နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ်နှင့်
ဒုတိယ၀န်ကြီးချုပ် မစ္စတာ တာရိုအာဇိုနှင့်အဖွဲ့အား ဇန်န၀ါရီလ ၃ ရက်က နေပြည်တော် ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ - သမ္မရုံးဝက်ဘ်ဆိုက်)
၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲအလွန် ဒေါ်အောင်ဆန်းစုကြည်
လွှတ်တော်ထဲရောက်ပြီး နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု အပါအ၀င်
ကမ္ဘာ့နိုင်ငံ အများစုသည် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ၊
နည်းဗျူဟာများကို
ပြောင်းလဲကျင့်သုံးလာခဲ့ကြသည်။ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းတွင် တရုတ်ပြည်သူ့
သမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် အမေရိကန်ပြည်ထောင်စု၊
ဥရောပနိုင်ငံများတို့နှင့် အပြိုင် အင်တိုက်အားတိုက်
ဝင်ရောက်နိုင်ခြေရှိနေပြီး ခြေလှမ်းအသွက်ဆုံးနှင့် အကျိုးစီးပွား
အမြင့်မားဆုံး ပြိုင်ဘက်များ ဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့်
တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုကို
အကြောင်းပြုလျက် မိမိအမျိုးသား အကျိုးစီးပွားအတွက် မည်သို့မည်ပုံ
အကျိုးရှိအောင် ဆောင်ရွက်နိုင်မည်ကို လေ့လာပြင်ဆင်ရမည် ဖြစ်သည်။
အကယ်စင်စစ် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် အာရှသာမက ကမ္ဘာ့အဆင့်
နိုင်ငံရေး၊ စီးပွားရေး အခင်းအကျင်းများတွင် အခရာကျသူများ ဖြစ်သည်။
ဂျပန်နိုင်ငံ၏ လတ်တလော မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် ဂျပန်၏ ရုန်းဆဲကန်ဆဲ
စီးပွားရေးကို အထောက်အကူပြုနိုင်မည့် မြန်မာ့ဈေးကွက် ဖွံ့ဖြိုးရေးကို
ကူညီရန်နှင့် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ သြဇာကျယ်ပြန့်လာနေခြင်းကို
ထိန်းချုပ်စောင့်ကြည့်ရန် ဦးတည်ပုံရသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။
ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား
လက်ရှိမဟာဗျူဟာ ဆက်ဆံရေးကို လျှော့မတွက်ရန်နှင့် ပိုလည်းမတွက်ရန်
လိုအပ်သည့်အပြင် ပါးနပ်သိမ်မွေ့သော၊ ဗျူဟာမြောက်သော
နည်းနာချဉ်းကပ်ပုံတို့ကို ပုံဖော်သင့်ကြောင်း အကဲခတ်များက ထောက်ပြကြသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်သည်
ဂျပန်နိုင်ငံအောက် လွှတ်တော်အမတ်၊ ဒုတိယ၀န်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး
တာရိုအာဇို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၃
ရက်နေ့တွင် လက်ခံတွေ့ဆုံခဲ့သည်။ တာရိုအာဇိုက ဂျပန်ဝန်ကြီးချုပ်
ရှင်ဇိုအာဘေး၏ သ၀ဏ်လွှာကို ပေးအပ်ခဲ့ပြီး သမ္မတဦးသိန်းစိန်ကလည်း
ရှင်ဇိုအာဘေးကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
ဂျပန်ဒုဝန်ကြီးချုပ် တာရိုအာဇိုသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ
