Tuesday, January 29, 2013

ပလပ်စတစ်ခေတ်အတွေး

၁၉၃၀ လောက်ကတည်းက ပလပ်စတစ်ဆိုသည့်ဝေါဟာရ ဈေးကွက်ကိုရောက်လာသည်။ အိမ်တိုင်းသို့ ပလပ်စတစ်သွားပွတ်တံ အသွင်ဖြင့် ဝင်လာခြင်းဖြစ်သည်။
ပလပ်စတစ်ကိုမသုံးကြေးဆိုသည့် စကားသံတွေညံလာချိန်တွင်  ဘာသုံးမည်နည်းဆိုသည့် အမေးလည်း ပေါ်လာသည်။ ပလပ်စတစ်ကို
မသုံးလျှင် သစ်သားဖြင့်ပြုလုပ်ထားသည့် သွားပွတ်တံတွေကို သုံးကြ မည်လား။ သွားပွတ်တံအမွှေးကို ဝက်မွှေးအစစ်သုံးကြမည်လား။ အစားအစာတွေကို အင်ဖက်၊ ငှက်ပျောဖက်၊ တောင်စွန် ဖက်တွေနှင့် ပြန်ထုပ်ပေးကြမည်လား။ ဈေးဝယ်ထွက်လျှင် စတီးလ်ဆွဲခြင်း သို့မဟုတ် ကြိမ်ဆွဲခြင်းကြီးတွေ ပြန်ကိုင်ကြမည်လား။ လေဆိပ်တွင် ပလပ်စတစ်ခုံတွေထားပေးမည့်အစား သစ်သားခုံတွေ ပြန်ပြီးအစား ထိုးကြမည်လား မေးစရာတွေများလာသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပလပ်စတစ်ကို စွန့်ပစ်ကြရမည်ဆိုသည့် အတွေးအမြင်ကို ကျွန်တော်တို့ လက်ခံသင့် ကြပါသည်။ ပလပ်စတစ်အရုပ်များကြောင့် ကလေးများအဆိပ်သင့်ခြင်း၊ ပလပ်စတစ် ဘူးဖုံးများကို မြိုမိသော ဇင်ယော်ငှက်များ ဒုက္ခဖြစ် ကြရခြင်း၊ ပင်လယ်ပြင်ထဲတွင် ပလပ်စတစ်အိတ်များ၊ အစ အနများ၊ ပိုက်များဖုံးလွှမ်းလာခြင်းစသည့် သတင်းတွေကိုလည်း ကျွန်တော်တို့ ကြားနေကြရသည်။ သတင်း တွေရေးကြ၊ အွန်လိုင်းပေါ်တက်အော်ကြ၊ သဘာဝပတ်ဝန်းကျင်တွင် ပလပ်စတစ်ကင်းစင်ရေးအကြောင်းပြပြီး ချမ်းသာသူတွေ ချမ်းသာသွားကြသော်လည်း ယနေ့လူ့ဘောင်ဝန်းကျင် တွင် ပလပ်စတစ်နှင့် အမှန်တကယ် မကင်းစင်နိုင်သေးပေ။
အွန်လိုင်းတစ်ခုပေါ်တွင် “သဘာဝဝန်းကျင်ရေရှည်တည်တန့်ရေး နှင့် စိမ်းလန်းစိုပြေရေးအတွက် ပလပ်စတစ် တွေကို စွန့်လွှတ်ကြမယ်”  ဆိုသည့် ခေါင်းစဉ်ဖြင့် အော်သူတွေအော်နေကြသည်။ သူတို့ အော်နေ ကြသည့် အတိုင်း ကျွန်တော်တို့ ပလပ်စတစ်များကို အမှန်တကယ် စွန့်၍ရမည်လား စဉ်းစားစရာဖြစ်သည်။ ပေါ့ပေါ့လေး တွေးလျှင် ယနေ့ မနက်ဖြန် ပလပ်စတစ်များကိုစွန့်လိုက်ပါက သဘာဝပတ်ဝန်း ကျင်ကြီး သာယာစိုပြေ စိမ်းလန်းသွားမလိုလို နားထောင်၍ ကောင်းပါ သည်။ ပလပ်စတစ်မပါ သို့မဟုတ် မရှိသည့် တကယ့်ပကတိ အမှန်တရားကို ကျွန်တော်တို့ ရင်ဆိုင်ကြည့်ရန် စွမ်းအားတွေ ရှိ မရှိ ပြန်တွေးကြည့်စေချင်သည်။
