Saturday, February 16, 2013

အစိုးရပိုင် စီးပွားရေး လုပ်ငန်းများကို ကော်ပိုရေးရှင်းအသွင်ပြောင်းပြီး လုပ်ငန်းအချို့ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည်

BiPg6-13-2ပို့ဆောင်ရေးဝန်ကြီးဌာနမှ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်သို့ လွှဲပြောင်းခဲ့သည့် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း
ပုဂ္ဂလိကကဏ္ဍ လှုပ်ရှားမှုများကို ပိတ်ဆို့ဖွယ်ရှိနေသည့် အနေအထားများအား ပြောင်းလဲရန် အစိုးရပိုင် စီးပွားရေး လုပ်ငန်းများကို ကော်ပိုရေးရှင်းအသွင်ပြောင်းပြီး  အချို့လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ရေးဆွဲသည့် စီးပွားရေးနှင့်
လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်တွင် ဖော်ပြပါရှိသည်။
ပြုပြင်ပြောင်းလဲမှုများအတွက် အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍ ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်ရန် ကောင်းမွန်သည့် ၀န်းကျင် ဖန်တီးပေးရန် လိုအပ်ကြောင်း၊ အစိုးရအနေဖြင့် ထုတ်လုပ်သူတစ်ဦး ပုဂ္ဂလိကကဏ္ဍ လှုပ်ရှားမှုများကို ပိတ်ဆို့ဖွယ် ရှိနေသူတစ်ဦး အနေအထားမှ ပြောင်းလဲသင့်ကြောင်း၊ ယင်းသို့ ပြောင်းလဲရန် အစိုးရပိုင် စီးပွားရေးလုပ်ငန်းများကို ကော်ပိုရေးရှင်းများအသွင် ပြောင်းလဲခြင်း၊ အချို့လုပ်ငန်းများကို ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပေးရန် လိုအပ်ကြောင်း အဆိုပါ မူဘောင်တွင် သုံးသပ်ထားသည်။
ထို့အတွက် အစိုးရပိုင် စီးပွားရေး လုပ်ငန်းများဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ကော်ပိုရေးရှင်းအဖြစ် အသွင်ပြောင်းရန် စီစဉ်နေပြီး ပို့ဆောင်ရေး ၀န်ကြီးဌာနအောက်ရှိ အဖွဲ့အစည်း လေးခုကိုလည်း စီးပွားရေးဆန်ဆန် ရပ်တည်ရန် အစိုးရမှ လုပ်ပိုင်ခွင့် အပ်နှင်းထားကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရန် တာဝန်နှင့် လုပ်ပိုင်ခွင့် အပ်နှင်းခြင်း ခံရသည့် ပို့ဆောင်ရေး ၀န်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းလေးခုမှာ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၊ မြန်မာ့လေကြောင်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတို့ ဖြစ်သည်။
အဆိုပါ အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်များတွင် မိမိလုပ်ငန်း အောင်မြင်ရန် မည်သည့်မြေ သို့မဟုတ် အဆောက်အအုံကိုမဆို အလိုရှိခဲ့ပါလျှင် ယင်းမြေ၊ အဆောက်အအုံကို သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့် အညီ သိမ်းယူရန် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြ၍ ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ယင်းမြေ၊ အဆောက်အအုံကို သိမ်းယူရန် ပို့ဆောင်ရေး ၀န်ကြီးဌာနက လိုအပ်သလို ဆောင်ရွက်နိုင်ကြောင်းနှင့် ယင်းသို့သိမ်းယူရာ၌ ပေးသင့်ပေးထိုက်သော ငွေကြေးအ၀၀ကို တင်ပြသည့် အဖွဲ့အစည်းက ပေးရမည်ဖြစ်ကြောင်း၊ ယင်းသို့ပေးပြီးမှသာ မြေနှင့် အဆောက်အအုံများကို သုံးစွဲပိုင်ခွင့်ရှိကြောင်း သိရသည်။
စီးပွားရေးဆန်ဆန် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် တာဝန်နှင့်လုပ်ပိုင်ခွင့် အပ်နှင်းခြင်း ခံရသည့် အဖွဲ့များကို အခွန်ကင်းလွတ်ခွင့်များ၊ လိုင်စင်လျှောက်ထားခြင်း ကင်းလွတ်ခွင့်များ ပေးထားကြောင်း သိရသည်။
အဆိုပါ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်ကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းမူဘောင်မှာ နိုင်ငံတော်၏ ရေတိုနှင့်ရေရှည် မျှော်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်မည့် အရေးကြီးသည့် မူဝါဒလမ်းညွှန် ဖြစ်သည်။
EMG

No comments:

Post a Comment