Monday, March 11, 2013

ကျွဲ၊ နွားမှတစ်ဆင့် လူသို့ကူးစက်တတ်သည့် ဒေါင့်သန်းရောဂါသည် အပူပိုင်းဇုန်များတွင် အဖြစ်များပြီး လူသို့ ကူးစက်ပါက အရေပြားအနာများဖြစ်ကာ အသက်ဆုံးရှုံး ခြင်းများပင် ရှိနေ

3.11.1မန္တလေးတိုင်းဒေသကြီး၌ ရုတ်တရက်သေဆုံးပြီး နွားဒေါင့်သန်းရောဂါဟု သံသယရှိသည့်နွားကို သယ်ယူနေစဉ်
ကျွဲ၊ နွားတို့မှတစ်ဆင့် လူသို့ ကူးစက်တတ်သည့် ဒေါင့်သန်း ရောဂါသည် အပူပိုင်းဇုန်များတွင် အဖြစ်များပြီး ယင်းရောဂါကြောင့် သေဆုံးသည့် ကျွဲနွား သိုးဆိတ်တို့၏ အသားများကို စားသုံးမိသူများမှာ အရေပြားအနာများ
ဖြစ်ကာ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
ကျွဲနွားများတွင် ဖြစ်ပွားတတ်သည့် ဒေါင့်သန်းရောဂါကို နှစ်ပေါင်း များစွာကပင် အခြားရောဂါများနှင့် ရောထွေးစွာ တွေ့ရှိခဲ့ပြီး လူသို့ကူးစက်တတ်သော ရောဂါတစ်မျိုးအဖြစ် တွေ့ရှိခဲ့ရသည်။
ယင်းရောဂါကို မြန်မာနိုင်ငံတွင် ၁၉၂၈ ခုနှစ် အစောပိုင်းကပင် စတင်တွေ့ရှိခဲ့ရကြောင်း၊ Bacillus Anthrasis ဟုခေါ်သည့် ဘက်တီးရီးယားပိုးမှတစ်ဆင့် လူ၊ တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်တွင် Vejetative form ဖြင့် တွေ့ရှိရပြီး ခန္ဓာကိုယ်ပြင်ပ ရောက်ရှိသည့်အခါ Spore form သို့ ပြောင်းလဲသွားကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
ယင်း Spore သည် သာမန်ပိုးသတ်ဆေးနှင့် အပူချိန်ကို ကောင်းစွာခံနိုင်ရည်ရှိပြီး ဒေါင့်သန်းရောဂါ ပိုးသည် Spore form အနေဖြင့် မြေကြီးထဲတွင် နှစ်ပေါင်း ၆၀ အထိ ဆက်လက် ရှင်သန်နိုင်ကြောင်း၊ ရောဂါကို ကူးစက်လက်ခံစေနိုင်သည့် လူနှင့် တိရစ္ဆာန်များသို့ ပြန်လည်ကူးစက် ဖြစ်ပွားစေတတ်ကြောင်း သိရသည်။
“ရောဂါဖြစ်ဖူးတဲ့ ဒေသတွေမှာ အခြေအနေ ပေးလာရင် ရောဂါကို ပြန်လည် ဖြစ်ပွားလာစေ တတ်ပါတယ်။ အဲဒီကတစ်ဆင့် တိရစ္ဆာန်တွေကို ကူးစက်လာပြီး သူတို့တွေ သေဆုံးသွားလို့ ဖျက်ပြီးစားရင် လူတွေမှာပါ ရောဂါကူးစက် စေပါတယ်။ အခုလို အပူချိန် မြင့်မားတဲ့ ရာသီမျိုးမှာ အဖြစ်များပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေးဌာနစိတ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
နွားဒေါင့်သန်း ရောဂါပိုးသည် သွေးနွေးသတ္တ၀ါ အားလုံးသို့ ကူးစက်နိုင်ပြီး ရောဂါမျိုးဥ အများအပြား ရှူမိခြင်း (အနည်းဆုံး မျိုးဥ ၈၀၀၀ မှ ၁၀၀၀၀) အထိ၊ ရောဂါပိုး ရှိသော အသားစားမိခြင်းနှင့် အရေပြား ထိခိုက်ရှနာမှ တစ်ဆင့် ဖြစ်ပွားသော ဒေါင့်သန်းရောဂါသည် ကုသမှု မပြုပါက ဖြစ်ပွားမှု၏ ၂၀ ရာခိုင် နှုန်းအထိ သေဆုံးနိုင်ကြောင်း၊ အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ဖြစ်ပွားသော အဆုတ်ဒေါင့်သန်း ရောဂါသည် ဆေးကုသမှု မပြုလုပ်ပါက ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ကြောင်း သိရသည်။