ကျွန်တော်တို့ ပလပ်စတစ်ကို အဘယ်ကြောင့်တီထွင်ခဲ့ကြ သနည်း။ ပတ်ဝန်းကျင်တွင် လေးလံသည့် ဝန်ထုပ်ဝန်ပိုးကြီးများကို မထမ်းလို၊ မရှိစေလိုသဖြင့် ပေါ့ပါးခိုင်ခန့်သော ပလပ်စတစ်ကို တီထွင်ခဲ့ကြခြင်း ဖြစ်သည်။ လူတွေက ဆင်စွယ်လို လိပ်ခွံလို သဘာဝ စစ်စစ်တိရစ္ဆာန်များ၏ပစ္စည်းများကို အသုံးမပြုလို တော့ခြင်း၊ လူတို့ လိုအပ်ချက်နှင့် သဘာဝတရား၏ ဖြည့်ဆည်းပေးနိုင်မှု မမျှမတဖြစ် လာခြင်းတို့ကြောင့် လည်းဖြစ်သည်။ ကျွန်တော်တို့ အဘိုးအဖွားများ ခေတ်က ဆင်စွယ်ဘီး၊ လိပ်ခွံဘီးတွေကို အစစ်အမှန် သုံးစွဲခဲ့ကြသည်။  ယခု ဘီးတွေကအစ ပလပ်စတစ်ဘီးတွေဖြစ်ကုန်သည်။ ပလပ်စတစ် စွန့်လွှတ်ရေးကို ဦးဆောင်အော်နေကြသူတွေ သစ်သားသွားပွတ်တံ၊ သစ်သားဘီးတွေပြန်သုံးနေကြပါသလား သိချင်မိပါသည်။
အမေရိကန်မှ ဂျွန် ဝက်စ်လေ ဟိုက်ဆိုသူက ၁၈၆၉ ခုနှစ်တွင်  ကော်အကြည်စားတစ်မျိုးဖြစ်သည့် (celluloid) ကိုမူပိုင်ခွင့်အဖြစ် မှတ်ပုံတင်ခဲ့သည်။ ဝက်စ်လေ၏ ကုမ္ပဏီမှ နောက်ပိုင်းတွင် လူသုံး ကုန်ပစ္စည်းများကို ထိုဆယ်လူလွိုက်ကော်ကြည်များဖြင့် တီထွင်ထုတ် လုပ်လာခဲ့သည်။ ဤသို့ဖြင့် ကျွန်တော်တို့ လူ့ဘောင် အတွင်းသို့ လက်ဝတ်တန်ဆာများ၊ ဘီး၊ ကြယ်သီးနှင့် အခြားပစ္စည်းအတော်များ များရောက်လာသည်။ လိပ်တွေ၊ ဆင်တွေကလည်း ရှားပါးလာသဖြင့် ဈေးကြီးလာသည်။ ကော်ကြည်အဆောင်အယောင်တွေက ဈေးပေါပြီး လူတိုင်းနှင့် အသုံးတည့်လာသည်။ ထိုအချိန်မှအစပြုပြီး လူသားတို့ ကော်အကြည်ကို စတင် စွဲလမ်းမှုဖြစ်လာကြသည်။
ဘာကီလိုက်ဆိုသူသည် ပထမဦးဆုံး ပလပ်စတစ် (synthetic plastic) ကိုတီထွင်ခဲ့သူဖြစ်သည်။ သူက ပရိဘောဂများတွင် ချိပ်ဖြင့် အထပ်ထပ်အရောင်တင်ရမည့်အစား ပလပ်စတစ်ဖြင့်အပေါ်ယံကိုဖုံး သည့် နည်းကို တီထွင်ခဲ့ခြင်းဖြစ်သည်။ ထိုပလပ်စတစ်သည် လျှပ်စစ် ဓာတ်စီးဆင်းမှုကို ကာကွယ်နိုင်သဖြင့် ပိုပြီးလူသုံး တွင်ကျယ်ရန် ဖြစ်လာခဲ့သည်။ ချိပ်ထုတ်ပေးသောပိုးကောင်များကို လျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့်နေရာတွင် အသုံးပြုခြင်းမှကင်းဝေးသွားရပြန်သည်။
