Saturday, February 2, 2013

ခေါင်းထဲမှာက အမှတ်တစ်ရာ ရင်ထဲမှာက သုညနှင့် အပေါင်းအသင်းများ


(တစ်)
စာရေးဆရာကြီး မြသန်းတင့် စိတ်ရှည်လက်ရှည် ဘာသာပြန်ဆိုပေးသော ကျေးဇူးဖြင့် ကမ္ဘာ့ဂန္ထဝင် ဝတ္ထုရှည်ကြီး အများအပြားကို ထိတွေ့မြည်းစမ်းခွင့်ရခဲ့ရာ စာရေးဆရာမ M.M.Kaye ၏ The Far Pavilions
ဝတ္ထုရှည်ကြီးသည်လည်း တစ်ပုဒ်အပါအဝင် ဖြစ်သည်။ ဆရာက သည်ဝတ္ထုရှည်ကြီးကို "ရွှေပြည်တော်မျှော်တိုင်းဝေး" အမည်ဖြင့် ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်ပါသည်။
ဤဝတ္ထုပါ ဇာတ်လိုက်မင်းသား အက်ရှ်က မိခင်ရော ဖခင်ပါကွယ်လွန်ပြီးနောက် ဗြိတိသျှကိုလိုနီ အိန္ဒိယ၌ စစ်ဗိုလ်ကလေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ တစ်နေ့ အိန္ဒိယနိုင်ငံသား ဘီဂျူရန်းက အက်ရှ်ကို အဆိပ်လူးဓားမြှောင်ဖြင့် အလစ်အငိုက်ဝင်ထိုးစဉ် အက်ရှ်က ရှောင်ကာ ခြေထိုးပေးလိုက်သဖြင့် ဘီဂျူရန်း ဝမ်းလျားထိုး လဲကျကာ မထနိုင်ဘဲရှိနေစဉ် ဓားမြှောင်ကိုကောက် ကာ ထိုးရန်လုပ်ပြီးကာမှ မထိုးဖြစ်ဘဲ တုံ့သွားတွန့်သွားသဖြင့် ယင်းကိုစာရေးသူက သုံးသပ်ချက်ထည့် ထားပေးခဲ့ပါသည်။ ဤကဲ့သို့ လက်နက်မဲ့ လူတစ်ယောက်ကို နောက်ကျောမှနေ၍ ဓားဖြင့်ထိုးရန် တုံ့သွားတွန့်သွားရခြင်းမှာ အင်္ဂလိပ်တို့၏ မျိုးရိုးဗီဇနှင့် အင်္ဂလိပ်ပညာရေးကြောင့်တဲ့။
ဤနေရာတွင် ကျွန်တော်က အင်္ဂလိပ်ပညာရေးတွင် စာသင်ခန်းတွေထဲ၌ ဤကဲ့သို့ လူကြီးလူကောင်း ဆန်သည့် စိတ်ဓာတ်မျိုးကို သွတ်သွင်းပေးလိုက်ကြောင်းဆိုသည့်အချက်ကို အံ့သြသွားမိခြင်း ဖြစ်ပါ သည်။
သြော် …… စာသင်ခန်းတွေထဲကနေ (သို့မဟုတ်) သင်ရိုးညွှန်းတမ်းတွေထဲကနေ တိုင်းပြည်နှင့် လူမျိုး အတွက် အလိုရှိအပ်စွာသော နိုင်ငံတော်သား တစ်ယောက်ကို ပုံသွင်းထုတ်လုပ်ပေးနိုင်သည် ဆိုပါ့ လား။
