Tuesday, February 5, 2013

ဦးဆန်းဆင့် သာသနာရေးဝန်ကြီး အဖြစ် တာဝန် မထမ်းဆောင်ဟု ဆုံးဖြတ်


ဦးဆန်းဆင့်အနေဖြင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးကို လက်ခံခြင်းမပြုဘဲ မူလတာဝန်ကိုသာ ထမ်းဆောင်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က ပြောကြားသည်။

သာသနာရေးပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အနေဖြင့် မူလတာဝန်ဖြစ်သော တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ်သာ တာဝန်ထမ်းဆောင်ခွင့်ပြုပါရန် နိုင်ငံတော်သမ္မတသို့ တင်ပြထားပြီဖြစ်ကြောင်း ဦးဆန်းဆင့်က ပြောသည်။

"ကျွန်တော်ကတော့ ပြည်သူ့ဆန္ဒအရ လွှတ်တော်ဥက္ကဋ္ဌတာဝန်ကိုပဲ ထမ်းဆောင်လိုပါတယ်ဆိုတာ သမ္မတကြီးကို တင်ပြလိုက်ပါပြီ။ ပြန်ပြီးအကြောင်းပြန်ကြားခြင်းတော့ မရှိသေးပါဘူး" ဟု ဥက္ကဋ္ဌက ဆိုသည်။

ပြည်သူများမှ မိမိအား လွှတ်တော်ဥက္ကဋ္ဌအဖြစ်သာ ဆက်လက်ရှိစေလိုသော ဆန္ဒများရှိသဖြင့် သမ္မတသို့ ယခုလ ၃ ရက်တွင် တင်ပြခဲ့ပြီး မိမိသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သဖြင့် ပြည်သူ့ဆန္ဒကိုသာ အလေးထားမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အား သာသနာရေးပြည်ထောင်စုဝန်ကြီးအဖြစ် ထမ်းဆောင်ခြင်းမပြုဘဲ မူလတာဝန်ကိုသာ ထမ်းဆောင်ခွင့်ပေးပါရန် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများမှ စုပေါင်းလက်မှတ်ရေးထိုးသူ နှစ်သောင်းခန့်ရှိနေပြီဖြစ်ကြောင်း အဆိုပါကိစ္စကို ဆောင်ရွက်နေသူ ကိုထွန်းထွန်းဦးက ပြောသည်။

ထို့ပြင် အဆိုပါကိစ္စအား ယခုလ ၇ ရက်တွင် ပုသိမ်မြို့ပေါ်၌ ဆန္ဒဖော်ထုတ်ရန်အတွက် တင်ပြဆောင်ရွက်နေပြီး လူအင်အား ၂၀၀၀ ခန့်ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာပေးပို့မှုအပေါ် ပြည်ထောင်စုလွှတ်တော်မှ သဘောတူကြောင်း ဇန်န၀ါရီ ၃၁ တွင် ဆုံးဖြတ်ခဲ့သည်။

7DaysNewsJournal

No comments:

Post a Comment