ယနေ့ခေတ်တွင် ပလပ်စတစ်ကို သဘာဝတရား၏ရန်သူ အဖြစ်ရှုမြင်နေကြသည်။ ပလပ်စတစ်ကို အစားထိုး သုံးစွဲနိုင်ခဲ့ခြင်းကြောင့် လူ့ဘောင်ကြီးဖွံ့ဖြိုးတိုးတက်ကာ အလုပ်ဖြစ်သူတွေ ဖြစ်ခဲ့ကြ ခြင်းကို ကျေးဇူးဆပ်ခြင်း လား၊ မျက်ကွယ်ပြုခြင်းလား။ ပလပ်စတစ် ကို ထည့်စရာအိတ်အဖြစ် တီထွင်ဖန်တီးပြီးချိန်မှစတင်ပြီး ပလပ်စတစ်အိတ်ကို စွဲလမ်းသည့် စိတ်တွေဝင်လာသည်။ အားလုံး ပလပ်စတစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းကို ကြည်ဖြူစွာလက်ခံခဲ့ကြသည်။ ပလပ်စတစ် ရေပိုက်၊ အမိုးပြား၊ အမှိုက်ပုံး၊ ပုလင်း၊ ဘူး၊ ခွက်တွေအားလုံး ပလပ်စတစ်တွေဖြစ်ကုန်သည်။ ကုန်းမြေရော ပင်လယ်ပြင်မှာပါ ပလပ်စတစ်တွေဖုံးကုန်သည်။ တောင်အတ္တလန္တိတ် သမုဒ္ဒရာအတွင်း ဘရာဇီးလ်နိုင်ငံအနီးတွင် ပလပ်စတစ်ဖုံးနေသော ပင်လယ်ပြင်ကြီး၌ သင်္ဘောကြီးတစ်စင်း ကျောက်ဆူးနှင့်ငြိပြီး ဒုက္ခရောက်ခဲ့ရပုံသတင်းက သက်သေဖြစ်သည်။
အမေရိကန်နိုင်ငံဒေသအတော်များများတွင် ပလပ်စတစ်အိတ် သုံးစွဲခြင်းကို ပိတ်ပင်ထားသည်။ ပလပ်စတစ် အိတ်ထုတ်လုပ်သည့်လုပ် ငန်းတွေကို ရပ်စဲလိုသည့်ဆန္ဒဖြင့် ပြုလုပ်သည်ဆိုစေ ပလပ်စတစ်နေရာတွင် စက္ကူအိတ်တွေ အစားထိုးဝင်ရောက်လာသည်။ ထိုအစား ထိုးမှုအတွက် ကုန်ကျစရိတ်နှင့် အခြားဆက်နွှယ်နေ သည့်ပြဿနာများ ကိုထည့်တွက်ပြီးပြီလား၊ ထိုပြဿနာကို မည်သူတွေကကျခံနေရ ကြောင်း တွက်ဆပြီးပြီ လား။
အဓိကပြဿနာမှာ ထုတ်ပိုးအိတ်တွေကို ဘာနှင့်ပြုလုပ်မည်ကို တွက်ဆနေကြမှာလား၊ ဘာအတွက်ကြောင့် အသုံးပြုနေရကြောင်းဖြင့် တွက်ဆကြမည်လား။ ဈေးဝယ်ထွက်ရာသို့ ခြင်းတွေ၊ အိတ်တွေ မယူချင်။ ကုန်တိုက် သို့မဟုတ် ဆိုင်မှထည့်ပေးလိုက်သည့် အိတ်များ ဖြင့် မိမိအိမ်အရောက် သယ်ဆောင်လာကြရန်သာဖြစ်သည်။ ပလပ်စတစ်ကို ကြောက်လန့်စိုးရွံ့စရာကိစ္စတစ်ခုအနေဖြင့် မြင်လာ လျှင် လူနေမှုဘ၀စတိုင်တစ်ခုကို ပြောင်းကြရန်သာဖြစ်သည်။ ဘာတွေ နှင့်အစားထိုးပြောင်းမည်၊ ဘာကိုအစားထိုးပြောင်းလျှင် ဝန်းကျင်နှင့် သင့်လျော်မည်၊ လူတိုင်းနှင့်အသုံးတည့်ပြီး၊ လူတိုင်းအတွက် စရိတ် သက်သာ အဖိုးနည်းဝန်ပါသဘော ဖြစ်ရန်သာ အရေးကြီးသည်။