တပ်မတော်များအကြား ဆက်ဆံရေးအဆင့် မြှင့်တင်ရန်နှင့် တိုင်းရင်းသားဒေသများ
ဖွံ့ဖြိုးရေးအတွက် အကူအညီ အထောက်အပံ့များ ပေးအပ်ရန်တို့ကို
ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံ၏ မိတ်ဆွေဟောင်းကြီးလည်းဖြစ်၊ မြန်မာ-ဂျပန်
ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် အထက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ်သော မစ္စတာ
ဟီဒီရိုဝါတနာဘီနှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ရိုဟီဆာဆာကာဝါတို့လည်း
တက်ရောက်ခဲ့ကြသည်။ ဂျပန်နိုင်ငံအနေဖြင့် အစိုးရချင်းသာမက တပ်မတော်ချင်း
တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်ရေးကို ဦးတည်လာခြင်းသည် တရုတ်အစိုးရအတွက်
သတိထားရမည့် အနေအထား ဖြစ်နိုင်ဖွယ်ရှိသည်ဟုလည်း လေ့လာသူများက သုံးသပ်ကြသည်။
မြန်မာ့တပ်မတော်သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နှင့် မဟာဗျူဟာ
ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်နေသည့် တစ်ချိန်တည်းတွင်
အမေရိကန်တပ်မတော်၊ ဂျပန်တပ်မတော်နှင့် အရှေ့တောင်အာရှနိုင်ငံများ၏
တပ်မတော်များနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ၂၀၁၃
ခုနှစ်အတွင်း ခြေလှမ်းသွက်သွက် ပုံဖော်လာနိုင်ဖွယ်ရှိသည်ဟုလည်း
သုံးသပ်ကြသည်။
ဂျပန်စီးပွားရေး လုပ်ငန်းကြီးများ မြန်မာနိုင်ငံဈေးကွက်သို့ အင်နှင့်အားနှင့် ၀င်ရောက်လာခြင်းသည် တရုတ်စီးပွားရေး လုပ်ငန်းကြီးများ၏ မြန်မာ့ဈေးကွက်တွင် သြဇာလွှမ်းမိုးမှု၊ ဈေးကွက်ထိန်းချုပ်မှုနှင့် လက်သာမှုတို့အတွက် အကောင်းဆုံး ထိန်းညှိနိုင်မည့် ကုပ်အားဖြစ်သည်ဟုလည်း လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည် . . . |
တာရိုအာဇို၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံ
စစ်မြေပြင်တွင် ကျဆုံးခဲ့သော ဂျပန်စစ်သားများ၏ စစ်သင်္ချိုင်းကို
သွားရောက်ဂါရ၀ပြုခဲ့မှုအပေါ် မကျေမနပ်သံများ ထွက်ပေါ်ခဲ့သည်။ အာဇို၏
စစ်သင်္ချိုင်းသွား အစီအစဉ်သည် စစ်အတွင်း ဂျပန်စစ်တပ်၏
နှိပ်စက်ညှဉ်းပန်းမှုကြောင့် နစ်နာခံစားခဲ့ရသည့် မြန်မာအပါအ၀င်
အာရှပြည်သူများ၏ ခံစားချက်ကို လျစ်လျူရှုခြင်းဖြစ်သည်ဟုလည်း
ဝေဖန်သုံးသပ်မှုများ ရှိနေသည်။ ဂျပန်သည် အာရှဒေသတွင်
တရုတ်နိုင်ငံနှင့်အပြိုင် သြဇာထူထောင်လိုပြီး တရုတ်နိုင်ငံ၏
စီးပွားရေးချဲ့ထွင်လာမှုကို ထိန်းချုပ်လိုသည်ဆိုပါက
ဂျပန်ခေါင်းဆောင်များသည် ကမ္ဘာစစ်အတွင်း ဂျပန်စစ်ဝါဒီများကြောင့်
အာရှတလွှားတွင် နစ်နာဆုံးရှုံးခဲ့သူများ၊ မိသားစုဝင်များကို တန်ဖိုးထားရန်၊
အလေးဂရုပြုရန် အထူးလိုအပ်သည်ဟုလည်း ထောက်ပြကြသည်။
ရှင်ဇိုအာဘေး၏ အစိုးရတွင် ရယ်ဒီကယ် အမျိုးသားရေးဝါဒီ အများစု
ပါဝင်သဖြင့်၊ လက်ယာစွန်းသို့ ဦးတည်သွားမည်ကို အကဲခတ်များက စိုးရိမ်ကြသည်။
၂၀၁၃ ခုနှစ်တွင် ဆယ်စုနှစ် တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ်
ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်နိုင်ဖွယ်ရှိနေခြင်းကလည်း စိုးရိမ်မှုကို
ပိုမိုဖြစ်စေခဲ့သည်။ ဂျပန်နိုင်ငံအနေဖြင့် စစ်အတွင်း ဂျပန်၏ စစ်ဝါဒနှင့်
ကျူးကျော်မှုများကို ဖျောက်ဖျက်မည်ဆိုလျှင် တန်ပြန်ဆိုးကျိုးဖြစ်နိုင်သည့်
နည်းတူ၊ ဂျပန်နိုင်ငံရေး ခေါင်းဆောင်များအနေဖြင့်လည်း ဒုတိယကမ္ဘာစစ်လွန်ကာလ
ချမှတ်ထားသော စည်းမျဉ်းများကို ထိန်းသိမ်းရန် အထူးအရေးကြီးသည်ဟု
အကဲခတ်များက သုံးသပ်ကြသည်။
တာရိုအာဇိုက မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ပေးရန်ရှိသည့် ကြွေးမြီ
၅၀၀ ဘီလျံယန်း (အမေရိကန်ဒေါ်လာ ၅.၇၄ ဘီလျံ) အနက် ကြွေးမြီ ၃၀၀ ဘီလျံယန်းကို
၂၀၁၃ ခုနှစ်အတွင်း အဆင့်နှစ်ဆင့်ဖြင့် လျော်ပစ်မည် ဟု အတည်ပြု
ပြောကြားခဲ့သည်။ မစ်ဆူဘီရှီ ယူအက်ဖ်ဂျေ ဘဏ္ဍာရေးအုပ်စုမှ ဦးစီးသော
ဂျပန်ပုဂ္ဂလိက ဘဏ်များအဖွဲ့အနေဖြင့်လည်း ကျန်ရှိသော ယန်း ၂၀၀ ဘီလျံကို
ကာလတိုချေးငွေအဖြစ် ထုတ်ချေးရန် စီစဉ်နေသည်။ ဂျပန်နိုင်ငံသည်
မြန်မာ့ဈေးကွက်အတွင်းသို့ ဓနအင်အား အလုံးအရင်းနှင့်
ခြေကုန်သုတ်ဝင်နေပြီဟုလည်း သုံးသပ်ကြသည်။
ထို့အပြင် ဂျပန်နိုင်ငံအစိုးရနှင့် ဆက်စပ်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ်သည် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ကိုပေးရန် ရက်လွန်ကြွေးမြီ ဒဏ်ကြေးတို့ကို ပြန်လည်ပေးဆပ်နိုင်ပြီး ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ပုံမှန်ချေးငွေများ ပြန်လည်ရရှိနိုင်ရန်တို့အတွက် ကာလတိုချေးငွေ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း ပံ့ပိုးပေးမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ၀ါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်ကို အမေရိကန်ဒေါ်လာ သန်း ၄၀၀ နှင့် မနီလာအခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ပေးရန် တာဝန်ရှိနေသည်။ ထို့အပြင် ဂျပန်နိုင်ငံသည် ၂၄၀၀ ဟက်တာ ကျယ်ဝန်းသော သီလ၀ါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘီလျံ ၅၀ ယန်း ချေးငွေသစ်ကိုလည်း ၂၀၁၃ ခုနှစ်အတွင်းမှာ ထုတ်ချေးမည်ဖြစ်သည်။

တိုကျိုနှင့် ပေကျင်းအကြား နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများ
ဖြစ်လာခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ
ပြုလုပ်မည့် အစီအစဉ်များကို ပြန်လည်သုံးသပ်နေသော
ဂျပန်လုပ်ငန်းရှင်များအတွက် သီလ၀ါအထူးစီးပွားရေးဇုန်သည် ဆွဲဆောင်မှု
အခွင့်အလမ်းအပြည့်ဟု ဆိုနိုင်သည်။ မစ်ဆူဘီရှီ ကော်ပိုရေးရှင်း၊ မာရုဘိနိ
ကော်ပိုရေးရှင်းနှင့် ဆူမိတိုမို ကော်ပိုရေးရှင်းတို့ ဖက်စပ်ဆောင်ရွက်မည့်
စက်မှုဇုန်ပထမအဆင့်သည် ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲမတိုင်မီ
ပြီးစီးမည်ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံကို ကျော်ဖြတ်ကာ
ကမ္ဘာ့စီးပွားရေးနံပါတ် (၂) အဆင့် နိုင်ငံဖြစ်လာခဲ့သည်။ နှစ်နိုင်ငံ
