Tuesday, February 12, 2013

ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှု မရှိခဲ့သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ရပြီး ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန် ဖွံ့ဖြိုးရန်အတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား


w1-12-2-3ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှု မရရှိခဲ့သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ရပြီး ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ရန်အတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။
၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီလ၁၂ရက်နေ့တွင် ကျရောက်သည့် ၆၆နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။     နိုင်ငံတော်သမ္မတဦးသိန်းစိန်က''ကိုလိုနီနယ်ချဲ့တို့၏ တောင်ပေါ်မြေပြန့် သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် လွတ်လပ်ရေးရပြီးမှစ၍ အမိနိုင်ငံတော်ကြီးအတွင်းရှိ တိုင်းရင်းသား ညီအကိုမောင်နှမများ တစ်ဦးနဲ့တစ်ဦး နားလည်မှုလွဲမှားကာ စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရကြောင်း လွတ်လပ်ရေးရပြီးနောက် ပုဂ္ဂိုလ်စွဲ ဝါဒစွဲ လူမျိုးစွဲတွေကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း သွေးကွဲခဲ့ကြရကြောင်းနှင့် ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှု မရရှိခဲ့သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ရကြောင်း ''ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။              
w1-12-2-2
''မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေးတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန် အဓိကလိုအပ်ချက် ဖြစ်ကြောင်း၊မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်တွင် နိုင်ငံသားအားလုံး ပါဝင်လာနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရန်အတွက် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်နေကြောင်း''နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့သည်။         
ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲ့အုပ်ချုပ်မှု၊ဖိနှိပ်သွေးစုပ်မှု၊ပြည်တွင်းတည်ငြိမ်အေးချမ်းရေး ပျက်ပြားမှုစသည့် ခါးသည်းသော အတွေ့အကြုံများအား သင်ခန်းစာယူကာ တိုင်းရင်းသားအားလုံးက အမိမြန်မာနိုင်ငံကြီး ထာဝရငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်နှင့် ၆၆နှစ်မြောက် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသား ညီအကိုအချင်းချင်း ညီညွတ်စွာဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို ဒီမိုကရေစီ နည်းလမ်းကျစွာ တည်ဆောက်ရန် နိုင်ငံတော်သမ္မတက တိုက်တွန်းထားသည်။                 
ထို့ပြင် ပြည်တွင်း၊ပြည်ပအဖျက်သမားများ၏ အန္တရာယ်ကိုလည်း တိုင်းရင်းသားအားလုံးက ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ပူးပေါင်းကာကွယ်တားဆီးဖို့ လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားထားသည်။
w1-12-2-1          
''ကိုလိုနီစနစ် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကျွန်ပညာရေးစနစ် အကောင်အထည်ဖော်မှု တိုင်းရင်းသား ညီအကိုတို့အပေါ် မတရားဂုတ်သွေးစုတ်ပြီး စိုးမိုးချယ်လှယ်မှု မြန်မာ့သယဇာတတို့ကို မတရားရယူ သိမ်းပိုက်မှု စသည့် ခါးသည်းသော အတွေ့အကြုံတို့ကို မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမအားလုံး နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရသည်'' ဟုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။         
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ပညာတက်မျိုးချစ်လူငယ်တို့က ခေါင်းဆောင်ကာ မြန်မာ့တပ်မတော်ကို ဖွဲ့စည်းပြီး ဖက်ဆစ်အကူအညီကို ရယူ၍ ကိုလိုနီနယ်ချဲ့တို့ကို မြန်မာ့မြေပေါ်မှ မောင်းထုတ်နိုင်ခဲ့ပြီး ဖက်ဆစ်တို့၏ ရက်စက်ကြမ်းကြုတ်သည့် ညှင်းပမ်းနှိပ်စက်မှုများကြောင့် ဖက်ဆစ်တို့ကိုလည်း မြန်မာ့မြေပေါ်မှ တိုက်ထုတ်ခဲ့ရကြောင်း သိရသည်။              
၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ၁၂ရက်နေ့တွင် တိုင်းရင်းသားခေါင်းဆောင်များက ပင်လုံညီလာခံကို ကျင်းပကာ တိုင်းရင်းသားအားလုံး တစ်ညီတစ်ညွတ်တည်း လွတ်လပ်ရေး တောင်းဆိုကြမည်ဟု လက်မှတ်ရေးထိုးခဲ့ပြီး ယင်းနေ့ကို အစွဲပြု၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားများ နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။         
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နေပြည်တော်တွင် ကျင်းပသည့် ၆၆ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန်  မြန်မာအစိုးရအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး မရရှိသေးသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့ အပါအဝင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အားလုံးနှင့် နိုင်ငံရေးပါတီများအား ဖိတ်ကြားခဲ့သည်။      
သို့ရာတွင်KIO အဖွဲ့သည် အစိုးရအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အပြီးသတ် မရရှိသေးသည့်အတွက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိပေ။
 EMG

No comments:

Post a Comment