Monday, January 28, 2013
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သို့ လက်နက်မရောင်းဟု တရုတ်ငြင်းဆို
PDF
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သို့ လက်နက်မရောင်းဟု တရုတ်နိုင်ငံက ဇန်န၀ါရီလ ၂၇ ရက်က ငြင်းဆိုခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်န၀ါရီလ ၂၇ ရက်က သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် "အနောက်နိုင်ငံ defence think-tank တစ်ခု၏ အစီရင်ခံစာတစ်စောင် အခြေခံပြီး အချို့မီဒီယာသည် တရုတ်နိုင်ငံမှ မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းသို့
လက်နက်များ ရောင်းချ သို့မဟုတ် ရွှေ့ပြောင်းလာပါသည်ဟူသော ဆောင်းပါးကို ရေးသားခဲ့ပါသည်။ အဆိုပါ ရေးသားဖော်ပြမှုသည် အခြေအမြစ် မရှိပေ၊ မမှန်ကန်ပေ။" ဟု ဖော်ပြခဲ့သည်။
"တရုတ်နိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပြည့်ဝရေးကို လေးစားအပ်ပါသည်ဟူသော မူဝါဒကို အမြဲတမ်း ကျင့်သုံးနေပါသည်" ဟုလည်း သတင်းထုတ်ပြန်ချက်က ဆိုသည်။
လုံခြုံရေးဆိုင်ရာ လေ့လာရေး Jane's Intelligence Review ၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်သော အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၏ စစ်တပ်အင်အားကို  ဖြည့်တင်းရန် ခေတ်မီလက်နက်များကို ပြီးခဲ့သည့်နှစ်က ရောင်းချခဲ့ကြောင်း၊ ရောင်းချခဲ့သည့် လက်နက်များထဲတွင် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ ပါဝင်ကြောင်း၊ တင့်ကားဖျက် လက်နက်များ 'Tank Destroyers' များဟု အစီရင်ခံစာက ဆိုသည့် သံချပ်ကာကား ၁၂ စီးလည်း ပါဝင်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် တိုက်ခိုက်နေသော နှစ်ဖက်တို့က ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြင့် သက်ဆိုင်ရာပဋိပက္ခမှုကို ဖြေရှင်းရန် အမြဲတမ်းတိုက်တွန်းပြီး ပြတ်သားစွာ ထောက်ခံထားပါကြောင်း၊ ယခုလောလောဆယ်တွင် တရုတ်နိုင်ငံသည် အပစ်အခတ် ချက်ချင်းရပ်စဲရန်၊ နယ်စပ်ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွ ကြိုးစားပြီး ပြန်လည်ရရှိရန် ထပ်မံတိုက်တွန်းပါကြောင်း၊ တရုတ်နိုင်ငံသည် ဤတိုက်ခိုက်မှုကို ငြိမ်းချမ်းစွာ ဆွေးနွေးမှုဖြင့် ဖြေရှင်းရန် တိုက်တွန်းမှုအတွက် တက်တက်ကြွကြွ အကျိုးရှိစွာ အကူအညီပေးခဲ့ပါကြောင်း၊ ကျွန်တော်တို့သည် အထက်ပါ မူဝါဒအတိုင်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံအခြေစိုက် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူနှင့် အဆိုပါ အစီရင်ခံစာကို ရေးသားသူ အန်တိုနီဒေးဗစ်က အဆိုပါရောင်းချမှုသည် တရုတ်နိုင်ငံမှ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သို့ လက်နက်ရောင်းချမှု သိသိသာသာ တိုးမြင့်လာသည်ကို ညွှန်ပြနေကြောင်း ပြောကြားခဲ့သည်ဟု DVB ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
Jane's Intelligence Review အရ သံချပ်ကာကားများ လွှဲပြောင်းပေးမှုသည် ပြီးခဲ့သည့်နှစ်လယ်ပိုင်းတွင် ပြုလုပ်ခဲ့သည်ဟု ယုံကြည်ရပြီး လွှဲပြောင်းပေးခဲ့သည့် အချိန်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများနှင့် ဆက်စပ်ဖွယ်ရှိနိုင်ကြောင်း သိရသည်။
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တွင် တပ်ဖွဲ့ဝင်အင်အား သုံးသောင်းခန့်ရှိသည်ဟု ခန့်မှန်းရပြီး အကြီးဆုံးလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည်။
အခြားဆက်စပ်သတင်းများ
No comments:
Post a Comment