ဆက်ဆံရေးသည်လည်း အဖုအထစ်များနှင့် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်၏
အတိတ်သမိုင်းကို တရုတ်တို့ ကျေနပ်အောင်လက်ခံဖို့ ငြင်းဆန်ခဲ့ခြင်း၊
နန်ကင်းလူအစုလိုက် အပြုံလိုက် သတ်ပွဲနှင့် ပတ်သက်၍ ဂျပန်ကျောင်း
ပြဋ္ဌာန်းစာအုပ်များတွင် ဖော်ပြခြင်းနှင့် ဂျပန်ထိပ်တန်း တာဝန်ရှိသူများ၏
ပြောကြားမှုများအပေါ် ဘ၀င်မကျခြင်းတို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေး
အေးစက်ခဲ့ရသည်။
၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ
အစိုးရအဖွဲ့ ခေါင်းဆောင်များအကြား အပြန်အလှန် လည်ပတ်မှု မရှိခဲ့သဖြင့်
ဆက်ဆံရေး အေးစက်ခဲ့သည်ဟု ကောက်ချက်ပြုရမည်ဖြစ်သည်။ နှစ်နိုင်ငံအကြားတွင်
သမိုင်းပြဿနာ၊ ထိုင်ဝမ်ပြဿနာ၊ ဆန်ကာကူကျွန်းစုများ ပြဿနာ၊ အမေရိကန်ဂျပန်
လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ပြဿနာ၊ ကမ္ဘာစစ်လွန် ၀န်ချတောင်းပန်ရေး
ပြဿနာနှင့် တရုတ်နိုင်ငံတွင် ဖျက်ဆီးခဲ့သော ဂျပန်ဓာတုလက်နက်များ
ပြဿနာတို့သည် ဖြေရှင်းရန် ကျန်ရှိနေဆဲဖြစ်သည်။
မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ သုံးပွင့်ဆိုင်ဆက်ဆံရေးသည် ၂၀၁၃ ခုနှစ်အတွင်း ပိုမိုစိတ်ဝင်စားလာဖွယ် ရှိနေသည်။ မြန်မာ-တရုတ် ဆက်ဆံရေးနှင့် မြန်မာ-ဂျပန် ဆက်ဆံရေးတို့ မဟာဗျူဟာမြောက် အားပြိုင်လာမည်မှာ မုချဖြစ်သည်။ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ ဆက်ဆံရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေး အခင်းအကျင်းတွင် အမြင့်ဆုံးအဆင့်၌ ရှိနေသည်ဟု ယေဘုယျ သုံးသပ်နိုင်သည်။ ၂၀၁၁ ခုနှစ်အတွင်း မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းခဲ့ခြင်းကို အကြောင်းပြုလျက် နှစ်နိုင်ငံ အစိုးရများအကြား ဆက်ဆံရေး အတန်အသင့် အေးစက်ခဲ့သည်ဟု ဆိုနိုင်သော်လည်း နှစ်နိုင်ငံ တပ်မတော်များအကြား ဆက်ဆံရေးသည် အထူးကောင်းမွန်နေခဲ့သည်။

နိုင်ငံရေး အချိုးအကွေ့တိုင်းတွင် အားနည်းချက်၊ အားသာချက် အခွင့်အလမ်းနှင့် အန္တရာယ်တို့ကို လက်တွေ့ကျကျ ဆန်းစစ်သုံးသပ်နိုင်ရန် အရေးကြီးသကဲ့သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ရှည်လျားစွာ ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံကြီး ဖြစ်သည်ဆိုသည့် အချက်ကိုလည်း မမေ့မလျော့ ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း . . . |
ရှင်ဇိုအာဘေး အစိုးရသည် အစိုးရဖွဲ့ပြီးပြီးချင်း တာရိုအာဇိုကို
မြန်မာနိုင်ငံကဲ့သို့ နိုင်ငံငယ်တစ်ခုကို ပထမဆုံး စေလွှတ်ရခြင်းသည်
မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အရေးပါမှုကို အလေးဂရုပြုသည့် သဘောဖြစ်သည်။
ဂျပန်နိုင်ငံ၏ မူဝါဒသစ်အရ အရှေ့တောင် အာရှနိုင်ငံများနှင့်လည်း စီးပွားရေး
ရွှေလမ်း၊ ငွေလမ်းဖောက်လိုသည့် အချိန်၌ မြန်မာနိုင်ငံကို အနာဂတ်ကာလတွင်
