်တော်ကိုယ်စားလှယ် များက နောက်ကွယ်၌ လွှတ်တော် မင်းသားဟု တင်စား ခေါ်ဆိုရလောက်အောင်ပင် ဥပဒေကြမ်းများ တင်သွင်းရုံ သာမက အရေးကြီး အဆိုများတွင်ပါ ဝင်ရောက် ဆွေးနွေးခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်း သတင်းမီဒီယာ များအား စံချိန်တင်လောက် သည် အထိ တရားစွဲဆိုမှု အများစုကို မီဒီယာများ ဘက်မှ အကျိုးဆောင်ရှေ့နေ အဖြစ် ခုခံ ချေပနေခြင်း၊ အရွေးကောက်ခံ သင်္ဃန်းကျွန်း မဲဆန္ဒနယ် အတွင်းရှိ ပြည်သူလူထု အကျိုးကို အထူးစွမ်းစွမ်းတမံ ကူညီ ဆောင်ရွက်ပေးခြင်း တို့ကြောင့် ယခုနှစ် အတွင်း ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ပါတီအဖြစ် သီးခြားခွဲ ထူထောင်ခဲ့သူ ဖြစ်ခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ် ဖြစ်ဖြစ်ပြီးချင်း အမှတ်(၁) စက်မှုဝန်ကြီး ဌာနက ဝယ်ယူခွင့် ပေးသော မြန်မာမီနီ ဆလွန်းဦးဆုံး ရရှိသူ လွှတ်တော် အမတ် အနည်းငယ်အနက် တစ်ဦး ဖြစ်ခြင်းတို့ကြောင့် ဝေဖန်ပြောဆိုမှု အနည်း ငယ် ရှိသော်လည်း ဦးသိန်းညွန့်သည် ဥပဒေ ပြုရေးရာများတွင်သာမက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ်နှင့် တရားစီရင်ရေး နယ်ပယ်တွင် ဖြစ်ပေါ်နေသော အဂတိ လိုက်စားမှုများကို စုံစမ်း ဖော်ထုတ်ရေး၌ အင်တိုက် အားတိုက် ဆောင်ရွက်နေသူလည်း ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ရွေးချယ်လိုက်ရခြင်း ဖြစ်ပါသည်။

No comments:

Post a Comment