Friday, February 1, 2013

အမေ ... “ဦးကျော်သူဆီ မရောက်ရောက်အောင်သွားကု” (4 photos)

 လူ့ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများထဲတွင် အရေးအကြီးဆုံးအပိုင်းတစ်ခု အပါအဝင်ဖြစ်သည့် မျက်စိ အား ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေး ခန်းရှိ မျက်စိဆေးရုံ၌ ခေတ်မှီခွဲစိတ်ကိရိယာများဖြင့် မျက်စိဝေဒနာရှင်များအား စက္ခုအလင်း ရရှိအောင် စေတနာရှင်
ဆရာဝန်ကြီးများ၏ ကူညီပံ့ပိုးမှုဖြင့် (အခမဲ့) မျက်စိခွဲစိပ်ကုသမှု စတင်ဆောင်ရွက်နေပြီ ဖြစ် ပါသည်။ ၂၅.၁.၂ဝ၁၃ ရက်နေ့ ညနေ (၅းဝဝ)နာရီ ကျွန်မတို့လူမှုရေး ဝန်ထမ်းများအားလုံးတို့၏ အိမ်ပြန် သည့်အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်၏ လုံခြုံရေးဂိတ် အရှေ့ထိုင်ခုံတွင် မျက်လုံး တစ်ဖက်သည် မျက်စိအိမ်အတွင်းမှ လွန်စွာပြူးထွက်နေသော အမျိုးသမီးတစ်ဦးအား အမှတ်မထင် တွေ့ခဲ့ မိသည်။ နောက်တစ်နေ့ နံနက်ရုံးတက်ချိန်တွင် ၄င်းအမျိုးသမီးအား ပြန်လည်တွေ့ရှိခဲ့ရာ ၄င်းအမျိုးသမီး အား မည်ကဲ့သို့ ယခုလိုမျက်စိဝေဒနာ ဖြစ်ခဲ့ရကြောင်းကို မေးမြန်းခဲ့ရာသူမ၏ ဖြစ်စဉ်ဖြစ်ရပ်အား စိတ်မ ကောင်းဖြစ်စွာ ပြောပြခဲ့သည်။ ၄င်းအမျိုးသမီးသည် ဖျာပုံ၊ ၁၇ ရပ်ကွက်၊ မြို့ပတ်တာလမ်း၊ နယ်မြေ (၇) တွင် နေထိုင်သူဖြစ်သည်။ “ကျွန်မ ဒေါ်အေးပြုံးပါ အသက် (၆၉) နှစ်ရှိပါပြီ ခင်ပွန်းသည် ကွယ်လွန်တာ (၂၆) နှစ်ရှိပြီ သားနှစ်ယောက်နဲ့ ဘဝကို ဖြတ်သန်းနေရင်းနဲ့ နာဂစ်မုန်တိုင်း ကျတော့သား (၂) ယောက် စလုံးကို ဆုံးရှုံးသွားခဲ့တယ်။ ဒီမျက်လုံးဖြစ်တာက ထမင်းချက်ဖို့ ထင်းခွဲရင်း သစ်ကိုင်းစက မျက်စိကို စိုက်သွားတာ။ အရှိန်ပြင်းတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတော့ နာတော့လည်း ပိုက်ဆံမရှိလို့ မကုခဲ့ဘဲ နေခဲ့တယ် ဖြစ်တာက(၂) နှစ်လောက်ရှိပြီ။ အခု မခံမရပ်နိုင်အောင် နာလွန်းအားကြီးလို့ ဆံပင်ဖြတ်ပြီး ရန်ကုန်ကို ဆင်းလာခဲ့တာပါ။ ဆံပင်ရောင်းတာ ၇ဝဝဝိ/- (ခုနှစ်ထောင်) ရတယ်။ ရွာမှာရှိတဲ့ လူတွေက ဦးကျော်သူဆီသွားဖို့ ပြောလို့ရောက်လာခဲ့တာ။ အိမ်မှာ တစ်ယောက်တည်း ဆိုတော့ ကျော်သူရှိတဲ့နေရာ ကို