စီးပွားရေးခြေကုပ် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်လိုပုံရသည်ဟုလည်း
သုံးသပ်ကြသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ပထမဆုံး
ပြည်ပခရီးစဉ်အဖြစ် ဖေဖော်ဝါရီလတွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည်
ဖြစ်သည်။ ဂျပန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ
မဟာဗျူဟာ မူဝါဒအပြောင်းအလဲနှင့် ဟန်ချက်ညီညီ မဟာဗျူဟာမြောက် အစီအမံများ
အကောင်အထည်ဖော်နိုင်ပြီး အရှေ့တောင်အာရှ ဒေသတွင်း တရုတ်နိုင်ငံ၏
သြဇာထိန်းချုပ်ရေးအတွက် အမေရိကန်နှင့် တက်ညီလက်ညီ ပုံဖော်နိုင်လာနိုင်ဖွယ်
ရှိနေသည်ဟုလည်း အကဲခတ်များက သုံးသပ်ကြသည်။
ဂျပန်ဝန်ကြီးချုပ်သစ် ရှင်ဇိုအာဘေး၏ မြန်မာ့အိမ်နီးချင်း
ထိုင်းနိုင်ငံခရီးသည်လည်း ဒေသတွင်းနိုင်ငံများအတွက် စိတ်ဝင်စားဖွယ်ကိစ္စ
ဖြစ်သည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၊ ထားဝယ်ရေနက်ဆိပ်ကမ်း
စီမံကိန်းတွင် ပါဝင်ရန် စိတ်အားထက်သန်နေပြီး မြန်မာနိုင်ငံ
သီလ၀ါဆိပ်ကမ်းနှင့် စီးပွားရေးဇုန်တွင် ဂျပန်တို့ အင်ပြည့်အားပြည့်
ရင်းနှီးမြှုပ်နှံပြီးပါက ထိုင်းနိုင်ငံရှိ ဂျပန်စက်ရုံများ သီလ၀ါသို့
ပြောင်းရွှေ့နိုင်သည်ကို စိုးရိမ်နေသည့်အချိန်တွင် ရှင်ဇိုအာဘေး
ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းဖြစ်သည်။ ရှင်ဇိုအာဘေး၏ အစိုးရသည်
အရှေ့တောင်အာရှနိုင်ငံများနှင့် ဘက်စုံဆက်ဆံရေး မြှင့်တင်ရန်
အလားအလာကောင်းနေသည်။ သူ၏အရှေ့တောင်အာရှ ခရီးစဉ်ကို ဗီယက်နမ်နိုင်ငံမှ
စတင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင် အဆုံးသတ်ခဲ့သည်။ လတ်တလောကာလတွင်
ဂျပန်နိုင်ငံသည် ထိုင်းနိုင်ငံကို အရှေ့တောင်အာရှ ရင်းနှီးမြှုပ်နှံမှုနှင့်
ကုန်သွယ်မှုအတွက် ရှေ့တန်းစခန်းသဖွယ် အသုံးပြုလျက် ရှိပုံရသည်ဟုလည်း
လေ့လာသူများက သုံးသပ်ကြသည်။
ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံသို့ ဘက်စုံဝင်ရောက် ချဉ်းကပ်မှုတွင် တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး သြဇာလွှမ်းမိုးမှုများကို ထိန်းညှိရန်လည်း ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ တရုတ်နိုင်ငံကလည်း အရှေ့တောင်အာရှဒေသတွင် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စု အကူအညီဖြင့် မဟာဗျူဟာမြောက် သြဇာတည်ဆောက်ပြီး အန်တုလာမည်ကို စိုးရိမ်ပုံရသည်။ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးမည့်အကူအညီတွင် ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအပါအ၀င် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် တိုင်းရင်းသားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုပါဝင်ခွင့် ရရေးနှင့် အတိုက်အခံများ၏ လွတ်လပ်သော နိုင်ငံရေးအခန်းကဏ္ဍ မြှင့်တင်ရေးတို့ကို နှောင်ကြိုးများအဖြစ် သတ်မှတ်ထားသည်။ ဂျပန်စီးပွားရေး လုပ်ငန်းကြီးများ မြန်မာနိုင်ငံဈေးကွက်သို့ အင်နှင့်အားနှင့် ၀င်ရောက်လာခြင်းသည် တရုတ်စီးပွားရေး လုပ်ငန်းကြီးများ၏ မြန်မာ့ဈေးကွက်တွင် သြဇာလွှမ်းမိုးမှု၊ ဈေးကွက်ထိန်းချုပ်မှုနှင့် လက်သာမှုတို့အတွက် အကောင်းဆုံး ထိန်းညှိနိုင်မည့် ကုပ်အားဖြစ်သည်ဟုလည်း လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။

