ကျမတို့ ခြောက်တန်းတုန်းက သင်္ချာဘာသာရပ် လေ့လာသင်ယူရချိန်တွေမှာ algebra သင်ရချိန်ဆိုရင် ပျော်ရသ လောက်၊ Geometry သင်ရချိန်ဆိုရင်တော့ အတော်စိတ်ညစ်ရပါတယ်။ အကြောင်းကတော့ မျဉ်းပြိုင်တွေ၊ စတုရန်းပုံ တွေ၊ ထောင့်မှန်စတုဂံပုံတွေနဲ့ တြိဂံပုံတွေ ဆွဲရလို့ပါပဲ။ ပေတံသုံးရမှာပျင်းတဲ့ ကျမက မျဉ်းတွေကို လက်နဲ့ပဲ ဖြစ်ကတတ် ဆန်း ဆွဲလေ့ရှိတာကြောင့် စည်းကမ်းကြီးတဲ့
သင်္ချာဆရာမနဲ့ ခဏခဏ ထိပ်တိုက်တွေ့တတ်ပါတယ်။ တနေ့တော့ သုံးနာ ညီတြိဂံကို လက်နဲ့ ဆွဲချလိုက်တာ မျဉ်းတွေက တောင်ရောက်၊ မြောက်ရောက်ဖြစ်ပြီး ဘာကြီးမှန်းမသိ ဖြစ်သွားပါတယ်။
စာအုပ်ထပ်ချိန် နီးနေတာကြောင့် ပြန်ဖျက်ဆွဲချိန်လဲ မရတော့ဘဲ မျဉ်းတွေလိုက်ဆက်လိုက်တာ အနားသေးသေးလေး တွေ ဆယ်နားလောက်များ ဖြစ်သွားသလားတောင် မသိလိုက်ပါဘူး။ နောက်ဆုံးတော့ ဆရာမနဲ့ ကြိမ်လုံးနဲ့ လက်ဖ၀ါး တွေ့ကြတော့တာပါပဲ။ ပြီးတော့ ဆရာမကလဲ ပြောလိုက်ပါသေးတယ်။ “သုံးနားညီ တြိဂံပုံ ဆွဲရင် မျဉ်းသုံးကြောင်းကို အနားညီညီနဲ့ ဘယ်လိုတြိဂံပုံ ပေါ်လဲဆိုတာ စဉ်းစားပြီးမှ ဆွဲရမှာပေါ့။ ကိုယ်ဆွဲချင်သလို တောင်ဆွဲ၊ မြောက်ဆွဲ လျှောက် ဆွဲနေရင် ပုံပျက်သွားမှာပေါ့” တဲ့။
ဒီလိုနဲ့ပဲ အဲဒီ တြိဂံပုံပြင်လေးကို မေ့မေ့ပျောက်ပျောက် ရှိနေရာက တခါမှာတော့ ကင်းဘရစ်တက္ကသိုလ်မှာ ပြုလုပ်တဲ့ ဥပဒေအနီးကပ်စာမေးပွဲ သင်တန်းတခု သွားတက်မှပဲ သတိပြန်ရသွားခဲ့ပါတယ်။
ဝါသနာအရ နိုင်ငံရေးပညာလေ့လာ မိရာက နိုင်ငံရေးနဲ့ ဥပဒေတို့အကြားက အရေးပါတဲ့ ဆက်နွယ်မှုတွေကို သတိထားမိပြီး၊ ဥပဒေပညာရပ်ကိုပဲ တွဲဖက် စိတ်ဝင်စားလာခဲ့ပါတယ်။ ပြင်ပကပဲ စာအုပ်တွေ လျှောက်ဖတ်နေရုံနဲ့ ပညာရပ်တခုကို စနစ်တကျလေ့လာ တတ်မြောက် ဖို့ ဆိုတာကလဲ မဖြစ်နိုင်တာကြောင့် ဥပဒေကို ပညာရပ်တခုအနေနဲ့ လေ့လာဖို့ ဆက်ပြီး စဉ်းစားရပါတော့တယ်။
ဒါပေ မယ့်လဲ ဥပဒေဘွဲ့တခုကို အချိန်ပြည့်သွားတက်ဖို့ကလဲ မဖြစ်နိုင်တော့ တာကြောင့် လန်ဒန်တက္ကသိုလ်က အဝေးသင်နိုင် ငံတကာ ပရိုဂရမ်ကနေ တဆင့်ပဲ လေ့လာသင်ယူ ဖြစ်ပါတယ်။ ဒီပရိဂရမ်က ဖတ်ရမယ့် စာအုပ်တွေကို သင်ရိုးညွန်း တန်းအတိုင်း ဖတ်ရှုလေ့လာပြီး၊ နှစ်စဉ်မေလဆိုရင် စာမေးပွဲတွေ ၀င်ရောက်ဖြေဆိုလို့ရတဲ့ ပရိုဂရမ်ဖြစ်ပါတယ်။ စာမေး ပွဲနီးချိန် ရောက်ရင်တော့ Revision သင်တန်းတွေကို ကင်းဘရစ်တက္ကသိုလ်က တာဝန်ယူ သင်ကြားပို့ချပေးပါတယ်။
ဒီလိုနဲ့ ကင်းဘရစ်တက္ကသိုလ်က သင်ကြားပို့ချတဲ့ ကွန်စတီကျူးရှင်းနှင့် အုပ်ချုပ်ရေးဥပဒေ သင်တန်းကို သွားတက်မိစဉ် မှာ အာဏာပိုင်းခြားသတ်မှတ်မှု (Separation of Powers) အကြောင်းကို ပါမောက္ခတယောက်က သင်ကြားပို့ချပေး ပါတယ်။ ဒီသဘောတရားရဲ့ အနှစ်ချုပ်လေးကတော့ ဒီလိုပါ။
