Monday, February 18, 2013

Spitfire လေယာဉ်များ ရှာဖွေခြင်း ဆက်လက်ပြုလုပ်နေဟုဆို လက်ရှိထွက်ပေါ်နေသည့် သတင်းများနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်


ဒုတိယကမ္ဘာစစ်အတွင်းက မြုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစား လေယာဉ်များအား ရှာဖွေတူးဖော်ခြင်း လုပ်ငန်းအား ရုတ်သိမ်းခြင်းမရှိဘဲ ရှာဖွေနိုင်ရန် မြေပြင်လေ့လာမှုများအား ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

၎င်း Spitfire လေယာဉ်များနှင့် ပတ်သက်၍လည်း ရွှေတောင်ပေါ်ကုမ္ပဏီမှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် Park Royal ဟိုတယ်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူက Weekly Eleven ဂျာနယ်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။    
"လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေက ကောလဟာလတွေပါ။ ကျွန်တော်တို့တွေ Spitfire လေယာဉ်တွေ ရှာဖွေတူးဖော်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီဆိုတာ လုံးဝမဟုတ်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး မီဒီယာတွေကို ရှင်းလင်းသွားမှာပါ။ Mr. David J Cundall ကိုယ်တိုင် ရှင်းလင်းပြောပြမှာပါ" ဟု ရွှေတောင်ပေါ် ကုမ္ပဏီလီမီတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးထူးထူးဇော်က ပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံတကာ သတင်းမီဒီယာများတွင် Spitfire အမျိုးအစား လေယာဉ်များအား ရှာဖွေတူးဖော်ခြင်း လုပ်ငန်းအား ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ Spitfire လေယာဉ်များမှာ မြန်မာနိုင်ငံတွင် မြှုပ်နှံထားခြင်းမရှိဟု ဖော်ပြနေခြင်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်းက မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့် မိတ္ထီလာနယ်မြေများ၌ မြုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစား လေယာဉ်အစီး ၆၀နှင့် ဆက်စပ်ပစ္စည်းများအား ပြန်လည်ရှာဖွေတူးဖော်နိုင်ရန် အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ရွှေတောင်ပေါ် ကုမ္ပဏီလီမီတက်နှင့် ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီမှ Mr. David J Cundall တို့သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သည့် လေယာဉ်၊ လေယာဉ်နှင့် ဆက်စပ်သည့်ပစ္စည်း ကိရိယာတန်ဆာပလာများ ပြန်လည်တူးဖော်၍ ပြုပြင်တပ်ဆင်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိတွင် အဆိုပါ လေယာဉ်များအား ပြန်လည်ရှာဖွေ တူးဖော်နိုင်ရန် မြစ်ကြီးနားမြို့တွင် လေ့လာမှုများအား ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပြီး၊ ရန်ကုန်မြို့၊ မင်္ဂလာဒုံနယ်မြေတွင် လေ့လာမှုပြုလုပ်ခြင်းအား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ထိ လေ့လာမှုများအား ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။
EMG

No comments:

Post a Comment