ဤနေရာ၌ ပုံသွင်းထုတ်လုပ်ပေးလိုက်သည်ဆိုခြင်းမှာ သင်္ချာတော်သူ၊ အင်္ဂလိပ်စာတော်သူ၊ ရူပဗေဒ တော်သူ၊ ဓာတုဗေဒတော်သူ စသည်စသည်ဖြင့် အသိဉာဏ်ကို ထူးချွန်အောင် ပုံသွင်းပေးလိုက်ရုံမျှ သာမက စံမီသော လူသားတစ်ယောက်၏ နှလုံးသားမျိုးရှိနေစေရန် စိတ်ကိုပါ ပုံသွင်းပေးလိုက်သည့် စာသင်ခန်းများနှင့် သင်ရိုးညွှန်းတမ်းများကို ဆိုလိုခြင်းဖြစ်ပါသည်။
(နှစ်)
မြန်မာ့ပညာရေးကို စိတ်ဝင်စားသူ စေတနာရှိသူ တချို့တချို့တို့နှင့် အကြောင်းတိုက်ဆိုင်တိုင်း စာသင်ခန်းများနှင့် သင်ရိုးညွှန်းတမ်းများအကြောင်း တောင်ရောက်မြောက်ရောက် ပြောဖြစ်တတ်ရာ အခြေခံပညာ၌ လူငယ်တို့၏ စိတ်ကိုပြင်သည့် သင်ရိုးများအားနည်းကြောင်းကို မကြာခဏ ကြားရ တတ်ပါသည်။ ကိုယ်ချင်းစာတရားရှိဖို့၊ ကိုယ်ကျင့်တရား မားမတ်ခိုင်ခံဖို့၊ မေတ္တာကရုဏာမုဒိတာ ဥပေက္ခာစသည့် ဗြဟ္မစိုရ်တရားလေးပါးကို ကျင့်ကြံလက်ခံနိုင်ဖို့ အဂတိတရားလေးပါးကနေ သွေဖည် နိုင်ဖို့၊ ဟီရိသြတ္တပခေါ် မဟုတ်တာကိုလုပ်ရန် ရှက်ကြောက်ဝန်လေးသည့် လောကပါလ တရားနှစ်ပါးကို စောင့်ထိန်းဖို့၊ သဘောထားကြီးဖို့၊ တာဝန်ယူတတ်ဖို့၊ ခွင့်လွှတ်သည်းခံတတ်ဖို့၊ လောကဓံတရားရှစ်ပါးကို မတုန်လှုပ်ဖို့စသည် စသည်ဖြင့် လူလောကကို ဖြတ်သန်းရင်ဆိုင်ကြရလေ သောအခါ ထားရှိအပ်သည့် စိတ်အခြေခံသဘောတရားများကို ပါးပါးနပ်နပ်ဖြင့် တည်ဆောက်ပေး သော သင်ရိုးများအားနည်းခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။
အကယ်၍ ရှားတောင့်ရှားပါး ထိုသို့သော သင်ရိုးများပါရှိနေသည်ထားဦး ဆရာ၊ ဆရာမတချို့၏ သင်ကြားပုံနည်းစနစ်က လွဲမှား၍နေပါသည်။ အချက်အလက်များကို ထုတ်နုတ်ကာ မေးတတ်ဖြေ တတ်လျှင် အောင်မြင်ပြီဟု သဘောထားလျက် စိတ်ကိုသင်ရန် မေ့လျော့နေခြင်းဖြင့် အလွဲကြီးလွဲခဲ့ရ ခြင်းပင် ဖြစ်ပါသည်။
(သုံး)
လူတိုင်းလိုလိုနှင့် ရင်းနှီးသည့် ကဗျာကလေးတစ်ပုဒ်ကို ဖော်ပြပါရစေ။ ဆရာမင်းသုဝဏ်၏ လက်ရာ ကလေး ကဗျာကလေးတစ်ပုဒ် ဖြစ်ပါသည်။
ကြက်တူရွေး ကြက်တူရွေး
ရွှေခဲကြက်တူရွေး။
ညီပုလေးကို စာအံသင်
ရွှေခဲ စာအံသင်။
ညီလေးခင်က စာပြန်တုန်း
ရွှေခဲစာပြန်တုန်း။
ဝလုံးရေးဖို့ ညီလေးတိုင်
ရွှေခဲမရေးနိုင်။
ငေးမှိုင်ရှာပေါ့ကြက်တူရွေး
ရွှေခဲကြက်တူရွေး။
သည်ကဗျာကို ဆရာမတစ်ယောက် ကလေးတွေကို သင်ကြားပေးနေခဲ့ပုံက အမေးအဖြေပုံစံနှင့် ဖြစ်ပါသည်။ သာဓကဆောင်ပါရစေ။
ကဗျာထဲရှိငှက်ကို ဖော်ပြပါ။ ကြက်တူရွေးငှက် ဖြစ်ပါသည်။ ညီလေးသည် ဦးစွာဘာလုပ်နေသနည်း။
စာအံ့နေပါသည်။
ညီလေး စာပြန်သောအခါ ကြက်တူရွေးက မည်သို့လုပ်သနည်း။
စာလိုက်အံပါသည်။
ထို့နောက် ညီလေး ဘာလုပ်သနည်း။
ညီလေး ဝလုံးရေးပါသည်။
ထိုအခါကြက်တူရွေး ဘာလုပ်သနည်း။
ငိုင်သွားပါသည် …… တဲ့။
ဤကဲ့သို့ အမေးများနှင့် အဖြေများကို ကွက်တိဖြေနိုင်လျှင် အမှတ် ၁ဝဝ ပေးသည်ဟု ဆိုကြပါစို့။ အချက်အလက်တစ်ခုမှားလျှင် အမှတ်အနည်းငယ်စီလျှော့ကာ လျှော့ကာ သွားခြင်းဖြင့် စာသင်သားကို ကောင်း၊ ဆိုး၊ ညံ့ လုပ်ပစ်သော သင်ကြားနည်းပင် ဖြစ်ပါသည်။ အံ့သြစရာကောင်းလိုက်တာ။
တကယ့်ကဗျာ၏ ရည်မှန်းချက်က ကလေးများ၏ ရင်တွင်းသို့ ကိုယ်ချင်းစာတရား (Sympathy) သွင်းပေးဖို့ ဖြစ်ပါသည်။
မိမိစာကို သင်အံရွတ်ဆိုစဉ်က တုပကာ လိုက်ပြီးရွတ်ဆိုနိုင်ခဲ့သော ကြက်တူရွေးငှက်ကလေး မိမိ စာပေရေးသားတော့ သူ့ခမျာ လက်မရှိသဖြင့် လိုက်မရေးနိုင်တော့သောကြောင့် ငိုင်တွေကာ သွားရပုံ ကို ကလေးတို့အား သတိပြုမိစေကာ ကိုယ့်လောက်မကြွယ်ဝသူ တစ်ဦးဦး တစ်ယောက်ယောက် အပေါ် စာနာထောက်ထား သနားညှာတာသောစိတ် ဝင်ရောက်လာစေရန်အတွက် ပျိုးထောင်ပေးရ မည့် ကဗျာဖြစ်ပါသည်။ Feeling with other, Feeling into other ဟု ဖွင့်ဆိုသကဲ့သို့ အခြားနှင့်အတူ ဝင်ရောက်ခံစားတတ်သော အခြား၏ နေရာကနေ ဝင်ရောက်ခံစားတတ်သော ကိုယ်ချင်းစာတရား (Sympathy) ကို ပျိုးထောင်ပေးရမည့် ကဗျာဖြစ်ပါသည်။ ကိုယ်ချင်းစာတတ်သော စိတ်သည် လူနှင့် တိရစ္ဆာန်ကို ခွဲခြားပစ်လိုက်သော စိတ်ဖြစ်သည့်အတွက် လူ့အဖွဲ့အစည်းနေပျော် ထိုင်ပျော်ဖြစ်ဖို့ လူတိုင်း၌ အလိုရှိအပ်စွာသော စိတ်အခြေခံသဘောတရားတစ်ရပ်ဖြစ်ရာ ယင်းကို ကလေးတိုင်း၏ ရင်ထဲသို့ သွင်းပေးနိုင်ပါမှ ဤကဗျာကို သင်ကြားမှု