Monday, January 28, 2013

အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲ UNFC နှင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဆောင်ပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကေအိုင်အို ပါလာနိုင်မည်ဟု မျှော်လင့်



ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနှင့် အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဆောင်ပါက ငြိမ်ချမ်းရေး
လုပ်ငန်းစဉ်တွင် ကေအိုင်အို ပါလာနိုင်မည်ဟု မျော်လင့်ြေ ကာင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီလ ၂၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "UNFC က ကျွန်တော်တို့နဲ့ နိုင်ငံရေးကို ဆွေးနွေးမယ်လို့ ပြောထားတယ်။ ကျွန်တော်တို့ကလည်း နိုင်ငံရေး ဆွေးနွေးတဲ့အခါ အချိန်ကြာမြင့်မှုတွေ မဖြစ်အောင် Work Frame ဆွဲထားပါတယ်။ Work Frame ထဲမှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ခွင့်ပြုပြီးသား ကိစ္စတွေ ဆွေးနွေးခြင်း မပြုလုပ်ဘူး။ ကျွန်တော်တို့ UNFC နဲ့ Work Frame နဲ့ပတ်သက်တာတွေ ဆွေးနွေးဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်နေ့က ဆွေးနွေးဖို့ ချိန်းဆို ထားပြီးသားပဲ။ သို့သော်လည်း ကချင်တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် မဆွေးနွေးနိုင်ခဲ့ဘူး'' ဟု ပြောကြားခဲ့ပါသည်။
''ကျွန်တော်တို့ UNFC နဲ့ ဆွေးနွေးဖို့ အဆင်သင့်ပါ။ အခု UNFC က သူတို့ချင်း ဆွေးနွေးပြီး အဖြေပေါ်ရင် ကျွန်တော်တို့နဲ့ တွေ့မယ်လို့ ပြောတယ်။ ဆွေးနွေးဖို့ သွားရင်လည်း ဘန်ကောက်ကနေ တစ်ဆင့် ချင်းမိုင်တို့ဘာတို့ ဖြစ်နိုင်တယ်။ UNFC ရဲ့ ဥက္ကဋ္ဌဟာ ကေအိုင်အိုရဲ့ ဒုတိယ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေသူပါ။ ဒါကြောင့် UNFC နဲ့ ဆွေးနွေးရင် ပါလာမလား ဆိုပြီးတော့ UNFC နဲ့ ဆွေးနွေးဖို့ ကြိုးစားနေတယ်။ ဖေဖော်ဝါရီ လထဲမှာတော့ ကျွန်တော်တို့ ဆွေးနွေးပွဲတွေ ဖြစ်လာမယ်လို့ မျော်လင့်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆက်လက် ပြောကြားခဲ့သည်။
ယင်းသို့ ဆွေးနွေးမှုတွင် ကချင်တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်လာက ယင်းတို့နှင့် ဆွေးနွေးမည်ဖြစ်ပြီး ကေအိုင်အို ခေါင်းဆောင်များက သီးခြားဆွေးနွေးမည် ဆိုလျှင်လည်း သီးခြားဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။
နောင်လာမည့် အစိုးရသစ်အား ပြဿနာများနှင့် မထားခဲ့ချင်သောကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့်အား ၂၀၁၅ ခုနှစ် မတိုင်ခင် ပြီးအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် နည်းလမ်းမျိုးစုံနှင့် ကြိုးစားသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်းများဖြင့် ဖွဲ့စည်းထားသည့် UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) စသည့် လက်နက်ကိုင် အင်အားတောင့်တင်းသည့် အဖွဲ့များ ပါဝင်သည်။
ထို့ပြင် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်လပ်ရေးတပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ''၀''အမျိုးသား အဖွဲ့ချုပ် (WNO) နှင့် ကချင်အမျိုးသား အစည်းအရုံး (KNO) စသည့် အဖွဲ့များက ဆက်စပ်အဖွဲ့များအဖြစ် ရပ်တည်လာခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် အခိုင်အမာ အဖွဲ့ဝင် ၁၂ ဖွဲ့ ရှိကြောင်း သိရသည်။

EMG

No comments:

Post a Comment