Tuesday, February 5, 2013

ရန်ကုန်မြို့အတွင်းရှိ အပေါင်ဆိုင်များတွင် ပစ္စည်းအဆုံးခံ ပေါင်နှံမှုများလာခြင်းကြောင့် အပေါင်ဆုံးပစ္စည်းဈေးကွက် ကျယ်ပြန့်လာ

w1-5-2-1မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အပေါင်ဆိုင်တစ်ခုအား တွေ့ရစဉ်

ရန်ကုန်မြို့အတွင်းရှိ အပေါင်ဆိုင်များတွင် ပစ္စည်းအဆုံးခံ ပေါင်နှံသူဦးရေ များပြားလာခြင်းကြောင့် အဆိုပါ အပေါင်ဆုံးပစ္စည်း ပြန်လည်ရောင်းချမှုများ ယခင်ကထက် ပိုမို များပြားလာကြောင်း ရန်ကုန်မြို့တွင်းရှိ အပေါင်ဆိုင်များမှ သိရသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များရှိ လိုင်စင်ရအပေါင်ဆိုင်များနှင့် ပြင်ပအပေါင်ခံသူများ အနေဖြင့် ရွှေဆိုပါက သုံးကျပ်တိုးနှုန်း၊ အ၀တ်အထည်နှင့် အခြား အိမ်သုံးပစ္စည်းဆိုပါက ၁၀ ကျပ်တိုးနှုန်းဖြင့် အပေါင်ခံလျက်ရှိသော်လည်း လက်ရှိတွင် ပစ္စည်းအဆုံးခံ ပေါင်နှံမှု ပိုမိုများပြားလာကြောင်း အပေါင်ဆိုင်များမှ သိရသည်။
ပစ္စည်းအဆုံးခံ ပေါင်နှံသူအများစုသည် လတ်တလော ငွေကြေး ပြေလည်စေရန် ပေါင်နှံကြခြင်းဖြစ်သည့်အတွက် လစဉ်အတိုးပေးဆပ်နိုင်ရန် ခက်ခဲခြင်း၊ ရပ်ကွက်တွင်း လောင်းကစား ပြုလုပ်ခြင်းများကြောင့် ငွေကြေးဆုံးရှုံးများနှင့် အခြားစားဝတ်နေရေး အခက်အခဲများအတွက် မဖြစ်မနေ ငွေကြေးသုံးစွဲရခြင်းများ ရှိနေခြင်းကြောင့် ယခုလို ပစ္စည်းအဆုံးခံ ပေါင်နှံနေရကြောင်း ကာယကံရှင်တို့က ဆိုသည်။
''လာပေါင်တဲ့သူတွေ လာရင် အဆုံးသဘောမျိုးနဲ့ပဲ သဘောထားပြီး အပေါင်လက်ခံလိုက်တယ်၊ တစ်လနှစ်လ အတိုးသတ်ပြီး ပေါ်မလာတော့ဘဲ အဆုံးခံကြတာ များတယ်၊ အဲလိုတွေများလာတော့ ဆိုင်တွေမှာ အပေါင်ဆုံးပစ္စည်းတွေကို ပြန်ရောင်း လာတာ ဈေးကွက်တစ်ခုလို ဖြစ်နေ ပြီ'' ဟု ရွှေပေါက္ကံမြို့သစ်၊ ၁၂ ရပ်ကွက်ရှိ အပေါင်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ယခုအခါ အပေါင်ဆိုင်များတွင် အပေါင်ဆုံးပစ္စည်းများကို အပေါင်ဆုံးပစ္စည်း အရောင်းဆိုင်များနှင့် တွဲဖက်ရောင်းချမှု အများအပြား တွေ့လာရကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
'' အပေါင်ခံရင် ပစ္စည်းအသစ်ဆိုရင် အပြင်ဈေးရဲ့ သုံးပုံနှစ်ပုံပေးတယ်၊ အဟောင်းဆိုရင်တော့ ပစ္စည်းတန်ဖိုးကြည့်ပြီး ဈေးဖြတ်လိုက်တယ်၊ ထီး၊အ၀တ်အစား၊စတီးချိုင့်နဲ့ အိုး ခွက်ပန်းကန်တွေဆိုရင် ပြန်မရွေးကြတာများတယ်၊ရွှေဆိုရင် မရွေးနိုင်သေးရင်တောင် အတိုးပုံမှန်တော့ သတ်တယ်၊ အဆုံးမခံကြတာများတယ်'' ဟု မြောက်က္ကလာပမြို့နယ်ရှိ အပေါင်ဆိုင်အချို့မှ သိရသည်။
''ပစ္စည်းအသစ် အပေါင်ခံရင် အပြင်ဈေးရဲ့ သုံးပုံနှစ်ပုံပေးတယ်၊ အဟောင်းဆိုရင် ပစ္စည်းတန်ဖိုးကြည့်ပြီး ဈေးဖြတ်လိုက်တယ်၊ ထီး၊ အ၀တ်အစား၊ စတီးချိုင့်နဲ့ အိုးခွက် ပန်းကန်တွေဆိုရင် ပြန်မရွေးကြတာ များတယ်၊ ရွှေဆိုရင်တော့ မရွေးနိုင်သေးရင်တောင် အတိုးပုံမှန်တော့ သတ်တယ်၊ အဆုံးမခံကြတာ များတယ်'' ဟု မြောက်က္ကလာပမြို့နယ်ရှိ လိုင်စင်ရ အပေါင်ဆိုင်တစ်ခုမှ သိရသည်။
အပေါင်ဆိုင်များသို့ လာရောက် ပေါင်နှံသူများတွင် အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေသူ အလုပ်သမားများ၊ဆောက်လုပ်ရေး လုပ် ငန်းခွင် အလုပ်သမားများနှင့် လက်လုပ်လက်စားသမား အများဆုံးဖြစ်ပြီး ကျောင်းဖွင့်ရာသီနှင့် ဆောက်လုပ်ရေးလုပ်ငန်း ပါးလေ့ရှိသည့် မိုးရာသီတွင် ပေါင်နှံမှု အများဆုံးဖြစ်ကြောင်း အပေါင်ဆိုင်အသိုင်းအ၀ိုင်းများထံမှ စုံစမ်းသိရှိရသည်။
''အပေါင်ဆိုင်မှာ ၀ယ်ရင် အသစ်ဆိုရင် အပြင်ကထက် ဈေးသက်သာတယ်၊ အပြင်မှာ ကျပ် ၃၅၀၀ တန်ဆိုရင် ကျပ် ၂၅၀၀ လောက်နဲ့ ၀ယ်လို့ရတယ်၊ စက်ဘီးနဲ့ စက်ပစ္စည်းတွေဆိုရင် သောင်းဂဏန်းလောက်ထိ သက်သာတော့ တချို့ဆို အပေါင်ဆုံးပစ္စည်းကို စောင့်ဝယ်လာကြတယ်''ဟု သာကေတမြို့နယ်အတွင်းရှိ အပေါင်ဆိုင်တွင် အပေါင်ဆုံးပစ္စည်း လာရောက်ဝယ်ယူသူတစ်ဦးက ပြောသည်။
ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ပစ္စည်းပေါင်နှံသူ နည်းပါးလာကြောင်း၊အချို့မှာ ပစ္စည်း လပေးရောင်းသူများထံတွင် ပစ္စည်းယူပြီး အပေါင်ဆိုင်တွင် သွားရောက် ပေါင်နှံကာ ငွေကြေးအခက်အခဲကို ဖြေရှင်းသူများလည်း ရှိကြောင်း သိရသည်။
EMG

No comments:

Post a Comment