Thursday, February 7, 2013

သင့်ချစ်သူ ဆေးလိပ်သောက်နေလျှင်


သင်ချစ်တဲ့သူ ဆေးလိပ်သောက်တာကြောင့် သောက်တဲ့သူကိုယ်တိုင်သာမက တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရတဲ့ သင်နဲ့ သင့်ပတ်ဝန်းကျင်က လူတွေကိုပါ ကျန်းမာရေးထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တတ်တဲ့ သင့်ချစ်သူ ဆေးလိပ်ပြတ်သွားစေဖို့ ဆေးလိပ်ဖြတ်တာကြောင့် ချက်ချင်းရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ ရေရှည်ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပြောပြကြည့်ဖို့ အကြံပြုပါရစေ။
ဆေးလိပ်ကို ဖြတ်ခြင်းကြောင့် ချက်ချင်းရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ
  • ဆေးလိပ်သောက်တဲ့အခါ ပုံမှန်မဟုတ်ဘဲ မြင့်တက်နေတဲ့ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားက ဆေးလိပ်ဖြတ်လိုက်စဉ်မှာ ပုံမှန် အနေအထားကို ပြန်ရောက်စ ပြုလာပါတယ်။
  • ဆေးလိပ်ဖြတ်ပြီး နာရီအနည်းငယ်အတွင်း သွေးထဲက ကာဗွန်မိုနော့ဆိုက် အဆင့်က စတင်လျော့ကျလာပါတယ်။ (ကာဗွန် မိုနော့ဆိုက်က အောက်ဆီဂျင် သယ်ယူနိုင်တဲ့ သွေးရဲ့ အရည်အသွေးကို လျော့ကျစေပါတယ်။)
  • ဆေးလိပ်ဖြတ်ပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာ သွေးလှည့်ပတ်မှု ကောင်းလာပြီး သလိပ်ထွက်နှုန်း လျော့နည်းကာ မကြာခဏ ချောင်းဆိုးနှုန်း လျော့ကျလာပါတယ်။
  • ဆေးလိပ်ဖြတ်ပြီး လအနည်းငယ်အတွင်း အဆုတ်ရဲ့ လုပ်ငန်းဆောင်တာ သိသိသာသာ ကောင်းမွန်လာပါတယ်။
  • ဆေးလိပ်ဖြတ်တဲ့သူတွေက အရသာခံနိုင်စွမ်း ကောင်းမွန်လာတာကြောင့် သူတို့စားတဲ့ အစားအစာတွေက ပိုမို အရသာ ကောင်းလာပါတယ်။

ဆေးလိပ်ကို ဖြတ်ခြင်းကြောင့် ရရှိနိုင်သည့် ရေရှည်ကျန်းမာရေး အကျိုးကျေးဇူးများ
  • ဆေးလိပ်ဖြတ်တာကြောင့် ကင်ဆာ၊ နှလုံးရောဂါနဲ့ အဆုတ်ပွပန်းနာ (COPD) ဖြစ်နိုင်ချေ လျော့ကျသွားပါတယ်။
  • ဆေးလိပ်ဖြတ်ရာမှာ အသက်အရွယ် ကြီးရင့်နေပြီဆိုတာမျိုး မရှိပါဘူး။ ဆေးလိပ်ဖြတ်သူတွေက ဆေးလိပ်သောက်သူတွေထက် ဆေးလိပ်နဲ့ ဆက်စပ်နေတဲ့ နာမကျန်းမှုကြောင့် သေဆုံးနိုင်ခြေ လျော့နည်းတာကြောင့်ပါ။

အသက် ၃၀ အရွယ်တွင် ဆေးလိပ်ဖြတ်ခြင်း
လေ့လာမှုတွေအရ အသက် ၃၀ အရွယ်မှာ ဆေးလိပ်ဖြတ်တဲ့ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်နဲ့ ဆက်စပ်နေတဲ့ ရောဂါဝေဒနာတွေကြောင့် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၉၀ ရာခိုင်နှုန်းကျော် လျော့ကျစေကြောင်း သိရပါတယ်။
အသက် ၅၀ အရွယ်တွင် ဆေးလိပ်ဖြတ်ခြင်း
လေ့လာမှုအရ အသက် ၅၀ အရွယ်မှာ ဆေးလိပ်ဖြတ်သူတွေက ဆေးလိပ်ဆက်သောက်နေသူတွေနဲ့ နှိုင်းယှဉ်ရင် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း သိရပါတယ်။
အသက် ၆၀ အရွယ်တွင် ဆေးလိပ်ဖြတ်ခြင်း
လေ့လာမှုအရ အသက် ၆၀ နဲ့အထက်မှာ ဆေးလိပ်ဖြတ်သူတွေက ဆေးလိပ်ဆက်သောက်သူတွေထက် ပိုပြီး အသက်ရှည်ရှည် နေရနိုင်ခြေရှိတယ်လို့ သိရပါတယ်။
ကေအမ်
[Good Health, No.422, Page.2]
 
 
မြန်မာ့ သွေးမှ ကူးယူဖေါ်ပြသည်။

No comments:

Post a Comment