Monday, February 18, 2013

ဂါဇာဒေသမှ ကလေးများ၏ အသုဘအခမ်းအနားဓာတ်ပုံ ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံဆုရရှိ

feb-18-2-4ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံဆု ရရှိခဲ့သော ဓာတ်ပုံ
၂၀၁၂ ခုနှစ် နိုဝင်ဘာလက အစ္စရေး၏ လေကြောင်းထိုးစစ်အတွင်း သေဆုံးခဲ့သော ကလေးနှစ်ဦးနှင့် သူတို့၏ဖခင်ကို မြှုပ်နှံသင်္ဂြိုဟ်ရန်အတွက် လူအများ သယ်ဆောင်လာပုံအား ဆွီဒင်ဓာတ်ပုံဆရာ ပေါလ်ဟန်ဆင်က ရိုက်ကူးထားသည့် ဓာတ်ပုံသည် ၂၀၁၃ ခုနှစ်
ကမ္ဘာ့စာနယ်ဇင်းဓာတ်ပုံဆုကို ရရှိခဲ့ကြောင်း အကဲဖြတ် ဒိုင်လူကြီးအဖွဲ့က ဖေဖော်ဝါရီလ ၁၅ ရက်တွင် ကြေညာခဲ့သည်။
Dagens Nyheter နေ့စဉ် သတင်းစာ၏ ဓာတ်ပုံဆရာ ဟန်ဆင်သည် အသက်နှစ်နှစ်ရှိ ဆူဟစ်ဟီဂျာဇီနှင့် သူ၏အစ်ကိုဖြစ်သူ အသက်သုံးနှစ်ရှိ မိုဟာမက်တို့ကို သယ်လာသည့် အသုဘပို့ လူတန်းကြီးအား ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
feb-18-2-5
ပေါလ်ဟန်ဆင်က ဆုရရှိခဲ့သော ဓာတ်ပုံကို ပြသနေစဉ်
''ဒီဓာတ်ပုံရဲ့အားက အပြစ်မဲ့တဲ့ ကလေးငယ်တွေအတွက် အရွယ်ရောက်ပြီးသူတွေရဲ့ ဒေါသနဲ့ ၀မ်းနည်းကြေကွဲမှုကို အပြိုင်တင်ပြထားပုံထဲမှာ ကိန်းအောင်းနေပါတယ်။ ကျွန်တော့်အတွက် ဘယ်တော့မှ မေ့မရနိုင်တဲ့ ဓာတ်ပုံပဲ'' ဟု အကဲဖြတ်ဒိုင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ပီရူးမှမာယုမိုဟန်နာက ပြောကြားခဲ့သည်။
ယင်းလေကြောင်းတိုက်ခိုက်မှုအတွင်း ယင်းကလေးနှစ်ဦး၏ ဖခင်မှာလည်း သေဆုံးခဲ့ရပြီး မိခင်ကိုမူ အထူးကြပ်မတ် ကုသဆောင်တွင် ကုသပေးခဲ့ရသည်။ အသုဘအခမ်းအနား၌ ကလေးတို့၏ဖခင် အလောင်းကိုပါ သယ်လာခဲ့သည်။
feb-18-2-6
ဖေဘီယိုဘက်စီယာရယ်လီ၏ အလက်ပိုမြို့မှ ဆီးရီးယားသူပုန်တစ်ဦး၏ ဓာတ်ပုံ
AFP သတင်းဌာန၏ ဓာတ်ပုံဆရာနှစ်ဦးဖြစ်သော ဖေဘီယိုဘက်စီယာရယ်လီ (အီတလီ) နှင့် ဂျာဗီယာမန်ဇာနို (အမေရိကန်) တို့သည်လညှ်းSpot News ကဏ္ဍ၌ တိုက်ပွဲပြင်းထန်နေသည့် ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့မှ ဓာတ်ပုံများဖြင့် ဒုတိယဆုနှင့် တတိယဆုတို့ကို အသီးသီးရရှိခဲ့သည်။
ယခုနှစ်၊ ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံပြိုင်ပွဲတွင်  Photojournalism နှင့် Documentary Photography ပညာရပ်နယ်ပယ်တို့မှ ပညာရှင် ၁၉ ဦးတို့က အကဲဖြတ်ဒိုင်လူကြီးများ အဖွဲ့တွင် ပါဝင်ခဲ့ပြီး နိုင်ငံပေါင်း ၁၂၄ နိုင်ငံမှ ဓာတ်ပုံဆရာပေါင်း ၅၆၆၆ တို့က ပေးပို့ခဲ့သည့် ဓာတ်ပုံပေါင်း ၁၀၃၄၈၁ ပုံတို့ထဲမှ စိစစ်အကဲဖြတ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ပထမဆုရရှိခဲ့သည့် ဟန်ဆင်သည် ဆုငွေအမေရိကန်ဒေါ်လာ ၁၃၀၀၀ နှင့် ကင်မရာတစ်လုံးတို့ကို နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့၌ ဧပြီတွင် ကျင်းပမည့်အခမ်းအနား၌ ဆုချီးမြှင့်ခံရမည်ဖြစ်သည်။
Ref:AFP

EMG

No comments:

Post a Comment