Thursday, March 7, 2013

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အဆင့်တိုးမြှင့် ဖွဲ့စည်းမည်


ရန်ကုန် (မဇ္ဈိမ)။   ။ ကျန်းမာရေး ဦးစီးဌာန အောက်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနအား အဆင့်မြှင့်တင်ပြီး တိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်နေကြောင်း ကျန်းမာရေး ဒု-ဝန်ကြီးက ပြောဆိုလိုက်သည်။
လက်ရှိ ဌာနတွင် ခွင့်ပြုဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား ၁၁၄ ဦးသားရှိသည်။
“မြန်မာလူဦးရေ သန်း ၆၀ ကျော်အား အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ် ကင်းရှင်းရေး အကာအကွယ်
ပေးနိုင်ရန် လက်ရှိ ဝန်ထမ်းအင်အားနဲ့ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှု အားနည်းလျက် ရှိပါတယ်။ အရှိန်အဟုန်မြှင်
ဆောင်ရွက်နိုင်အောင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနကို သီးခြား ဌာနကြီး တခုအဖြစ် ဝန်ထမ်းအင်အား ၆၀၀ ကျော်နဲ့ ဦးစီးဌာနအဆင့် တိုးမြှင့်၍ တိုးချဲ့ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့သို့ ဝန်ထမ်း အင်အား ဖွဲ့စည်းပုံများ ပေးပို့ညှိနှိုင်း ဆောင်ရွက်လျက်ရှိ ပါတယ်” ဟု မတ်လ ၄ ရက်က ပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု ဒု-ဝန်ကြီး ဒေါက်တာဝင်းမြင့် က ပြောဆိုသွားခြင်း ဖြစ်သည်။

မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်း က မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနက သတင်းထုတ်ပြန်မှု ရှိသော်လည်း ထိရောက်မှုနည်းပါးသဖြင့် အန္တရာယ်ဖြစ်စေသည့် အရာများ ပိုမိုများပြားနေသည့် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းချက်အား ဒု-ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အန္တရာယ်ဖြစ်စေတဲ့ အစားအသောက် ဆေးဝါးတွေဟာ ဈေးကွက်ထဲမှာ အများကြီး ရှိနေဆဲပါ။ ဒါဟာ အရေးယူမှု ထိရောက်မှု မရှိသေးဘူးဆိုတာကို ပြနေတာဖြစ်ပါတယ်။ အသား ငါးနဲ့ စားသောက်ကုန်ပစ္စည်း ရောင်းချနေတဲ့
ဈေးတန်းတခုထဲကိုပဲ ဝင်ကြည့် ဆေးဝါ ဆိုးထားတဲ့ ငါးပုပ်သင်၊ ပန်းရောင်ဆိုးဆေးနဲ့ မျှင်ငပိနဲ့ ငါးချဉ်၊ ဆေးနီ-
ဆေးဝါနဲ့ မျှစ်၊ လူမြင်ကွင်းမှာ ဆေးထိုးပိုက်တွေနဲ့ မြောင်းရေတွေ ထိုးထည့် ရောင်းနေတဲ့ ကြက်သား၊ အဝါရောင်ဆေး ဆိုးထားတဲ့ ကြက်၊ ဆေးနီဆိုးထားတဲ့ ဝက်၊ အမဲသားတွေ စတာတွေမှာ ထိရောက်စွာ တားဖို့လိုပါတယ်။ ဒဏ်ငွေ တခုတည်းနဲ့ မလုံလောက်ရင် ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ် အရေးယူသင့်ပါတယ်” ဟု လှိုင်မြို့နယ်-အေးဆေးခန်းမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဌေးအောင် က ဆိုသည်။

အစားအသောက်များတွင် ကင်ဆာဖြစ်စေနိုင်သည့် အကြောင်းရင်းများ အများအပြားရှိနေသဖြင့် ဈေးကွက်
အတွင်း ရောင်းချနေသည့် အစားအသောက်များတွင် ပါဝင်နေသည့် ဆိုးဆေး၊ ဓါတု ကုန်ကြမ်း ပါဝင်မှုအပေါ် ထိန်းချုပ်ရန်အတွက် ကြေညာချက်ထုတ်ပြီး စစ်ဆေးမည့်အစား ရှောင်တခင် စစ်ဆေး၍ စံနမူနာအဖြစ်
ပြစ်ဒဏ်များ ချမှတ်စေလိုကြောင်း စားသုံးသူများက ပြောဆိုနေကြသည်။

No comments:

Post a Comment