Tuesday, March 12, 2013

ချာဗက်ဇ်၏မိခင်ကို ပွေ့ဖက်မိသဖြင့် အီရန်သမ္မတ ပြည်တွင်းဝေဖန်မှုများကြုံ

ဗင်နီဇွဲလား သမ္မတ ဟူဂိုချားဗက်ဇ်၏ မိခင်ကို ပွေ့ဖက်မိခြင်းကြောင့် အီရန် သမ္မတ မာမွတ် အမာဒီနီဂျက်တစ်ယောက် ပြည်တွင်းတွင် ဝေဖန် ထိုးနှက်မှုများနှင့် ရင်ဆိုင်နေရသည်။ အီရန် သမ္မတသည် ကွယ်လွန်သူ ချားဗက်ဇ်၏ မိခင်ကို နှစ်သိမ့်သည့် အနေဖြင့် ပွေ့ဖက်ကာ နှစ်သိမ့် စကားပြောနေသည့် ဓာတ်ပုံများကို သတင်းမီဒီယာများက ဖော်ပြခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်က အမာဒီနီဂျက် လုပ်ဆောင်သော ကိစ္စသည် ဘာသာရေးအရ လက်ခံနိုင်စရာ မရှိဟု အင်တာနက်တွင် ဝေဖန်မှုများ ပျံ့နှံ့လျှက် ရှိသည်။




အစ္စလာမ် ဘာသာအရ နှီးနွယ်ဆက်စပ်မှု မရှိသော အမျိုးသားနှင့် အမျိုးသမီးတို့ ခန္ဓာကိုယ်ချင်း ထိတွေ့မှု မရှိဆိုသော အချက်ကို အမာဒီနီဂျက် ဖောက်ဖျက်ကြောင်း ၎င်းကို ဝေဖန်သူများက ဆိုသည်။ "ရင်းနှီးဆက်သွယ်မှုနဲ့ ပတ်သက်ပြီး ဘာက ခွင့်ပြုတယ်၊ ဘာက ခွင့်မပြုဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိပြီးသားပါ"ဟု အီရန်မှ သတင်း Bloggerတစ်ဦး ဖြစ်သော အာရက်ဇ် ကာရာမီက မှတ်ချက်ပြုခဲ့သည်။ New York Timesနှင့် အင်တာဗျူးတွင် ၎င်းက "ကျွန်တော်တို့ အားလုံး နားလည်ပြီးသား ဖြစ်ပါတယ်။ ကိုယ်နဲ့ ဘာဆက်နွယ်မှုမှ မရှိတဲ့ အမျိုးသမီး တစ်ယောက်ဆိုရင် သူက ရေနစ်နေတာပဲဖြစ်ဖြစ်၊ ကုသခံဖို့ လိုအပ်နေတာပဲဖြစ်ဖြစ် ထိခွင့် မရှိပါဘူး"ဟုလည်း ဆက်လက် ပြောကြားသွားခဲ့သည်။

အချို့သော ဘာသာရေး ခေါင်းဆောင်များ အပါအဝင် အမာဒီနီဂျက်ကို ထောက်ခံ အားပေးသူများကမူ ယင်းလုပ်ရပ်သည် ချားဗက်ဇ်၏ မိခင်ကို လူသားချင်း စာနာ နှစ်သိမ့်မှုအဖြစ် ချီးကျူးခဲ့ကြသည်။ ထိုစဉ်က ချားဗက်ဇ်၏ မိခင် အယ်လီနာ ဖရိုင်ရက်စ်နှင့် အမာဒီနီဂျက်တို့ တွေ့ဆုံမှုမှာ အတည်ဖြစ်ခဲ့သော်လည်း ယင်းဓာတ်ပုံမှာ Photoshopနှင့် အတုပြုလုပ်ထားခြင်းဟု ယူဆသူများလည်း ရှိနေသည်။ အမာဒီနီဂျက်သည် အမျိုးသား တစ်ဦးနှင့် ပွေ့ဖက်ခဲ့ခြင်းသာဖြစ်ပြီး ပုံကို ပြန်ပြင်ထားခြင်းဟုလည်း အချို့က တန်ပြန် စွပ်စွဲနေကြောင်း သိရှိရသည်။

Source: NewsMax
Planet.com.mm

No comments:

Post a Comment