Tuesday, February 12, 2013

မြောက်ကိုရီးယားက တတိယအကြိမ်မြောက် မြေအောက်အဏုမြူဗုံး ဖောက်ခွဲစမ်းသပ်မှု ပြုလုပ်ခဲ့ဖွယ်ရှိသည့် အထောက်အထားများ တွေ့ရှိ



w1-12-2-4မြောက်ကိုရီးယားသည် ခြိမ်းခြောက်ထားသည့်အတိုင်း တတိယအကြိမ်ြေ မာက် မြေအောက် အဏုမြူဗုံး ဖောက်ခွဲစမ်းသပ်မှု ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြုလုပ်ခဲ့ဖွယ် ရှိသည့် အထောက်အထားများ တွေ့ရှိခဲ့ရ သည်ဟု နိုင်ငံတကာမှ စောင့်ကြည့် သည့် အေဂျင်စီများက သတင်းထုတ်ပြန်ခဲ့ကြသည်။

အဏုမြူဗုံး ဖောက်ခွဲစမ်းသပ်မည့် Punggye-ri နေရာဖြစ်သော ကီဂျူခရိုင်ကို ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၉ မှ ၅ ဒသမ ၁ အဆင့်ရှိသည်ဟု ယူဆရသော တုန်ခါမှုတစ်ခုသည် နံနက် ၁၁ နာရီ ၅၇ မိနစ်တွင် လှုပ်ခတ်ခဲ့သည်ကို သိရှိခဲ့ရကြောင်း US Geological Survey က ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားသည် နိုင်ငံအရှေ့မြောက်ဘက်စွန်းစွန်းတွင် မြေအောက် အဏုမြူဗုံး ဖောက်ခွဲစမ်းသပ်ခဲ့သည်ဟု ယုံကြည်ရကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်း ၀န်ယိုရှီ ဟီဒီဆူဂါက ဖေဖော်ဝါရီလ ၁၂ ရက်တွင် အတည်ပြုခဲ့သည်။ မြောက်ကိုရီးယားတွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီ ၅၇ မိနစ်၌ လှုပ်ခတ်ခဲ့သော ငလျင်တစ်ခုမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သံသယဖြစ်ဖွယ်ကောင်းကြောင်း တရုတ်မြေငလျင်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကလည်း ဖေဖော်ဝါရီလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနနှင့် သမ္မတအိမ်တော်တို့က မြောက်ကိုရီးယားသည် မြေအောက် အဏုမြူဗုံး ဖောက်ခွဲစမ်းသပ်လိုက်ခြင်း ဟုတ်၊ မဟုတ် အတည်ပြုနိုင်ရန် ကြိုးပမ်းနေသည်။ အမှန်တကယ် စမ်းသပ်မှုပြုလုပ်ခဲ့ပါက မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တွင်မြေအောက်အဏုမြူဗုံး စမ်းသပ်ဖောက်ခွဲပြီးနောက်ပိုင်း ယခု အကြိမ်မှာ တတိယအကြိမ်မြောက် ဖောက်ခွဲစမ်းသပ်မှု ဖြစ်လာမည်ဖြစ်သည်။
မြောက်ကိုရီးယားသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအ၀င် နိုင်ငံတကာမှ သတိပေးတားမြစ်မှုများ ရှိနေသော်လည်း အဆင့်မြင့် နျူ ကလီးယား စမ်းသပ်မှုပြုလုပ်သွားမည်ဟု သီတင်းပတ်များစွာကတည်းက ထုတ်ပြန်ထားပြီးဖြစ်သည်။ ပြုံယမ်းအရေးမှာ အမေရိကန်သမ္မတ ဒုတိယသက်တမ်းအတွက် ရွေးချယ်ခံထားရသော ဘာရက်အိုဘားမား အစိုးရ အတွက် လုံခြုံရေးနှင့် သံတမန်ရေးရာ စိန်ခေါ်မှုတစ်ခု ဖြစ်သလို ဒေသတွင်း အိမ်နီးချင်းများဖြစ်သော ခေါင်းဆောင်သစ်များ ကိုယ်စီတက်လာသော တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့အတွက်လည်း ကိုင်တွယ်ရခက်မည့် အရေးကိစ္စတစ်ခု ဖြစ်လာနေသည်။
ယခုအကြိမ် ဖောက်ခွဲစမ်းသပ်မှုမှာ ယခင်နှစ်ကြိမ်ကဲ့သို့ ပလူတိုနီယမ်ဗုံး မဟုတ်ဘဲ ယူရေနီယမ်ဗုံး ဖြစ်မည်ဟု ခန့်မှန်းမှုများ ထွက်နေသည်။ မြောက်ကိုရီးယားသည် လက်နက် အဆင့် ထုတ်လုပ်နိုင်သော ယူရေနီယမ် သန့်စင်မှုများကို နှစ်ပေါင်းများစွာ လျို့ဝှက်လုပ်ဆောင်လာခဲ့ပြီး နျူကလီးယား လက်နက်အင်အား တိုးချဲ့နိုင်ရေးအတွက် လမ်းပွင့်စေမည်ဖြစ်သည်။ ထို့ပြင် တာဝေးပစ်ဒုံးကျည်တွင် ဗုံးတပ်ဆင်ပြီး ပစ်လွှတ်သော ရှုပ်ထွေးသည့် နည်းပညာတွင် တိုးတက်မှုရှိမည့်အရေးသည်လည်း အထူးစိုးရိမ်စရာ ဖြစ်လာနေသည်။  မြောက်ကိုရီးယားသည် ဒီဇင်ဘာလက ဒုံးပျံစမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခဲ့မှုမှာလည်း ပဲ့ထိန်းဒုံးကျည် နည်းပညာတွင် တိုးတက်မှုတစ်ခုအဖြစ် သုံးသပ်ခံရသည်။
Ref:AFP
EMG

No comments:

Post a Comment