ပေါက်မြောက်အောင်မြင်သည်ဟု ဆိုနိုင်မည် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း လမ်းဘေးအကြော်တဲက လူတစ်ယောက်ကို အနွေးထည်အင်္ကျီချွတ် ပေးတာ၊ ဂရုဏာရှင်မကြီး မာသာထရီဆာ (Mother Teresa) ဘဝတစ်ခုလုံးကို သောကပရိဒေဝ သမားတို့အတွက် ထိုးကျွေးပေးတာ၊ ကွန်ပျူတာသမား ဘီလ်ဂိတ် (BillGates) ဒေါ်လာ ၅၈ ဘီလီယံ ကိုကမ္ဘာသူ၊ ကမ္ဘာသားတို့အတွက် ပုံအောပေးတာ စသည် စသည်တို့သည် ထိုကိုယ်ချင်းစာတရား အခြေခံကနေ အကောင်အထည်ပေါ်ကာ ဖွံ့ဖြိုးလာကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ထိုစိတ်မျိုးထွန်း ကားလာစေရန် ကဗျာကို မသင်ဘဲ ကျွန်တော် အထက်တစ်နေရာ၌ ရေးပြထားခဲ့သလို အမေးနှင့် အဖြေ ပုံစံဖြင့် သင်ကြားနေခြင်းဖြင့် ဘာများအကျိုးရှိနိုင်ပါသနည်း။
လွယ်ကူသော ဥပမာတစ်ခုကို ထပ်ဆင့်သာဓက ဆောင်ပါရစေဦး။
တို့တာဝန်
လယ်သမားကြီး ဦးသာအောင်
စပါးစိုက်တာ ပြည်ကျိုးဆောင်။
ကိုဖိုးမောင် အလုပ်သမား
ကုန်ထုတ်တိုးဖို့ သူ ကြိုးစား။
ဦးဖိုးကျားက ကျောင်းဆရာ
စာပေတတ်ဖို့ သင်ပေးတာ။
မောင်ထွန်းသာ တပ်မတော်သား
နိုင်ငံ့ရန်ကို ကာကွယ်ထား။
စာဖြန့်ဖြူးရေး မောင်သိန်းတန်
စာပို့ရာတွင် အချိန်မှန်။
ကိုသာဇံ မီးသတ်သမား
မီးသတ်ရာတွင် သူစွန့်စား။
ရဲသားကြီးက ကိုလှရွှေ
လူဆိုးဖမ်းဖို့ တာဝန်ကျေ။
တို့လုံမေ မခင်မြ
ယာဉ်ထိန်းရာတွင် ကျွမ်းကျင်လှ။
ဦးစိန်ဘက ဆရာဝန်
ကုသရေးမှာ သူ ထူးချွန်။
မလှမွန် သူနာပြု
စေတနာနှင့် သူ ပြုစု။
ဦးသာနုက ခေါင်းဆောင်ကာ
ကျေးရွာကောင်းကျိုးသယ်ပိုးမှာ။
ကားဆရာ ကိုဘသောင်း
ဘေးရန်ကြည့်၍ သတိနှင့်မောင်း။
ကျောင်းသူ၊ ကျောင်းသား
တို့အဖော်
အရွယ်ရောက်လို့ ကြီးပြင်းသော်။
ပညာတော် မြတ်စိတ်ထား
တာဝန်ကိုယ်စီ ထမ်းစို့လား။
ဤကဗျာကို သင်သောအခါ လယ်သမားကြီး၏ အမည်ကိုဖော်ပြပါ။ ဦးသာအောင်။ အလုပ်သမားကြီး ၏ အမည်ကို ဖော်ပြပါ။ ကိုဖိုးမောင်။ ကျောင်းဆရာကြီး၏ အမည်ကို ဖော်ပြပါ။ ဦးဖိုးကျား။ စစ်သား ကလေး၏အမည်ကို ဖော်ပြပါ။ မောင်ထွန်းသာ စသည် စသည်ဖြင့် မေးကြရုံ ဖြေကြရုံမျှနှင့် ကဗျာသင် ကြားမှုသည် ဘာများအကျိုးသက်ရောက်ပါစ။