အချုပ်အားဖြင့်ဆိုသော် တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းစုများသည်
မြန်မာ့စီးပွားရေး၏ ထက်ဝက်ကျော်ကို ပိုင်ဆိုင်ပြီး ပါတီချင်းဆက်ဆံရေး၊
လွှတ်တော်ချင်း ဆက်ဆံရေး၊ အစိုးရချင်း ဆက်ဆံရေး စသည့် အသွင်အမျိုးမျိုးဖြင့်
ကူးလူးဆက်ဆံနေချိန်တွင် နှစ်နိုင်ငံ တပ်မတော်များအကြား ဆက်ဆံရေးသည်လည်း
အလွန်ကောင်းမွန်နေသည်။ ဂျပန်နိုင်ငံသည် နောက်မှလိုက်သူဖြစ်သော်လည်း၊
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုသစ်များ ပြုလုပ်နိုင်ရေးအတွက်
ဒရောသောပါး ကမ်းလှမ်းစကားပြောနေပြီး နှစ်နိုင်ငံတပ်မတော်များအကြား
တိုက်ခိုက်ရေးမဟုတ်သော လေ့ကျင့်သင်ကြားမှုများ ပြုလုပ်နိုင်ရန်လည်း
အလျင်အမြန် အားထုတ်မည်ဖြစ်သည်။ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည်
မြန်မာနိုင်ငံကို မဏ္ဍိုင်ပြုလျက် အရှေ့တောင်အာရှ ဒေသတွင် သြဇာကွန်ရက်
အပြိုင်အဆိုင် ထူထောင်လာကြမည့်အပြင် ပြည်တွင်း၊ ပြည်ပ
ရင်းနှီးမြှုပ်နှံမှုများကို ဆော်သြကြဦးမည် ဖြစ်သည်။ ဂျပန်နိုင်ငံနှင့်
တရုတ်နိုင်ငံတို့သည် သူတို့နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားကို
ဦးထိပ်ထားမည်ကို သတိမလစ်သင့်ပါ။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့်
မြန်မာနိုင်ငံ၏ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံတို့နှင့်
လက်ရှိဆက်ဆံရေးကို ယထာဘူတကျကျ သုံးသပ်လျက် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ၊
မဟာဗျူဟာ၊ နည်းဗျူဟာတို့ကို စနစ်တကျ ပြန်လည်ရေးဆွဲနိုင်မည်ဆိုလျှင်
အကောင်းဆုံးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အမေရိကန်ပြည်ထောင်စု၊
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် သူနိုင်ကိုယ်နိုင်ဖြစ်သော
ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်သော မူဝါဒမျိုး၊ ဗျူဟာမျိုးကို
ချမှတ်ထိတွေ့ ဆက်ဆံနိုင်မည်ဆိုလျှင် အလွန်ကောင်းမွန်သည်ဟု ကောက်ချက်ချရမည်
ဖြစ်သည်။ နိုင်ငံရေး အချိုးအကွေ့တိုင်းတွင် အားနည်းချက်၊ အားသာချက်
အခွင့်အလမ်းနှင့် အန္တရာယ်တို့ကို လက်တွေ့ကျကျ ဆန်းစစ်သုံးသပ်နိုင်ရန်
အရေးကြီးသကဲ့သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် မြန်မာနိုင်ငံနှင့်
နယ်နိမိတ်ရှည်လျားစွာ ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံကြီး
ဖြစ်သည်ဆိုသည့်အချက်ကိုလည်း မမေ့မလျော့ ထည့်သွင်းစဉ်းစားရန်
အရေးကြီးကြောင်းကို မီးမောင်းထိုးပြလိုက်ရပါသည်။
ဒေါက်တာရန်မျိုးသိန်း
EMG
No comments:
Post a Comment