Thursday, March 7, 2013

ငြိမ်းချမ်းရေးထပ်မံတွေဆုံမှု UNFC ၊ UWSA နှင့် မိုင်းလာ ကိုယ်စားလှယ်များ တက်မည်


ချင်းမိုင်(မဇ္စျိမ)။     ။ လာမည့် မတ်လ ၁၁ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး
ကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ထပ်မံ တွေ့ဆုံမှုတွင် UNFC ၊ UWSA နှင့် မိုင်းလား အဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း KIO ပြောခွင့်ရသူ ဦးလနန်က ပြောသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ UNFC ၊ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA နှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) NDAAမှ ကိုယ်စားလှယ် များလည်း လေ့လာသူများအဖြစ် တက်ရောက်မည် ဖြစ်ကြောင်း ဦးလနန်က
ပြောသည်။

သူက “ဒီတခါတွေ့ဆုံမှုထဲမှာ UNFC နဲ့တခြားဖွဲ့တွေပါတယ်။ ဘယ်သူတွေလာမယ်ဆိုတာတော့ မသိသေးဘူး။ သူတို့ လေ့လာသူအနေနဲ့ လာမယ်လို့တော့ ပြောတယ်။ ဒါက ဆွေးနွေးပွဲအပေါ်ယံပါ”ဟု မဇ္စျိမကို ပြောသည်။

KIO ဘက်မှ မူလ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ပြီး ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် တက်ရောက်မှု ရှိ မရှိကို မသိနိုင် သေးကြောင်း ဦးလနန်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် လေ့လာသူများနှင့် သက်သေအဖြစ် ပါဝင်နိုင် မည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေးတို့ကို ဆွေးနွေးခဲ့ရာ ယခု ပြန်လည် တွေ့ဆုံမှုတွင် တိုင်းရင်းသား အဖွဲ့အချို့အား တက်ရောက်နိုင်မည် ဖြစ်သည်။

ထို့ပြင် နှစ်ဖက် ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျှင်အမြန် အကောင်အထည် ဖော်နိုင်ရန် သဘောတူခဲ့ပြီး
နောက် လိုင်ဇာအနီးတဝိုက်တွင် တိုက်ပွဲများ ယနေ့ထိ ပြန်လည် ဖြစ်ပွားခြင်း မရှိတော့ပေ။

သို့သော် ယခင်လကုန်ပိုင်းက တရုတ်နယ်စပ် ပန်ဝါဒေသတွင် အစိုးရတပ်နှင့် KIO တပ်များအကြား တိုက်ပွဲ
ဖြစ်ပွားခဲ့ရာမှ ယခုအချိန်တွင် တိုက်ပွဲများ မဖြစ်ပွားဘဲ ငြိမ်သက်နေသည်ဟု ဦးလနန်က ပြောသည်။

No comments:

Post a Comment