Thursday, February 7, 2013

ဂိုးမသွင်းတတ်သေးသည့် မြန်မာအသင်း ဖိလစ်ပိုင်ကို ရှုံးနိမ့်

ပွဲချိန်တစ်လျှောက် ခြေအသာစီးနှင့် ဖိကစားနိုင်ခဲ့ပြီး သေချာပေါက် ဂိုးရခွင့် (၅)ကြိမ်ထက် မနည်း ရှိခဲ့သော်လည်း တစ်ဂိုးမျှ သွင်းယူနိုင်ခြင်း မရှိခဲ့သည့် မြန်မာအသင်းသည် ပွဲချိန် (၇၇)မိနစ်တွင် ဖိလစ်ပိုင် နောက်ခံလူ ပေါ့တီရီယာ သွင်းယူသည့် ဂိုးကြောင့် ပွဲအပြီးတွင်
ရှုံးနိမ့်ခဲ့ရသည်။


မြန်မာအသင်းသည် ဂိုးသမား သီဟစည်သူကို အသင်းခေါင်းဆောင် အဖြစ် ပွဲထုတ်ခဲ့ပြီး ခံစစ်ကြောင်းကို ပုံမှန်ပွဲထုတ်နေကျ အစုအဖွဲ့ဖြစ်သည့် ရန်အောင်ဝင်း၊ အောင်ဟိန်းကျော်၊
ဇော်မင်းထွန်း၊ သိန်းသန်းဝင်းတို့ ကိုပင် အသုံးပြုခဲ့သည်။ ကွင်းလယ် ဗဟိုတွင် ရာဇာဝင်းသိန်း၊ ဖြိုးကိုကိုသိန်းတို့ကို နေရာပေးခဲ့ပြီး ရန်အောင်ကျော်က ညာတောင်ပံ၊ စိုးမင်းဦးက
ဘယ်တောင်ပံတွင် တာဝန်ယူကာ ကျော်ဇေယျာဝင်းက နောက်ချန်တိုက်စစ်မှူးအဖြစ် ကစားခဲ့ပြီး ကျော်ကိုကိုက တိုက်စစ် မြားဦးတွင် နေရာယူခဲ့သည်။ ဖိလစ်ပိုင်တွင် နာမည်ကြီး ဂိုးသမား နီးလ် အက်သရစ်ဂ်ျ ပြန်လည် ပါဝင်လာခဲ့ပြီး ပွဲချိန်တစ်လျှောက် အကောင်းဆုံး ကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့သည်။ သို့သော် အဓိက ကစားသမားများ အနက် အော့တ်၊ ဂီယာ၊ ကာလီဒေါင် တို့သာ ပါဝင်လာခဲ့ပြီး ဂီယာဒို၊ ဟက်စဘန်း ညီနောင်တို့မှာ ပါဝင်လာခဲ့ခြင်း မရှိပေ။


