Monday, January 7, 2013

ကျောက်ဖြူ မွတ်ဆလင်များ နေရာချထားရေး မရေရာသေး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ထွက်ပြေးသွားကြသော မွတ်ဆလင် များအား ပြန်လည် နေရာချထားပေးနိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများကျောက်ဖြူမြို့သို့ လာရောက်ဆွေးနွေးသော် လည်း အခြေအနေမှာ မရေရာသေးဘဲ ဖြစ်နေကြောင်း သတင်း ရရှိ သည်။

ရခိုင်ပြည်နယ် စက်မှုလက်မှုဝန်ကြီး ဦးသာလူချေ (ကယ်ဆယ်ရေးနှင့်ပံ့ပိုးရေးဥက္ကဌ) နှင့် ပြည်နယ် စည်ပင်  ၀န်ကြီး ဦးလှဟန် (ထူထောင်ရေးနှင့် နေရာချထားရေး ဥက္ကဌ)တို့ သည် မွတ်ဆလင် များအား ပြန် လည် နေရာချထားပေးရေးအတွက် ဇန္န၀ါရီ (၆) ရက်နေ့က ကျောက်ဖြူမြို့ လူထုနှင့် လာရောက် ဆွေးနွေးခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် ရခိုင်ဝန်ကြီးများသည် ကျောက်ဖြူလူငယ် အဖွဲ့နှင့် တစ်ကြိမ် ကျောက်ဖြူ  မြို့မိမြို့ဖများနှင့် တစ်ကြိမ် နှစ်ကြိမ်ခွဲကာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် သီးသန့် စီ ဆွေးနွေးခဲ့သည်ဟုဆိုသည်။

“ ၀န်ကြီးအဖွဲ့က ဆွေးနွေးတဲ့ နေရာမှာ ကျောက်ဖြူကနေ ထွက်ပြေးသွားတဲ့ မွတ်ဆလင်တွေကို  မူလ မြို့ရွာတွေမှာ ပြန်လည်နေ ရာချထားရေးကို အဓိက အလေးထား ဆွေးနွေး ပါတယ်။ ကျောက်ဖြူမြို့ နယ်မှာ ပြင်ဖြူမော်၊ ငသန့်သာကျွန်း နဲ့ အစိုင်းကြီး ကျွန်းတို့ကို ရွှေးချယ်ထားတဲ့ အကြောင်း ကို ပြောပါ တယ်။

 လူငယ် အများစုကတော့ အဲဒီကျွန်းတွေမှာ ထားမှာကို ကန့်ကွက်ကြပါတယ်”  ဟု လူငယ် အဖွဲ့ မှ ခေါင်းဆောင် တစ်ဦးက ပြောသည်။

အဆိုပါ နေရာများတွင်  ပြန်လည် နေရာချထားပါက နောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက်လာနိုင်သဖြင့် ကန့်ကွက်ခဲ့ကြခြင်း  ဖြစ်သည်ဟု ဆိုသည်။

“ ၀န်ကြီးအဖွဲ့က ချပြတဲ့ နေရာ သုံးနေရာစလုံးဟာ နောက်ထပ်ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပြီး တည်ငြိမ်မှုကိုလည်း ပျက် ပြားစေတဲ့ နေရာတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကျောက်ဖြူ လူငယ်တွေက လက်မခံကြောင်း ဆွေးနွေး တင်ပြခဲ့ကြပါတယ်” ဟု ဆိုသည်။

သတ်မှတ်ထားသော နေရာများတွင် ပါဝင်သော ပြင်ဖြူမော်မှာ ကျောက်ဖြူမြို့၏ အရှေ့ဖက်တွင် တည်ရှိကာ  မြို့နှင့် အနီးဆုံးနေရာတွင် တည်ရှိပြီး ငသန့်သာနှင့် အစိုင်ကြီးကျွန်း မှာ ကျောက်ဖြူ  မြို့ မြောက် ဖက် တည်ရှိသော ကျွန်းလွတ်များ ဖြစ်ကြသည်ဟု သိရသည်။

သို့သော်လည်း ကျောက်ဖြူ လူငယ် အဖွဲ့က ၎င်းနေရာများတွင်  ပြန်လည် နေရာ ချထားပေးမည် ဆိုပါက ကျောက်ဖြူမြို့နယ် အတွင်းရှိ ဒေသခံ တိုင်းရင်း သာများ အားလုံးကို ဆန္ဒသဘောထားကို ရယူ သင့်ကြောင်း တင်ပြ ခဲ့သည်ဟု သူက ဆက်ပြောသည်။

“  ကျွန်တော်တို့က ၀န်ကြီးတွေ တင်ပြတဲ့ နေရာတွေမှာ ပြန်လည်နေရာချထားမယ်ဆိုရင် ဒီဘင်္ဂလီတွေ အပါအ၀င် မွတ်ဆလင် ဘာသာဝင်တွေကို ဘယ် လိုပုံစံမျိုးနဲ့ ထားမယ်။

လုံခြုံရေးကို ဘယ်လို ချထားမယ် ဆိုတာတွေကို ကျောက်ဖြူမြို့နယ် အတွင်းမှာရှိတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ အားလုံးကို ပွင့်လင်းမြင်သာအောင် ချပြ ပြောဆိုပြီးတော့ သဘောထား ရယူသင့် တယ်လို့ အကြံပြုတောင်းဆိုခဲ့ပါတယ်။”

ယခုကဲ့သို့ ပြည်နယ် ၀န်ကြီးများ ရွှေးချယ်ထားသော နေရာ (၃) ခုစလုံး အပေါ် ဒေသခံများက လက်မခံသဖြင့် ကျောက်ဖြူမှ မွတ်ဆလင်များကို ပြန်လည် နေရာချထားရေးမှာ မရေရာ မသေချာဘဲ ဖြစ်နေကြောင်း သတင်းများ ရရှိသည်။

နိရဉ္စရာ

No comments:

Post a Comment