၎င်းတာဝန်ရှိသူကပင် “ဒေါင့်သန်းရောဂါ ဖြစ်ပွားလေ့ရှိတဲ့ နေရာတွေမှာ ကျွဲနွားပိုင်ရှင် တောင်သူတွေက ဒေါင့်သန်းရောဂါပိုးရဲ့ အရေးပါပုံကို သိပ်ပြီးမသိကြဘူး။ လူ့အသက်ကို ထိခိုက်နိုင်တယ် ဆိုတာကိုလည်း သိပ်မသိကြဘူး။ ကာကွယ်ဆေး ပုံမှန်သွားထိုး ပေးရင်လည်း လိုလိုလားလား မထိုးချင်ကြဘူး” ဟု ပြောသည်။
ထို့ပြင် ကျွဲနွားများ ရုတ်တရက် သေဆုံးပါက မြွေကိုက်ြခင်း၊ အပူရှပ်ခြင်းဟု ဆိုကာ စနစ်တကျ စစ်ဆေးခြင်းမျိုး မရှိဘဲ ၎င်းအသားကို ဖျက်စားလေ့ ရှိကြကြောင်း၊ ထိုမှတစ်ဆင့် လူကိုရောဂါ ကူးစက်မှုများ ဖြစ်လာပြီး အရပ်အခေါ် အမဲနာဟု သိကြကြောင်း၊ ကုသပါကလည်း ဆေးမြီးတိုများနှင့်သာ ကုသကြကြောင်း ၎င်းက ပြောသည်။
ဒေါင့်သန်းရောဂါပိုး မကူးစက်စေရန် ရောဂါပိုး လက်ခံနိုင်ဖွယ်ရှိသည့် တိရစ္ဆာန်များကို ကြိုတင် ကာကွယ်ဆေး ထိုးပေးခြင်း၊ ကျွဲနွားအသေ အသားများကို ချက်ပြုတ်စားသောက်ခြင်း မပြုခြင်းနှင့် ပုံမှန်မဟုတ်ဘဲ ရုတ်တရက် သေဆုံးသည့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများကို စနစ်တကျ မီးရှို့ဖျက်ဆီးခြင်း၊ မြေမြုပ်ခြင်းနှင့် မွေးမြူရေး ခြံဖျန်း ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြု၍ ဇီဝလုံခြုံရေးအား အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။
ဒေါင့်သန်းရောဂါကို မြန်မာနိုင်ငံ၌ ၂၀၀၉ ခုနှစ်တွင် ပြင်ဦးလွင်၊ ပျော်ဘွယ်နှင့် ညောင်ဦးမြို့များတွင် လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် မြင်းမူ၊ မြင်းခြံနှင့် ငဇွန်မြို့များတွင် ဖြစ်ပွားခဲ့ကြောင်း၊ လူသေဆုံးမှု များလည်း ရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် အတွင်း မန္တလေးတိုင်း ဒေသကြီးတွင် ကျင်းပသည့် မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကုဆရာဝန်များ ညီလာခံတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဒေါင့်သန်းရောဂါ ဖြစ်ပွားမှုကို စူးစမ်းလေ့လာမှုအရ သိရသည်။
မြန်မာနိုင်ငံတွင် နွားဒေါင့်သန်းရောဂါဖြစ်ပွားမှု အခြေအနေ
ခုနှစ်၊ လ တိုင်းဒေသကြီး/မြို့နယ် လူသို့ကူးစက်မှုနှုန်း
၂၀၀၉ ဧပြီ မန္တလေး၊ ပြင်ဦးလွင်
၂၀၀၉ မေ မန္တလေး၊ ပျော်ဘွယ်
၁၄
၂၀၀၉ အောက်တိုဘာ မန္တလေး၊ ညောင်ဦး ၁၆ (၃ ဦးသေဆုံး)
၂၀၁၀ ဇူလိုင် စစ်ကိုင်း၊ မြင်းမူ ၃၀
၂၀၁၀ ဇူလိုင် မန္တလေး၊ မြင်းခြံ ၁၈
၂၀၁၀ ဇူလိုင် မန္တလေး၊ ငါန်းဇွန် ၁၅ (၁ ဦးသေဆုံး       

No comments:

Post a Comment