Saturday, January 5, 2013

နယ်စပ် ကုန်သွယ်မှုမှ ကန့်သတ် ကုန်စည် ရှစ်မျိုး ဖြေလျှော့ပေးရန် စီစဉ် နေကြောင်း သိရ

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ် ကုန်သွယ်ရေးမှ ပြည်တွင်းသို့ တင်သွင်းရန် ကန့်သတ်ထားသည့် တားမြစ် ကုန်များမှ ကုန်စည် ရှစ်မျိုးအား ဖြေလျှော့မှု ပေးရန် စီစဉ်နေကြောင်း သိရသည်။

''နယ်စပ် ကုန်သွယ်ရေးက ကန့်သတ်ထားတဲ့ ကုန်စည် ၁၅မျိုး ရှိပါတယ်။ ဒီထဲက ကုန်စည် ရှစ်မျိုး ဖြေလျှော့မှု ပေးဖို့ စီစဉ် နေပါတယ်။ အခုချိန် ထိတော့ ဆွေးနွေး နေတုန်းပဲ ရှိပါသေးတယ်။ ဘယ်ကုန် စည်တွေကို ဖြေလျှော့မှု ပေးမယ် ဆိုတာ အတိအကျ မသိရ သေးပါဘူး''ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် နိုဝင်ဘာလ ၂၆ ရက် ၁၉၉၉ ခုနှစ် ရက်စွဲပါ အမိန့် အမှတ် (၉/၉၉) ဖြင့် ပစ္စည်း ၁၅ မျိုးအား နယ်စပ်ဒေသမှ တစ်ဆင့် တင်သွင်း ခွင့်မပြုရန် သတ်မှတ်ထားပြီး ယင်းကန့်သတ် ကုန်များမှာ အရက်၊ ဘီယာ၊ စီးကရက်၊ chewing gun ၊ ကိတ်၊ ဝေဖာ၊ ချောကလက်၊ သစ်သီး (အစို) အမျိုးမျိုး၊ ပလတ်စတစ် လူသုံး၊ အိမ်သုံး ပစ္စည်း မျိုးစုံနှင့် တည်ဆဲ ဥပဒေ အရ ကန့်သတ် ထားသော ကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

ကန့်သတ်ကုန် များမှ တည်ဆဲ ဥပဒေ အရ ကန့်သတ်ထားသော ကုန်ပစ္စည်း များတွင် ပါဝင်သည့် အချိုမှုန့်၊ အချိုရည်၊ ဘီစကစ် မျိုးစုံ၊ စည်သွတ်ဘူးများ (အသား၊ အသီး) နှင့် ခေါက်ဆွဲခြောက် အမျိုးမျိုး စသည့် ကုန်စည် ငါးမျိုးအား ကန့်သတ်မှု ဖြေလျှော့ခြင်းကို ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ၌ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ၂ဝ၁၁ ခုနှစ်အတွင်း ဖြေလျှော့မှု ပေးခဲ့သည့် ကုန်စည်များ အတွက် ကုန်သွယ် လုပ်ငန်းခွန်အား သုည ရာခိုင်နှုန်း အထိ လျှော့ချ ပေး ခဲ့ခြင်း ဖြစ်ပြီး ထပ်မံဖြေလျှော့မှု ပေးရန် ဆောင်ရွက်လျက် ရှိသည့် ကုန်စည်များ အတွက်လည်း ကုန်သွယ် လုပ်ငန်းခွန်ကို ယင်းကဲ့သို့ သုည ရာခိုင်နှုန်းအထိ ဖြေလျှော့ ပေးဖွယ် ရှိကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment