Monday, March 11, 2013

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးကို လာမည့်ဧပြီလအတွင်း ရွေးချယ်ပေးအပ်မည်

Education-9-march11ရန်ကုန်တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပညာရှင်တစ်ဦး ၀င်ရောက်ယှဉ်ပြိုင်နေစဉ်
အဆင့်မြင့်ပညာကဏ္ဍ၌ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ရွေးချယ် ချီးမြှင့်သွားမည်ဖြစ်ပြီး အဆိုပါဆုကို ပထမဆုံးအကြိမ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သက်ဆိုင်ရာ တက္ကသိုလ်များအလိုက်၊ ဘာသာရပ်အသီးသီးအလိုက် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

"နိုင်ငံတော်သမ္မတရဲ့ နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ပညာရေးဆိုင်ရာ လုပ်ငန်းကော်မတီကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ပါဝင်ယှဉ်ပြိုင်စေခဲ့ပြီး ပြိုင်ပွဲဝင်တွေကို ပဏာမ ရွေးချယ်ခဲ့ပါတယ်။ အဲဒီထဲကမှ ထပ်ပြီး ပြိုင်ပွဲဝင်တွေကို ယှဉ်ပြိုင်တဲ့ ခေါင်းစဉ်အလိုက် ရုပ်ပုံကားချပ်တွေနဲ့ ရှင်းလင်းစေပြီး ပညာရပ်ဆိုင်ရာဆု ချီးမြှင့်ရေးလုပ်ငန်း ကော်မတီဝင်တွေကနေ မေးခွန်းတွေ ပြန်လည်မေးမြန်းပြီး လိုအပ်တဲ့ အထောက်အထားအလိုက် စိစစ်အကဲဖြတ်မှုတွေကိုလည်း အဖွဲ့လိုက် ဆောင်ရွက်သွားမှာပါ" ဟု ပညာရပ်ဆိုင်ရာ ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအရ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးကိုသာ ရွေးချယ်သွားမည်ဟု ၎င်းက ပြောသည်။
နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ရေးအတွက် စိစစ်အကဲဖြတ်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သက်ဆိုင်ရာ လူမှုရေးဝန်ကြီးများ၊ ပညာရပ်ဆိုင်ရာဆု ချီးမြှင့်ရေး လုပ်ငန်းကော်မတီ၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တက္ကသိုလ်အလိုက် တာဝန်ရှိပုဂ္ဂိုလ်များမှ စိစစ်အကဲဖြတ် ရွေးချယ်ပေးသွားမည် ဖြစ်သည်။
"ဆုရွေးချယ်တဲ့အခါ အများပြည်သူကို အကျိုးပြုနိုင်မယ့်၊ လက်တွေ့အသုံးချနိုင်မယ့် အများပြည်သူရဲ့ လူမှုစီးပွားရေးနယ်ပယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကျိုးပြု တီထွင်ကြံဆထားတဲ့ ပညာရပ်တွေထဲက အကောင်းဆုံးကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဒီဆု ရွေးချယ်ရတဲ့ အကြောင်းကလည်း နိုင်ငံတော်အတွက် ထူးချွန်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ပေါ်ထွန်းလာစေဖို့နဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို ပျိုးထောင်ပြုစုပေးနိုင်မယ့် စွမ်းဆောင်ရှင်တွေ အမြောက်အမြား မွေးထုတ်ပေးနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
အဆိုပါဆုကို စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် သစ်တော၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ အစရှိသော နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များကို ပမာဏရွေးချယ်ထားပြီး ၎င်းတို့အနက်မှ တစ်ဦးကို ပြန်လည်ရွေးချယ်ကာ လာမည့် ၂၀၁၃ ခုနှစ်၊ ဧပြီလအတွင်း ဆုရွေးချယ်ချီးမြှင့်သွားမည် ဖြစ်သည်။
EMG

No comments:

Post a Comment