Wednesday, February 20, 2013

ရန်ကုန်မြို့တွင် ကလေးသူငယ်များကို မိဘအုပ်ထိန်းသူများ ကိုယ်တိုင် ခိုင်းစေကာ တောင်းရမ်း စားသောက်စေမှုများရှိနေ

2.20.7ရန်ကုန်မြို့တွင်းတစ်နေရာတွင် တောင်းရမ်းနေသည့် ကလေးငယ်တစ်ဦးအားတွေ့ရစဉ်
ရန်ကုန်မြို့ရှိ တောင်းရမ်းစားေ သာက်သူ ကလေးငယ် အများစုမှာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ကိုယ်တိုင် စေခိုင်းခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့နေ ပြည်သူ အချို့နှင့် တောင်းရမ်း စားသောက်သော ကလေးငယ်များ၏ ပြောကြားချက်အရ သိရသည်။

တောင်းရမ်းစားသောက် သူများမှာ အများအားဖြင့် လူစည်ကားသည့် နေရာများဖြစ်သော စားသောက်ဆိုင်များ၊ ကားမှတ်တိုင်များနှင့် ဈေးများတွင် အများဆုံး တောင်းရမ်းလျက်ရှိကြောင်း သိရှိရသည်။
“သားတို့ညီအစ်ကိုနှစ်ယောက် ဒီကို နေ့တိုင်းလာပြီး တောင်းရပါတယ်။ သားတို့မှာ မိဘတွေရှိတယ်။ သားတို့ကို အဝေးကနေ လှမ်းကြည့်နေတယ်။ ဒါပေမယ့် ပိုက်ဆံရမှ အိမ်ကိုပြန်ရတယ်။ ညနေ ၆ နာရီဆိုရင် လာထားသွားတယ်။ ည ၉ နာရီဆိုရင် ပြန်လာခေါ်ပါတယ်” ဟု Central Hotel ၀န်းကျင်တွင် တောင်းရမ်းနေသော အသက်လေးနှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးက ပြောပြခဲ့ပါသည်။
ရန်ကုန်မြို့တွင် တောင်းရမ်း စားသောက်သူများတွင် ကလေးသူငယ်များမှာ အများဆုံး ဖြစ်နေပြီး ကျန်းမာသန်စွမ်းသည့် လူငယ်အချို့လည်း ပါဝင်ကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့က ဆိုပါသည်။
“သားက ဒီမှာပိုက်ဆံအမြဲတမ်း တောင်းတယ်။ သားက နေ့ခင်းဆိုရင် ဒီမှာအမြဲတမ်းရှိတယ်။ နေ့တိုင်းတော့ ပိုက်ဆံတစ်ထောင်ကျော် လောက်တော့ အမြဲတမ်းရပါတယ်။ ပိုများတဲ့နေ့လည်း ရှိတယ်။ ရတဲ့ပိုက်ဆံကိုတော့ အကုန်လုံးကို ပြန်ပေးရတယ်” ဟု ကျိုက္ကဆံလမ်းဆုံတွင် တောင်းရမ်းနေသည့် ကလေးငယ်တစ်ဦးက ပြောသည်။
“စားဝတ်နေရေးအတွက် အဆင်မပြေတော့ ကိုယ့်သားသမီးကို တောင်းခိုင်းတဲ့ အဆင့်ထိ ရောက်လာတာလို့ ထင်ပါတယ်။ ဒီကလေးတွေဟာ စာသင်ခန်းထဲမှာပဲ ရှိနေသင့်တဲ့ အရွယ်ပါ၊ ဒါကို သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးသင့်ပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ မူလတန်း ကျောင်းအုပ် အငြိမ်းစား ဆရာမကြီး တစ်ဦးက ပြောပါသည်။
ရန်ကုန်မြို့ရှိ ကလေးငယ်များကို အတတ်ပညာများ သင်ကြားပေးလျက်ရှိသည့် သင်တန်းကျောင်း တစ်ခုမှ ဆရာမတစ်ဦးက “ဆရာမတို့ကျောင်းကို အဲဒီလို လေလွင့်တောင်းရမ်းနေတဲ့ ကလေးတွေ လာဖူးပါတယ်။ ဒါပေမဲ့ သူတို့က မနေနိုင်ဘူး။ ထွက်ပြေးကြတယ်။ သူတို့က ပိုက်ဆံရတာကိုပဲ ပျော်တယ်။ ဒါကလည်း မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို ခိုင်းစားတာဆိုတော့ ဘာမှလုပ်လို့ မရပါဘူး” ဟု ဆိုပါသည်။
ရန်ကုန်မြို့တွင် တောင်းရမ်းစားသောက်သူများတွင် သက်ကြီးရွယ်အိုများမှာလည်း အများဆုံး ပါဝင်လျက်ရှိပြီး အဆိုပါ သက်ကြီးရွယ်အိုများသည် သားသမီးများ မရှိတော့သည့် သူများလည်း ရှိသလို သားသမီးများ ရှိလျက်နှင့် မိဘမှာ တောင်းရမ်းစားသောက်ရသည့် အခြေအနေများလည်း ရှိနေကြောင်း သိရသည်။
ကလေးသူငယ်များအား အသုံးချ တောင်းရမ်းခိုင်းမှုများ ပြုလုပ်ပါက ကလေးသူငယ် ဥပဒေအရ ထောင်ဒဏ်နှစ်နှစ် အထိဖြစ်စေ၊ ငွေဒဏ်ကျပ်တစ်သောင်း ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ကလေးသူငယ် ဥပဒေပုဒ်မ ၆၆/ဂ အရ သိရသည်။
EMG

No comments:

Post a Comment