လစ်ဘရယ်ဝါဒတွေးခေါ်ပညာရှင်တွေက အစိုးရဆိုတာကို လူ့အဖွဲ့အစည်းအတွင်းမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးရှိဖို့အတွက် အရေးအကြီးဆုံး အစုအဖွဲ့လို့ ရှုမြင်ထားပါတယ်။ ဒါပေမယ့် အစိုးရတွေဟာ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့ အာဏာရှင်အစိုးရတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်းကိုလဲ တွက်ဆထားကြပါ တယ်။
ဒါကြောင့် ကန့်သတ်အစိုးရ (limited government) ဆိုတဲ့ သဘောတရားကို ယုံကြည်ကြပါတယ်။ ဒီသဘော တရားအပေါ်မှာ အခြေခံပြီး အစိုးရရဲ့ အာဏာပိုင်းခြားသတ်မှတ်မှု (separation of powers)၊ ထိန်းကျောင်းမှုနှင့် ချိန် ခွင်လျှာ (Checks and Balances)၊ နိုင်ငံတော်နဲ့ ပြည်သူအကြားက ဆက်နွယ်မှုများအား ဖော်ပြထားသော ဖွဲ့စည်းပုံအ ခြေခံဥပဒေ (constitution) ရေးဆွဲအတည်ပြု ပြဋ္ဌာန်းရေး စတဲ့ သဘောတရားတွေ ထပ်မံ ပေါ်ထွက်လာတာ ဖြစ်ပါ တယ်။
နိုင်ငံတော်အာဏာသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေးအာဏာတို့မှာ သိသာထင်ရှား သော အာဏာပိုင်းခြားသတ်မှတ်မှု (separation of powers) ရှိခြင်းဟာ ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကွန်စတီးကျူးရှင်းဆိုင်ရာ စည်းမျဉ်းတရပ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အာဏာကို တဦးတယောက်၊ တစု၊ တဖွဲ့က ထိန်း ချုပ်ထားခြင်း မရှိစေရေးအတွက် အာဏာအပိုင်းအခြား ဆိုတဲ့ စည်းမျဉ်း ပေါ်ထွက်လာခဲ့တာဖြစ်ပြီး၊ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံအများစုမှာ ကျင့်သုံးနေကြပါတယ်။
အုပ်ချုပ်ရေးအာဏာဟာ အစိုးရအဖွဲ့နဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့ စတာတွေနဲ့ သက်ဆိုင်ပါတယ်။ လွတ်လပ်၍ တရားမျှတ သော ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီဟာ အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်း ရမှာ ဖြစ်ပြီး၊ အစိုးရအဖွဲ့ဟာ အစိုးရမူဝါဒ များ ချမှတ်အကောင်အထည်ဖော်ဆောင်ရပါတယ်။ တပ်မတော် ကတော့ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ ရဲတပ်ဖွဲ့က တော့ တရားဥပဒေစိုးမိုးရေးတာဝန်တွေကို ထမ်းဆောင်ပြီး အုပ်ချုပ်ရေးအာဏာကို ကာကွယ်စောင့်ရှောက်ရပါတယ်။ အစိုးရအဖွဲ့ဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်မျာ ပါဝင်တဲ့ ပါလီမန် (လွှတ်တော်) ကို တာဝန် ခံမှု (accountability) ရှိရမှာ ဖြစ်ပါတယ်။
နိုင်ငံများရဲ့ သက်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ မူတည်ပြီး ပါလီမန် ပါဝင်မှုနှင့် ဖွဲ့စည်းမှု သဏ္ဌာန်တွေ ကွဲပြားပါ တယ်။ ဥပဒေပြုအာဏာဟာ ပါလီမန်အမတ်များနဲ့ သက်ဆိုင်ပါတယ်။
ဒါကြောင့်လဲ ပါလီမန် အမတ်များကို တရားဥပဒေ ပြုသူများ (law-makers) တွေလို့ သတ်မှတ်ကြ ပါတယ်။
တရားစီရင်ရေးအာဏာကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ တရားရုံး အဆင့်ဆင့်က တရားသူကြီးများနဲ့ သက်ဆိုင်ပါတယ်။ တရားသူကြီးများဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပါလီမန်က ချမှတ် လိုက်တဲ့ အက်ဥပဒေများအတိုင်း တရားစီရင်ရေးအာဏာကို ကျင့်သုံးရမှာ ဖြစ်ပါတယ်။ တရားစီရင်ရေးအာဏာဟာ အုပ် ချုပ်ရေးအာဏာနဲ့ ရောထွေးခြင်း မရှိရပါဘူး။
တရားသူကြီးများဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဖွဲ့အ စည်းရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဂတိ လိုက်စားမှုတွေက ကင်းဝေးရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ရယူထားတဲ့ အစိုးရအဖွဲ့ကလဲ တရားသူကြီးများကို အသုံးပြုပြီး နိုင်ငံရေးယုံကြည်ချက်၊ အတွေးအခေါ် မတူသူများကို ပြစ်ဒဏ်ပေးဖို့ အသုံးချခွင့် မရှိပါဘူး။
အာဏာပိုင်းခြားသတ်မှတ်မှုဆိုတဲ့ သဘောတရားဟာ နိုင်ငံရေးပညာရပ်မှာလဲ အရေးကြီးတဲ့ သဘောတရား ဖြစ်တာ ကြောင့် ကျမနဲ့ သိပ်ပြီး မစိမ်းလှပါဘူး။ ဒါပေမယ့် ပါမောက္ခရဲ့ လွယ်လွယ်ကူကူ မှတ်မိအောင်ဆိုပြီး သုံးနာရီတြိဂံပုံလေး နဲ့ သင်ကြားပို့ချပေးပုံလေးကတော့ အဆန်းတကြယ် စိတ်ဝင်စားစရာလေး ဖြစ်သွားပါတယ်။
နိုင်ငံတနိုင်ငံရဲ့ ကွန်စတီ ကျူးရှင်း စည်းမျဉ်းတရပ်ဖြစ်တဲ့ အာဏာပိုင်းခြား သတ်မှတ်မှုဟာ မည်၍မည်မျှ အရေးကြီးကြောင်း၊ အာဏာသုံးရပ် ပိုင်း ခြားသတ်မှတ်မှု ကို ရောထွေးရှုပ်ထွေးအောင် လုပ်လို့မရကြောင်းနဲ့ ရှုပ်ထွေးမှု ဖြစ်စေနိုင်တဲ့ မည်သို့သော အခြေအနေ များကို ရှောင်ရှားသင့်ကြောင်း စတာတွေကို စနတ်ကျ ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။
တြိဂံပုံလေးကိုပြပြီး ပြောပြနေ တာကြောင့် သင်ကြားမှုကို နာယူနေချိန်မှာပဲ ကျမရဲ့ အတွေးလေးတွေကလဲ ခြောက်တန်းတုန်းက တြိဂံပုံပြင်လေးကို သတိသွားရနေမိခဲ့ပါတယ်။
သင်တန်းပို့ချပြီးလို့ မေးခွန်းတွေ မေးရချိန်မှာ ပါမောက္ခကို မေးခွန်းတခု မေးလိုက်မိပါတယ်။ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ ပါဝင်တဲ့ အာဏာပိုင်းခြား သတ်မှတ်မှု တြိဂံပုံသဏ္ဌာန်လေး ပျက်သွားရင် ဘာဖြစ်နိုင်သလဲလို့ပါ။ ပါမောက္ခက တခုပဲ ပြောပါတယ်။ နိုင်ငံတော်ကျရှုံးမှု (state failure) ဖြစ်သွားမှာပေါ့တဲ့။
အဲဒီနေ့က ကင်းဘရစ်ကနေ လန်ဒန်ကို ပြန်သွားတဲ့ ရထားပေါ်မှာ
“သုံးနားညီ တြိဂံပုံ ဆွဲတဲ့အခါ မျဉ်းသုံးကြောင်းကို အနားညီညီနဲ့ ဘယ်လိုတြိဂံပုံ ပေါ်လဲဆိုတာ စဉ်းစားပြီးမှ ဆွဲရမှာပေါ့။ ကိုယ်ဆွဲချင်သလို တောင်ဆွဲ၊ မြောက်ဆွဲ လျှောက်ဆွဲနေရင် ပုံပျက်သွားမှာပေါ့”
“အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ ပါဝင်တဲ့ အာဏာပိုင်းခြား သတ်မှတ်မှု တြိဂံပုံသဏ္ဌာန်လေး ပျက်သွားရင် နိုင်ငံတော်ကျရှုံးမှု (state failure) ဖြစ်သွားမှာပေါ့”
ဆိုတဲ့ စကားလုံးလေးတွေ ပြန်လည်တွေးမိရင်း၊ အတွေးနယ်ကျွံသွားခဲ့တာ ရထားပေါ် လူကုန်သွားမှပဲ လန်ဒန်ရောက် မှန်း သတိထားလိုက်မိပါတော့တယ်။ တြိဂံလေးတွေကလဲ တခါတရံမှာ လူတွေရဲ့ စိတ်ကို ဖမ်းစားတတ်တယ် ထင်ပါရဲ့။
ခင်မမမျိုး
(၂၆၊ ၁၊ ၂၀၁၃)
January 28, 2013
နေ့သစ်
No comments:
Post a Comment