Thursday, March 14, 2013

ဆိုက်ဘာတိုက်ခိုက်မှုများက အယ်လ်ကေးဒါးများထက် အမေရိကန်လုံခြုံရေးကို ပိုမိုခြိမ်းခြောက်နေ


ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ဆိုက်ဘာသူလျှိုလုပ်ခြင်းသည် အမေရိကန်နိုင်ငံ၏ လုံခြုံရေးအတွက် အယ်လ်ကေးဒါးနှင့် အခြားစစ်သွေးကြွများထက် ပိုမိုအန္တရာယ်ပြု ခြိမ်းခြောက်နေကြောင်း အမေရိကန် ထိပ်တန်းထောက်လှမ်းရေး အရာရှိများက မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

အကြမ်းဖက်မှု၊ ဒုစရိုက်မှု၊ အစုအလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သော လက်နက်များ တဟုန်ထိုး တိုးပွားလာခြင်းများထက် ပါဝါဂရစ်ဒ်၊ ပို့ဆောင်ရေး အချက်အချာ နေရာများနှင့် ဘဏ္ဍာရေးကွန်ရက်များ အပါအ၀င် အမေရိကန်အခြေခံ အဆောက်အအုံများကို ပြည်ပမှ ဆိုက်ဘာတိုက်ခိုက် ခြိမ်းခြောက်မှု များပြားလာခြင်းသည် အိမ်ဖြူတော်အတွက် အဓိက စိုးရိမ်စရာ ဖြစ်လာကြောင်း အမေရိကန် ထောက်လှမ်းရေးအဖွဲ့၏ ကမ္ဘာ့ခြိမ်းခြောက်မှုများ နှစ်ပတ်လည် သုံးသပ်ချက်အရ သိရသည်။
ယင်းသို့ အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများကို ဆိုက်ဘာတိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် တရုတ်စစ်တပ်ရှိနေသည်ဟု အမေရိကန်အမတ်များက သံသယရှိနေသည်။
ဆိုက်ဘာရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် ရပ်တန့်စေခြင်းတို့ကို အရှိန်မြှင့်လုပ်ဆောင်ရန် တရုတ်အစိုးရအား အမေရိကန်လုံခြုံရေး အကြံပေးအရာရှိ တွမ်ဒွန်နီလွန်က မတ် ၁၁ ရက်တွင် တိုက်တွန်းပြောကြားခဲ့သလို ၎င်းဆိုက်ဘာသူလျှို လုပ်ခြင်းများအတွက် တရုတ်နိုင်ငံကို ပိုမိုပြင်းထန်စွာ အရေးယူဆောင်ရွက်ရန် အမေရိကန်အစိုးရအား အမေရိကန် ဥပေဒပြုအမတ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်း တောင်းဆိုခဲ့ကြသည်။
နယူးယောက်တိုင်းမ်နှင့် အခြားအမေရိကန် မီဒီယာများက တရုတ်နိုင်ငံမှ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ရင်ဆိုင်လာရကြောင်း သတင်းများ ဖော်ပြခဲ့ပြီး အမေရိကန်လွှတ်တော်နှင့် သက်ဆိုင်သော တင်ပြချက်တစ်ရပ်တွင် တရုတ်နိုင်ငံအား ဆိုက်ဘာစစ်ပွဲတွင် ခြိမ်းခြောက်မှုအပြင်းထန်ဆုံးအဖြစ် အမည်တပ်ခဲ့သည်။
Ref:AFP
EMG

No comments:

Post a Comment