လယ်သမားကြီး၊ အလုပ်သမားကြီး၊ ကျောင်းဆရာ၊ တပ်မတော်သား၊ စာပို့လုလင်၊ ရဲသား၊ ယာဉ်ထိန်း ရဲမေ၊ ဆရာဝန်၊ သူနာပြု၊ ရပ်ရွာအကျိုးဆောင်၊ ကားဆရာ စသည် စသည်တို့သည် ကိုယ့်အခန်းကဏ္ဍ ကနေကိုယ့်တာဝန်ကျေစွာ ဆောင်ရွက်နေကြသလို ကလေးတို့လည်းအိမ်တွင် ကိုယ့်တာဝန်ကိုယ်သိ ကာ ကျေပွန်စွာ ဆောင်ရွက်လိုသော စိတ်မျိုးဝင်သွားအောင် သင်ကြားသွတ်သွင်းပေးပါမှ တာဝန်သိ သူနိုင်ငံသားတစ်ယောက် ဖြစ်ထွန်းလာရေး၌ သင်ကြားမှုက ထောက်ကူနိုင်ပါလိမ့်မည်။
(လေး)
ထို့ကြောင့် အထက်တစ်နေရာ၌ ကျွန်တော်ချရေးထားခဲ့သလို အခြေခံပညာ၌ စိတ်ကိုသင်သည့် သင်ရိုးများ နည်းပါးကာ ပါဝင်နေခဲ့လျှင်လည်း သင်ကြားပုံ သင်ကြားနည်း အားနည်းချို့ငဲ့ကာ ဘေးသို့ ချော်နေသဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် အလိုရှိအပ်စွာသော ပေမီဒေါက်မီ နှလုံးသားပိုင်ရှင် နိုင်ငံ တော်သားများကို ဆုံးရှုံးနေခဲ့ရခြင်း ဖြစ်ပါသည်။
"ရွှေပြည်တော် မျှော်တိုင်းဝေး" ဝတ္ထုထဲက ဇာတ်လိုက်မင်းသား အက်ရှ်က တစ်ဖက်ရန်သူမလှုပ်သာ၊ မရှားသာသော အနေအထားတွင် နောက်ကျောကနေ ဓားဖြင့်ထိုးသတ်နိုင်ပါလျက် မထိုးဘဲမျက်နှာ ချင်းဆိုင် အနေအထားသို့ရောက်အောင် စောင့်နေခဲ့သော စိတ်ဓာတ်ကို M.M.Kaye က အင်္ဂလိပ်တို့၏ ပညာရေးကြောင့်ဟု ဆိုခဲ့ပါပြီ။
စာသင်ခန်းတွေက သူတို့နိုင်ငံသားများ၏ နှလုံးသားပုံစံကို ထုဆစ်ပေးလိုက်ကြခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့၏ စာသင်ခန်းများထဲ၌ နှလုံးသားလေ့ကျင့်ခန်း သင်ခန်းစာများ အားနည်း၊ မနည်း၊ အကယ်၍ ထိုသင်ခန်းစာမျိုး ပါနေခဲ့လျှင်လည်း သင်ကြားပုံအားနည်း၊ မနည်း ပြန်လည်၍ စောင်းငဲ့ ကြည့်ကြသော် ကောင်းလေစွဟု တောင့်တနေမိပါသည် ခင်ဗျား။          ။
7 DAY NEWS JOURNAL
Vol.11, No.47. JANUARY 31 , 2013
Written by မောင်သာချို 

No comments:

Post a Comment