ပွဲအစတွင် နှစ်သင်းစလုံး အမှားချောင်း ကစားနေသောကြောင့် ထိရောက်သည့် ထိုးဖောက်မှုများ ပြုလုပ်နိုင်ခြင်း မရှိခဲ့သော်လည်း ပွဲချိန် (၁၀)မိနစ်ကျော်လာချိန်တွင် မြန်မာတို့
တဖြည်းဖြည်း အသာစီး ရရှိလာခဲ့သည်။ မြန်မာအသင်းသည် ရန်အောင်ကျော်၏ ညာတောင်ပံမှ အဓိက ထိုးဖောက်ခဲ့ပြီး ရန်အောင်ကျော်၏ ဖြတ်တင်ဘောများမှာ အတော်လေး အန္တရာယ် များခဲ့သော်လည်း အသုံးချနိုင်ခြင်း မရှိခဲ့ပေ။ ယခုပွဲတွင် အထောင်တိုက်စစ်မှူး အဖြစ် ကစားခဲ့သည့် ကျော်ကိုကို အနေဖြင့် ဖိလစ်ပိုင် ဧရိယာအစပ်မှ နေ၍ အကောင်းဆုံး ဖန်တီးပေးမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ၎င်းကိုယ်တိုင် အသုံးချခွင့် ရရှိခဲ့သည့် အခွင့်အရေးများကို အခွင့်ကောင်း မယူနိုင်ခဲ့သလို သူ၏ ဖန်တီးမှုများကိုလည်း တွဲဖက် တိုက်စစ် ကစားသမားများဖြစ်ကြသည့် ကျော်ဇေယျာဝင်းနှင့် စိုးမင်းဦးတို့ အသုံးချနိုင်ခဲ့ခြင်း မရှိပေ။ ပွဲချိန် (၁၄)မိနစ်တွင် မြန်မာတို့ ယခုပွဲ၏ ပထမဆုံး အပိုင် အခွင့်အရေးအဖြစ် ကျော်ဇေယျာဝင်း၏ ညာခြမ်း ပြစ်ဒဏ်ဘောမှ ဇော်မင်းထွန်း တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရသော်လည်း အံ့အားသင့်ဖွယ် ဖြုန်းတီးပြစ်ခဲ့ သောကြောင့် မြန်မာတို့ စောစောစီးစီး ဦးဆောင်ဂိုးရရှိမည့် အခွင့်အရေးကောင်း တစ်ရပ်ကို လက်လွှတ်လိုက်ရသည်။ ပွဲချိန် (၁၇)မိနစ်တွင်လည်း ကျော်ကိုကို၏ ဖန်တီးပေးမှုမှ ကျော်ဇေယျာဝင်း အပိုင်ပြေးပိတ်သော်လည်း ဂိုးသမား တည့်တည့်သို့ ရောက်သွားခဲ့သည်။ ပွဲချိန် (၂၁)မိနစ်တွင်လည်း ဘယ်ခြမ်းမှ သိန်းသန်းဝင်း ပါးပါးနပ်နပ်ဖြင့် ဖန်တီးပေးရာမှ ကျော်ကိုကို အပိုင် အခွင့်အရေး ရသော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပေ။ ပထမပိုင်း တစ်လျှောက်တွင် မြန်မာတို့ကသာ ဖိအားပေး ကစားနေခဲ့ပြီး ဖိလစ်ပိုင်တို့၏ တန်ပြန်တိုက်စစ်များမှာလည်း ထိရောက်မှု မရှိခဲ့ပေ။ ဒုတိယပိုင်း ပြန်စချိန်တွင်လည်း မြန်မာတို့ကသာ ခြေအသာဖြင့် ဆက်လက် ဖိကစားနေခဲ့သည်။ ပွဲချိန် (၅၄)မိနစ်တွင် ကျော်ကိုကို ဘယ်ခြမ်းမှနေ၍ ဖိလစ်ပိုင် အသင်းနောက်ခံလူ ရော့ဘ်ဂီယာကို ဖြတ်ကျော်ကာ ကန်သွင်းသော်လည်း ဖိလစ်ပိုင် ဂိုးသမား အက်သရစ်ဂ်ျ နေရာယူမှန်မှန်ဖြင့် ကာကွယ် သွားနိုင်ခဲ့သည်။ ပွဲချိန် (၅၇)မိနစ်တွင် မြန်မာတို့ တစ်ပွဲလုံးတွင် ဂိုးရရန် အနီးစပ်ဆုံး အခွင့်အရေးတစ်ရပ် ရရှိခဲ့သည်။ ကျော်ကိုကို၏ ပါးပါးနပ်နပ် ဖန်တီးပေးမှုမှ ရာဇာဝင်းသိန်း ရရှိသွားပြီး ဘယ်ခြမ်းမှ ဧရိယာအတွင်း ချိုးပေးသည်ကို စိုးမင်းဦး ပြေးပိတ်သော်လည်းဖိလစ်ပိုင်ဂိုးသမား နီးလ်အက်သရစ်ဂ်ျ မယုံကြည်နိုင်ဖွယ် ကောင်းလောက်အောင် ကာကွယ်သွားနိုင် ခဲ့သည်။ ပွဲချိန် (၇၄)မိနစ်တွင် ယခုပွဲ၌ ကွင်းလယ်ဗဟိုတွင် ကစားကာ ခြေစွမ်းပြနေသည့် ရာဇာဝင်းသိန်း ဖိလစ်ပိုင် နောက်ခံလူများကို လှည့်စားကာ ဧရိယာအတွင်း ဆွဲဝင် ကန်သွင်းသော်လည်း ဖိလစ်ပိုင် ဂိုးသမား အက်သရစ်ဂ်ျ လက်စွမ်းပြ ပုတ်ထုတ် ခဲ့ပြန်သည်။ ပုတ်ထုတ်ရာမှ
လျှံထွက်လာသည့် ဘောလုံးကို အသင့်ရှိနေသည့် လူစားဝင် ကစားသမား နန္ဒလင်းကျော်ချစ် ပြေးဝင်ပိတ်သွင်းရန် ကြိုးပမ်းသော်လည်း ဖိလစ်ပိုင် နောက်ခံလူများ ကာကွယ်နိုင်သောကြောင့် လွတ်ထွက်သွားသည်ကို ဧရိယာ အစပ်တွင် ရှိနေသည့် ကျော်ကိုကို ပြေးဝင်ကန်သွင်း သော်လည်း ဖိလစ်ပိုင် နောက်ခံလူများပင် အနာခံ ကာကွယ်နိုင်ခဲ့သောကြောင့် မြန်မာတို့ ဂိုးရခွင့် တစ်ကြိမ်ကို လက်လွှတ်ခဲ့ရပြန်သည်။ နောက်ပိုင်းတွင်လည်း နန္ဒလင်းကျော်ချစ်၊ ကျော်ဇေယျာဝင်းတို့ အခွင့်အရေးများ ရခဲ့ကြသော်လည်း ဂိုးရရန် ခက်ခဲနေခဲ့သည်။ မြန်မာတို့ တရကြမ်း တိုက်စစ်ဆင်နေသည်ကို အခွင့်ကောင်းယူကာ ဖိလစ်ပိုင်တို့က တန်ပြန်တိုက်စစ်မှ ယခုပွဲ၏ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားခဲ့သည်။ ပွဲချိန် (၇၇)မိနစ်တွင် ဖိလစ်ပိုင် နောက်ခံလူ ပေါ့တီရီယာက မြန်မာနောက်ခံလူ တစ်ဦးကို ဖြတ်ကျော်ကာ ဂိုးသမား သီဟစည်သူ၏ ဘယ်ဘက်ထောင့်သို့ မြေလှိမ့်ဘော သပ်သပ်ရပ်ရပ် ကန်သွင်းယူသွား ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း လက်ကျန်မိနစ်များတွင်လည်း မြန်မာတို့ ချေပဂို ရရှိရေး အသည်းအသန် ကြိုးစားခဲ့သော်လည်း ဖိလစ်ပိုင် ဂိုးသမားနှင့် နောက်ခံလူများ၏ ကာကွယ်မှု ကောင်းမွန်သောကြောင့် ပွဲအပြီးတွင် ရှုံးနိမ့်ခဲ့ရသည်။