မသိဘူး။ ကျွန်မတို့ရွာက (Breasts Cancer) ရင်သားကင်ဆာ ဖြစ်နေတဲ့ သမီးတစ်ယောက်နဲ့ လူကြုံ လိုက်လာတာ။ သူကလည်း ကျော်သူ့ဆေးခန်းမှာ ကုဖို့ဆိုတော့ အတူတူလိုက်လာတာ။ တည်းဖို့က ဘုန်းကြီးကျောင်းကို အရင်သွားတယ်။ ဘုန်းကြီးကျောင်းမှာ နေရာမရှိတော့လို့ .. ကိုယ်သိတဲ့ ဘုန်းကြီး ကျောင်းကလည်း မရှိတော့။ အခု ဒလဘက်ခြမ်း ကမ်းနားမှာရှိတဲ့ တည်းခိုခန်း တစ်ခုမှာတည်းတယ်။ မခံစားနိုင်လွန်းလို့ ရောက်လာခဲ့တာပါ” ဟု မျက်ရည်ဝဲကာ ပြောပြခဲ့သည်။ မျက်စိသည် အလွန်အံ့သြ ဖွယ်ကောင်းသော အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အပြင် လွန်စွာမှ ဂရုစိုက်ရသည့် အစိတ်အပိုင်းဖြစ်သည်။ မျက်စိသည် ကိုယ်ခန္ဓာအတွက် အသုံးဝင်၍ အလွန်သိမ်မွေ့နူးညံ့သော အပိုင်းတစ်ခုဖြစ်၏။ အနည်းငယ် သော ဒဏ်ရာနှင့်ပင်လျှင် မျက်စိကို ဒုက္ခပေးနိုင်ပြီး မျက်စိကို ကွယ်စေနိုင်သည်။ ထို့ကြောင့် မျက်စိများကို ဂရုတစိုက် စောင့်ရှောက်ရန် လိုအပ်ပေသည်။ ထို့ကြောင့် သုခကုသိုလ်ဖြစ်ဆေးခန်းမှ မျက်စိဆရာဝန် ဒေါက်တာချိုချိုလှိုင်မှ မျက်စိဝေဒနာရှင် ဒေါ်အေးပြုံးအား ခွဲစိတ်ကုသရန်အတွက် သင်္ကန်းကျွန်းဆေးရုံ မျက်စိခွဲစိတ်ခန်းတွင် အကြီးစား ခွဲစိတ်ရန်အတွက် သုခကုသိုလ်ဖြစ်ဆေးခန်းမှ ခွဲစိတ်ခန်း ကုန်ကျငွေအား ဆေးကူညီမှုစနစ်ဖြင့် ခွဲစိတ်ကုသပေးတော့မည် ဖြစ်သည်။ ဒေါ်အေးပြုံးသည် ဆံပင်ဖြတ်၍ ရောင်းချခဲ့ သည့်ငွေဖြင့် ခွဲစိတ်စရိတ်၊ ဆေးခန်းစရိတ် မကုန်ကျသော်လည်း တည်းခိုစရိတ်၊ ခရီးစရိတ်၊ စားစရိတ် အဘယ်ကဲ့သို့ စခန်းသွားမည်နည်း။ ထိုကဲ့သို့ တွေးနေခိုက် လူနာတိုကင်ဆောင်မှ ဖုန်းဆက်၍ ကင်မရာနှင့် မှတ်တမ်းယူလာရန် ခေါ်ဆို၍ သွားရောက်ခဲ့သည်။ ထိုစဉ်တိုက်ဆိုင်စွာဖြင့် လူနာအမျိုးသမီးတစ်ဦး၏ ဒဏ်ရာသည် ဒေါ်အေးပြုံး နှင့်ဆင်တူ ဖြစ်ရပ်မတူသော ဒေါ်အေးသန်း အသက် (၅၇) နှစ်သည် သူ၏ မြေးလေးနှင့်အတူ ကစားခဲ့စဉ် မြေးလေး၏လက်နှင့် မျက်လုံးအား မတော်တဆ ရိုက်မိခဲ့သည်။ ရိုက်မိခဲ့သည့် နောက်ပိုင်းတွင် ရာသီဥတု အအေးဒဏ်ကြောင့် ရံဖန်ရံခါ နာတစ်လှည့် အောင့်တစ်ချက်ဖြင့် နေထိုင်ခဲ့သည်မှာ (၅) နှစ် တာကာလသို့ ရောက်ရှိခဲ့ပြီး ယခုကဲ့သို့ မျက်လုံးအသားထွက်လာသည်မှာ (၇) လ ရှိပြီဖြစ်သည်။ မျက်စိမမြင်ရသည်မှာ (၃) လခန့်ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒေါ်အေးသန်းသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကော့ကရင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၄င်း မျက်စိဒဏ်ရာဖြင့် သားဖြစ်သူ နေထိုင်ရာ ကော့သောင်းမြို့သို့ အလည်သွားရောက်ခဲ့ရင်း ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း DVD အခွေကို ကြည့်ဖြစ်ခဲ့သည်။ ဒေါ်အေးသန်း၏ သားမှ “အမေ ဦးကျော်သူ ဆီကို မရောက်ရောက်အောင်သွားကု .. အမေပျောက်သွားတဲ့ မှတ်ပုံတင်ကို သား ကော့သောင်းမြို့မှာ ထောက်ခံစာ လုပ်ပေးမယ်” ဆိုပြီး အဆင်ပြေခဲ့သည်။ ဒေါ်အေးသန်း၏ မှတ်ပုံတင်သည် သူမ၏ နေရပ်ရွာ သည် “မာရမ်း” တွင်နေထိုင်စဉ် ရာသီဥတုကြောင့် ရေလွှမ်းမိုးမှုကြောင့် မှတ်ပုံတင်ပျောက်သွားခဲ့သည်။ သားဖြစ်သူ လုပ်ပေးလိုက်သည့် မှတ်ပုံတင်ကိုယူပြီး ချွေးမနှင့်အတူ ရန်ကုန်မြို့ရှိ တည်းခိုခန်းတွင် တည်းခို နေထိုင်ကာ ဦးကျော်သူ၏ ဆေးခန်းဆီသို့ အရောက်လာခဲ့ကြောင်း စိတ်ရှည်လက်ရှည် ပြောပြခဲ့သည်။ ယခု တင်ပြလိုက်သော မျက်စိဝေဒနာရှင် (၂) ဦးလုံးသည် မျက်စိဝေဒနာအား နှစ်နဲ့ချီ ခံစားခဲ့ကြ သည်။ အကယ်၍ သုခကုသိုလ်ဖြစ် မျက်စိဆေးရုံသာ မဖွင့်ဖြစ်ခဲ့လျှင် မည်သို့ပင် မခံမရပ်နိုင်အောင် နာ ကျင်မှုဒဏ်အား ကြိတ်မှိတ်ခံစားပြီး မျက်စိကွယ်သည်အထိ နေကြတော့မည်လား။ စိတ်ဓါတ်ပြင်းပြသော လူနာများမို့လို့သာ ဦးကျော်သူ မျက်စိဆေးရုံသို့ မရောက်ရောက်အောင် လာခဲ့ခြင်းပင်ဖြစ်သည်။ ငွေကြေး လည်း မပြည့်စုံ၊ ဝေဒနာများကိုလည်း ခံစားနေရကာ စိတ်လျော့လိုက်သော မျက်စိဝေဒနာသည် မည်မျှပင် များပြားနေဦးမည်နည်း။ မည်သို့ပင် ဖြစ်စေကာမူ မျက်စိဝေဒနာရှင် ဒေါ်အေးပြုံးနှင့် ဒေါ်အေးသန်းတို့ နှစ်ဦး လုံးအား သုခကုသိုလ်ဖြစ် မျက်စိဆေးရုံမှ ဝေဒနာပျောက်ကင်းစေရန် စေတနာရှင်ဆရာဝန်ကြီးများ အကူ အညီဖြင့် ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကာ ဆေးဝါးကုသပေး နေလျှက်ရှိပေတော့သည်။ ဇူးဇူး
 
 




frm-DVB

No comments:

Post a Comment