Sunday, February 17, 2013

ပင်တဂွန်က ဆိုက်ဘာနှင့် မောင်းသူမဲ့လေယာဉ်တို့နှင့် ပတ်သက်သော သူရဲကောင်းများအတွက် ဂုဏ်ပြုဆုတံဆိပ်သစ်များ ဖန်တီး

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်သည် ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်သူများနှင့် မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုများကို ဆောင်ရွက်သူများအတွက် ဂုဏ်ပြုဆုတံဆိပ်သစ် တစ်မျိုးကို ဖန်တီးခဲ့သည်။ ၎င်းတို့သည် အသက်စွန့် ဆောင်ရွက်ရခြင်းမျိုး မရှိသော်လည်း ယင်းကဲ့သို့ သူရဲကောင်းတံဆိပ် ချီးမြှင့်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက Distinguish War-fare Medal ဟု အမည်တပ်ထားသော ယင်းဆုတံဆိပ်သစ်ကို ကြေညာရာတွင် “ရှေ့တန်းမှာ မဟုတ်ပေမယ့် အဆင့်မြင့် နည်းပညာသုံး လက်နက်တွေနဲ့ ခေတ်သစ်စစ်ပွဲကို ဆင်နွှဲရာမှာ အရေးပါတဲ့ နေရာကနေ ပါဝင်သူတွေကို အသိအမှတ်ပြုဖို့ အချိန်ကျပြီ” ဟု ပြောကြားခဲ့သည်။
တိုက်ပွဲ၌ အသက်စွန့်ကာ ရဲစွမ်းသတ္တိ ပြသခဲ့သူများအား ဂုဏ်ပြုရန် လိုသကဲ့သို့ တိုက်ပွဲဝင်ရသည့် စစ်ဆင်ရေးများတွင် အနေအထား လုံးဝပြောင်းသွားအောင် ထူးချွန်သည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်ခဲ့ သူများအားလည်း ဂုဏ်ပြုသင့်ကြောင်း ပြောကြားခဲ့သည်။
သူက မောင်းသူမဲ့လေယာဉ်များနှင့် ဆိုက်ဘာလက်နက်များကို ထိန်းချုပ်ဆောင်ရွက်သူတို့သည် ယှဉ်ပြိုင်ရသော စစ်ဆင်ရေးများ အောင်မြင်ရေး၌ အရေးပါသူများ ဖြစ်သည်ဟု ဆိုသည်။ ယခုဆုတံဆိပ်သည် လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း စက်ရုပ်လက်နက်များ၊ ဒီဂျစ်တယ် တိုက်ပွဲများနှင့်အတူ ပေါ်ထွက်လာခဲ့သည့် စစ်ပွဲခေတ်သစ် တစ်ရပ်ကို ရောင်ပြန်ဟပ်ပြခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။
Predator နှင့် Reaper မောင်း သူမဲ့လေယာဉ်များကို Hellfire ဒုံးကျည်နှင့် ဗုံးများတပ်ဆင်လျက် အီရတ်နှင့် အာဖဂန်နစ္စတန်ရှိ စစ်သွေးကြွများကို တိုက်ခိုက်ရန် အသုံးပြုခဲ့ပြီး စီအိုင်အေသည် ပါကစ္စတန်၊ ယီမင်နှင့် အခြားဒေသများရှိ အယ်လ်ကေးဒါးဟု မသင်္ကာသူများကို သတ်ဖြတ်ရန်လည်း ယင်းတို့ကို အသုံးပြုခဲ့သည်။ ထို့ပြင် RQ-170 Sentinel နှင့် Global Hawks ရေဒါပျောက် မောင်းသူမဲ့လေယာဉ်များ အပါအ၀င် အခြားစက်ရုပ် လေယာဉ်များကို ရန်သူ့နယ်မြေအတွင်း ကောင်းကင်မှ စုံစမ်းထောက်လှမ်းရန်အတွက် အသုံးပြုခဲ့သည်။
အမေရိကန် စစ်ဘက်ဆိုင်ရာသည် ဆိုက်ဘာစပေ့စ်ကို စစ်မျက်နှာသစ်အဖြစ် ရှုမြင်ပြီး ဒီဂျစ်တယ်စစ်ပွဲ ဆင်နွှဲရန်အတွက် ဆိုက်ဘာ သူရဲကောင်းများကို လေ့ကျင့်ပေးနေသည်။ ၂၀၀၉- ၂၀၁၀ ခုနှစ် အတွင်း အီရန်၏ ယူရေနီယမ် စက်ရုံများကို ဖျက်ဆီးရန် ဆိုက်ဘာ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ၌ ယင်းသည် အမေရိကန်နှင့် အစ္စရေး သူလျှိုအဖွဲ့အစည်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြခဲ့ဖူးသည်။
ယခုဆုတံဆိပ်ကို ကြေးဝါဆွဲပြားအဖြစ် ပြုလုပ်ထားပြီး အလျား နှစ်လက်မခန့်ရှိသည်။ အလယ်၌ လင်းယုန်တံဆိပ် ပါဝင်သော ကမ္ဘာလုံးကို လော်ရယ်ပန်းကုံး ပတ်ထားကာ နီ၊ ဖြူ၊ ပြာ အရောင်များ အစင်းကျားထားသည့် ဖဲကြိုးတပ်ထားကြောင်း သိရသည်။
Ref: AFP
EMG

No comments:

Post a Comment