ကမ္ဘာပေါ်တွင် တစ်နှစ် ပလပ်စတစ်ကီလိုဂရမ်ပေါင်း ၂၇၀ ဘီလီယံထုတ်လုပ်နေကြရာ ထိုပမာဏ၏ ထက်ဝက်ခန့်ကို တစ်ခါသုံး ပစ္စည်းများအဖြစ် ထုတ်လုပ်နေကြခြင်းဖြစ်သည်။ ဥပမာ ဆေးထိုးအပ်ကို ပလပ်စတစ်ဖြင့် တစ်ခါသုံးတီထွင်နိုင်ခြင်းကြောင့် HIV ရောဂါများ မှကင်းဝေးအောင် တားဆီးနိုင်ခဲ့ကြသည်။ မကြာမီက ကမ္ဘာ့ကပ်ဘေး (ဆူနာမီ၊ ငလျှင်၊ မုန်တိုင်း) များတွင် ပလပ်စတစ်ရေပုလင်းများက မည်မျှအတိုင်း အတာအထိ ခရီးရောက်ခဲ့ကြောင်း သိမည်ထင်သည်။
ပလပ်စတစ်သည် တစ်ခါသုံးစွန့်ပစ်ရသည့်ပစ္စည်း များအဖြစ် လူ့ဘောင်ကမြင်လာသည်။ ဈေးကလည်း ပေါသည်။ ပလပ်စတစ်သုံးခြင်းဖြင့် ဘေးထွက်ဆိုးကျိုးတွေမည်မျှရှိကြောင်းပြောပြော မုန့်ဟင်းခါးကို ချိုင့်ဆွဲပြီး မည်သူမျှထွက်မဝယ်သည့်ခေတ်ဖြစ် ကြောင်းကိုတော့ သဘောပေါက်ထားရလိမ့်မည်။ တန်ဖိုးမရှိသလို ဖြစ်နေ သဖြင့် တန်ဖိုးမသိ၊ လွယ်လွယ်ရ လွယ်လွယ်သုံး၊ လွယ်လွယ် ဖြုန်း လွယ်လွယ်သုံးနေကြခြင်းသာဖြစ်သည်။
ကမ္ဘာလူဦးရေ သန်းခုနှစ်ထောင်ခန့်အတွက် လိုအပ်နေသည့် နေအိမ်အဆောက်အအုံများနေရာတွင် သစ်သား၊ သတ္တုနှင့် ကျောက် တုံးတို့ဖြင့် အစားထိုးပေးနိုင်ရန် လုံလောက်မည်ထင်ပါသလား။ ပလပ်စတစ်သုံး၍ သဘာဝ တရားကြီးပျက်စီးသည်ဆိုပြီး သဘာဝ မကျသည့် ပလပ်စတစ်ကိုစွန့်ပယ်လိုက်ကြလျှင် လက်တွေ့နှင့်ကင်းကွာ သလိုဖြစ်သွားမည်ကတော့ အမှန်ဖြစ်သည်။
တစ်ခုမကောင်းသဖြင့် တစ်ခုပြောင်းမည်ဆိုလျှင် နောက်တစ်ခု ကောင်းကြောင်း သက်သေထူနိုင်ရုံမျှမက၊ နောက်တစ်ခုသည် လူတိုင်း အတွက် အကျိုးရှိ၊ အသုံးတည့်၊ ဈေးသက်သာ၊ သုံးစွဲနိုင်သည့်အနေ အထားတွင် ရှိနေရမည်သာဖြစ်သည်။ အတုမကောင်းလျှင် အစစ်ကို ပြောင်းသုံးကြမည်။ အစစ်ကိုလုံလောက်အောင် လုပ်ကြရမည်။ အစစ် ကို လုံလောက်အောင်မလုပ်နိုင်၊ ကျောက်ခေတ်ကိုလည်းပြန်မသွားနိုင် လျှင် အတုကိုသာ အကျိုးရှိစွာသုံးကြရမည်။ စည်းကမ်းရှိစွာသုံးကြ ရမည်။ သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး ဆိုသည့် ဆိုရိုးစကား ရှိပါသည်။ ဆေးအဖြစ်သုံးမလား၊ ဘေးဖြစ်အောင်သုံးမလား။ စဉ်းစားနိုင်သည့်အသိတရားနှင့် ကျင့်သုံးနိုင်သည့်စည်းကမ်းများ ချမှတ်ခြင်း၊ လိုက်နာခြင်းတွေလည်း ရှိကြရလိမ့်မည်။ မလိုက်နာသည့် စည်းမဲ့ ကမ်းမဲ့သူတွေကြောင့် ဖိနပ်နှင့်ခြေထောက်မတော်သည်ကို ခြေထောက်ဖြတ်ပစ်မိမည်ကိုတော့ စိုးရိမ်မိသည်။
Ref : Plastic: Too Good to Throw Away, by Susan Freinkel
မောက္ခမဂ္ဂဇင်း

No comments:

Post a Comment