Saturday, February 16, 2013

ရုံးအဖွဲ့မှူးက ငွေကြေးအလွဲသုံးစား ပြုလုပ်ခဲ့ခြင်းအပေါ် မြန်မာနိုင်ငံ ဂီတ အစည်းအရုံး(ဗဟို)မှ အရေးပေါ် သတင်းထုတ်ပြန်

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)မှ ရုံးအဖွဲ့မှူးက ငွေကြေး အလွဲသုံးစားမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဂီတ အစည်းအရုံး(ဗဟို)မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အရေးပေါ် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ထုတ်ပြန်ချက်တွင်  မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ လက်ရှိ တွဲဖက် အတွင်းရေးမှူးနှင့် ရုံးအဖွဲ့မှူး အဖြစ် တာဝန် ထမ်းဆောင်နေသည့် ဦးမျိုးတင့်(ခ) ဦးမျိုးနွယ်ဆွေသည် မြန်မာနိုင်ငံ ဂီတအစည်း အရုံးသို့ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ရုပ်သံ မီဒီယာများမှ အသုံးပြုခဲ့သည့် သီချင်းများအတွက် အနုပညာ မူပိုင်ကြေး ပေးသွင်းထားသည့် ငွေကျပ် သိန်းလေးရာ ကိုးဆယ့်လေးသိန်း တစ်ထောင့်နှစ်ရာကျပ် (၄၉,၄၀၁,၂၀၀/) ကို အလွဲသုံးစား ပြုထားကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု ဖော်ပြခဲ့သည်။
ရုပ်သံမီဒီယာများသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ် အတွင်း ရိုက်ကူးထုတ်လွှင့် ခဲ့သော တီဗီ ပရိုဂရမ်များတွင် အသုံးပြုသည့် အချို့သော သီချင်းများ အတွက် သက်ဆိုင်ရာ မီဒီယာများမှ အနုပညာ မူပိုင်ကြေးများအား တောင်းခံခဲ့ရာတွင် ပေးသွင်းပြီး ဖြစ်ကြောင်း အကြောင်း ပြန်သဖြင့်  စာရင်းများကိုပြန်လည် စစ်ဆေးခဲ့ရာ စာရင်း ပျောက်ဆုံး လျက်ရှိသော ငွေကြေးပမာဏမှာ ကျပ် သိန်းလေးရာ ကိုးဆယ့်လေးသိန်း တစ်ထောင့်နှစ်ရာကျပ် ရှိခဲ့ကြောင်း သိရသည်။
စာရင်း ပျောက်ဆုံးနေသော ငွေကြေးများနှင့် စပ်လျဉ်းပြီး သိရှိရန်အတွက်  မြန်မာနိုင်ငံ ဂီတအစည်း အရုံးတွင် ယခင်ကာလနှင့် ယခုကာလတွင်ပါ ဆက်လက် တာဝန် ထမ်းဆောင်လျက် ရှိသော ရုံးအဖွဲ့မှူးအား ခေါ်ယူ စစ်ဆေးမေးမြန်းရာ အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း ၀န်ခံခဲ့သဖြင့်  ဦးမျိုးတင့်(ခ) ဦးမျိုး နွယ်ဆွေအား ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စပြီး တာဝန်မှ ရပ်ဆိုင်းကာ ဂီတ အစည်းအရုံး အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ် လိုက်ကြောင်း ပါရှိပါသည်။
ငွေကြေး အလွဲသုံးစားမှုအား လိုအပ်သည့် အရေးယူမှုများ ပြုလုပ်နိုင်ရေး အတွက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ ဥပဒေအကြံပေး အကျိုးတော်ဆောင်အား တရားဥပဒေဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လွှဲအပ်ထားကြောင်း သိရှိရပါသည်။
EMG

No comments:

Post a Comment