ယခုပွဲတွင် မြန်မာ အသင်းသည် ဖိလစ်ပိုင်ကို ခြေစွမ်းပိုင်းတွင် အသာစီး ကစားနိုင်ခဲ့သော်လည်း မြန်မာတို့၏ ဂိုးရလိုစိတ် လောကြီးမှုကို ဖိလစ်ပိုင်တို့က အခွင့်ကောင်းယူကာ
အနိုင်ကစားသွားခြင်း ဖြစ်သည်။ မြန်မာ ကစားသမားများသည် အသင်းလိုက် ကစားအားတွင် ဖိလစ်ပိုင်တို့ကို အသာစီး ကစားနိုင်သော်လည်း ဥရောပ အခြေစိုက် ကစားသမားများ
ပါဝင်သည့် ဖိလစ်ပိုင် ကစားသမားများကို တစ်ဦးခြင်း အပိုင်းတွင် ယှဉ်ကစားနိုင်စွမ်း မရှိခဲ့သည်ကို တွေ့ရသည်။ မြန်မာ အသင်းအနေဖြင့်မူ ဂိုးသမားနှင့် ခံစစ် တောင့်တင်းသည့်
အသင်းများနှင့် တွေ့ဆုံချိန်တိုင်း ဂိုးရရန် ခက်ခဲတတ်သည့် ပြဿနာကို အပူတပြင်း ဖြေရှင်းရတော့မည် ဖြစ်သည်
soccer myanmar

No comments:

Post a Comment