Tuesday, January 29, 2013

တရုတ်အစိုးရက ကမ္ဘောဒီးယား စစ်တပ်ကို လက်နက်တပ်ဆင် လေ့ကျင့်ပေးမည်


တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားစစ်တပ်အား စစ်ရေးလေ့ကျင့်ပေးရန် နှစ်နိုင်ငံသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး  ကမ္ဘောဒီးယား အစိုးရအား   နောက်ဆုံးပေါ်စစ်လက်နက်များထေက်ပံ့သွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိရာ ပထမအသုတ်အဖြစ် စစ်သုံးရဟတ်ယာဉ် ၁၂ စီးပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 
ဒေသတွင်း လှုပ်ခတ်သွားစေမည့် နှစ်နိုင်ငံဆက်ဆံရေးသစ်ကို ဇန်န၀ါရီ ၂၃ ရက် ဗုဒ္ဒဟူးနေ့က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုနှင့် နောက်ဆုံးပေါ်စစ်လက်နက်များထောက်ပံ့သွားမည့် သဘောတူစာချုပ်အား ကမ္ဘောဒီးယား ဒုတိယကာကွယ်ရေးဝန်ကြီး မိုအန်ဆမ်ဖန် နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချီကျီးန်ကောင်တို့ ဗုဒ္ဒဟူးနေ့က ဖနွမ်ပင်မြို့တွင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
 
စစ်ရေးလေ့ကျင့်မှုနဲ့ ရဟတ်ယာဉ် (၁၂) စင်းပံ့ပိုးမှုဟာ ကမ္ဘောဒီးယား စစ်ရေးစွမ်းရည်မြှင့်တင်ရေး အတွက် အထောက်အကူဖြစ်မှာပါ။ ဟု မစ္စတာ တီးဘန့်ကပြောဆိုခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်ကိုထင်ဟပ် ပေါ်လွင်စေသည့် ဖနွမ်ပင် ပြည်သူ့နေ့စဉ် သတင်းစာတွင်ဖေါ်ပြခဲ့သည်။
 
ဒေသတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့ထံမှ တုံ့ပြန်မှုသဘောထားများ ရုတ်ချည်း ပေါ်ထွက်လာခြင်း မရှိသေးသော်လည်း ဗီယက်နမ်အစိုးရအနေဖြင့်မူ မယုံတစ်ဝက်ယုံတစ်ဝက်နှင့် စောင့်ကြည့် လေ့လာအကဲခတ်နေပုံရသည်။
 
ဒေသတွင်းနိုင်ငံအချို့နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားသည့်ဖြစ်စဉ်များ ဖြစ်ပွားနေစဉ် စစ်ရေးလေ့ကျင့်မှုနှင့်  ရဟတ်ယာဉ် (၁၂) စင်းပံ့ပိုးသည့် တရုတ်၏စစ်ရေးလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဒေသတွင်း မတည်မငြိမ်ဖြစ်နေစဉ် မရဲဘဲကျွဲပြဲစီးသည့်ပုံစံမျိုးဖြင့် ၀င်ရောက်လာသည့် တရုတ်၏စစ်ရေးလှုပ်ရှားမှုကို ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ကသံသယနှင့် စောင့်ကြည့်နေကြလေသည်။
 
တရုတ်နိုင်ငံသည် လွန်ခဲ့သည့်လေးငါးနှစ်မှစ၍ ကမ္ဘောဒီးယားနိုင်ငံနှင့် နှစ်နိုင်ငံစစ်ရေးနှင့်စီးပွားရေးဆက်ဆံမှုများကို သိသာထင်ရှားစွာ တိုးမြှင့်ဆောင်ရွက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် တရုတ်ကုမ္ပဏီများက ကမ္ဘောဒီးယားနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ ၈ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ကတိက၀တ်ပြုခဲ့ကြသည်။ ယင်းအဆိုပြု ရင်းနှီးမြှုပ်နှံမှုမှာ ကမ္ဘောဒီးယားတစ်နိုင်ငံလုံး စီးပွားရေး၏ သုံးပုံနှစ်ပုံ ပမာဏရှိလေသည်။
 
အင်္ဂါနေ့တွင် တရုတ်နိုင်ငံ၏အကူအညီဖြင့်ဆောက်လုပ်ထားသည့် စစ်တက္ကသိုလ်ကျောင်းဆောင်သစ်တွင် ၀န်ကြီးချုပ် ဟွန်ဆန်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကိုကျင်းပခဲ့သည်။
 
  ထိုင်းနိုင်ငံအတွက်မူ ကမ္ဘောဒီးယားစစ်တပ်၏စစ်ရေးမြှင့်တင်မှုမှန်သမျှ နှစ်နိုင်ငံနယ်စပ် ပရိဗီဟာဘုရားကျောင်း ၀န်းကျင်ရှိ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေကြသည့် နှစ်ဖက်အစွန်းရောက် အမျိုးသားရေးဝါဒီများ၏ ဒေါသကို ပိုမိုကြီးထွားစေမည့် လုပ်ရပ်အဖြစ်ရှုမြင်ထားလေသည်။
 
ယင်းဖြစ်ရပ်ကြောင့် မကြာသေးမီကာလအတွင်း ဒေသတွင်း ထိုင်းနိုင်ငံနှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့သည့် ကမ္ဘောဒီးယားစစ်တပ်နှင့် ရင်ဆိုင်နေရသည့် ထိုင်းတပ်ဖွဲ့များကို စစ်ရေးအရ အရည်အသွေး မြှင့်တင်ပေးရန် ထိုင်းစစ်တပ်အသိုင်းအ၀ိုင်းမှ တောင်းဆိုလာဖွယ်ရှိကြောင်း စစ်ရေး ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
 
တရုတ်နိုင်ငံမီးရထားဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိများသည် ကမ္ဘောဒီးယားနိုင်ငံ ရေနက်ဆိပ်ကမ်းသစ်တစ်ခုနှင့် ပရိဗီဟာနှင့် ကို့ကောင်းအားဆက်သွယ်မည့် (၄၀၄) ကီလိုမီတာအရှည်ရှိ မီးရထားလမ်းဖေါက်လုပ်ရေးအတွက် အကူအညီပေးဆောင်ရွက်သွားရန် ကြာသာပတေးနေ့က ဖနွမ်ပင်မြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ကို့ကောင်း ပြည်နယ်မှာ ထိုင်းကမ်းလွန်ပင်လယ်ပြင်ရှိ ကမ္ဘာဒီးယားပိုင်ကျွန်းပြည်နယ်တစ်ခုဖြစ်ပြီး ယင်းမီးရထားလမ်းမှာ တဖြည်းဖြည်းနှင့် ကမ္ဘောဒီးယားနှင့်နယ်မြေဆက်စပ်နေသည့် ထိုင်းအရှေ့ဘက်နယ်စပ်တစ်ခုလုံးကို စိုးမိုးသွားမည် ဖြစ်သည်။
 
ကမ္ဘောဒီးယားတပ်မတော်အားစွမ်းရည်မြှင့်တင်ပေးရန် ကမ္ဘောဒီးယား အစိုးရ၏မေတ္တာရပ်ခံမှုကို အမေရိကန် အစိုးရက ပယ်ချခဲ့ပြီးနောက်   တော်ဝင် ကမ္ဘောဒီးယား လက်နက်ကိုင်တပ်ဖွဲ့ကို လက်နက်တပ်ဆင် လေ့ကျင့်ပေးပြီး စစ်ရေးအရ အရည်အသွေးမြှင့်တင်သွားရန် တရုတ်နိုင်ငံက သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ၀ါရှင်တန်အခြေစိုက် RFA သတင်းဌာနကဖေါ်ပြခဲ့သည်။
 
တရုတ်အစိုးရဟာ ၂၀၁၀ခုနှစ် ကတည်းက ယိုယွင်းပျက်စီးနေတဲ့ ကမ္ဘောဒီးယား စစ်တပ်ကိုထောက်ပံ့လာခဲ့တဲ့ အဓိကနိုင်ငံတစ်နိုင်ငံပါ။ အမေရိကန်က စစ်ရေးထောက်ပံ့မှုတွေရပ်တန့်လိုက်ပြီးတဲ့နောက်ပိုင်း တရုတ်အစိုးရက ကမ္ဘောဒီးယား ကြည်းတပ်အတွက် စစ်သုံးဂျစ်ကားနဲ့ ထရပ်ကား အစီး ၂၅၀ ထောက်ပံ့ခဲ့ပါတယ် ဟု  RFA ကကြေညာခဲ့သည်။
 
ကမ္ဘောဒီးယားအစိုးရက တရုတ်နိုင်ငံမှ နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားသည့် Uighur လူနည်းစုတိုင်းရင်းသား မျိုးနွယ် အယောက် ၂၀ အား တရုတ်နိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့သည့်အတွက် အမေရိကန်အစိုးရက ကမ္ဘောဒီးယားအား ထောက်ပံ့ပေးအပ်နေသည့် စစ်ရေးအကူအညီများကိုရပ်တန့်ခဲ့ခြင်းဖြစ်သည်။

ကျော်ဇင်ထွန်း (မြစ်မခ)

No comments:

Post a Comment