Wednesday, March 27, 2013

၁၄၄ ထုတ်ပြန်ထားသော ပဲခူးတိုင်းအတွင်းရှိမြို့နယ် ၃ခု အနီးတစ်ဝိုက်မြို့နယ်ဒေသခံများ လုံခြုံရေးကာကွယ်မှုအပေါ်စိုးရိမ်ရန်မရှိကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူပြောကြား

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် မင်းလှမြို့ နယ်နှင့်အနီး တစ်ဝိုက်ရှိ အခြားမြို့နယ်များတွင် ဆူပူမှုကိုဖြစ်ပေါ်စေ သည့် ကောလာဟလသတင်း များကြောင့် မြို့ခံပြည်သူလူထုမှာ ကြောက်ရွံ့စိုးရိမ်နေကြပြီး နေအိမ်များကို စွန့်ခွာမှုများရှိနေသည့်အပေါ် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က လုံခြုံရေးကာကွယ်မှုအပေါ် တစ်စုံတစ်ရာ စိုးရိမ်ရန် မရှိကြောင်း ပြောကြားသည်။

ပြည်ခရိုင်အတွင်း မတ်လ ၂၆ ရက်နေ့ညက ပဋိပက္ခဖြစ်ပေါ်နိုင်သည့် ကောလာဟလသတင်းများကြောင့် အဆိုပါခရိုင်ရှိအချို့မြို့ နယ်များမှ ဒေသခံများမှာ ကျီးလန့်စာစားအခြေအနေနှင့် ကြုံတွေ့နေရသည့်အပေါ် ဦးရဲထွဋ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ဒေသတိုင်းမှာ ရဲ၊ ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့ ၊ လုံထိန်းနဲ့ ဘာသာပေါင်းစုံ အဖွဲ့အစည်းတွေ ပေါင်းပြီးဆူပူသူတွေ၊ အပြင်က လူတွေဝင်မလာအောင် ကျွန်တော်တို့ ပူးပေါင်းဆောင် ရွက်နေပါတယ်။ ဟိုပြေးဒီပြေးဖြစ်နေတဲ့သူတွေကို လုံခြုံမှုအာမခံချက်တွေအနေနဲ့ ကျွန်တော်တို့ ဒေသခံ ရဲတွေ အဖွဲ့အစည်းတွေ ကာကွယ်တားဆီး ပေးနေပါတယ်” ဟု ၄င်းကပြောသည်။

တည်ငြိမ်အေးချမ်းနေသည့် ဒေသအချို့ကိုပါ ပဋိပက္ခကူးစက်ပြန့်ပွားအောင်လုပ်လိုသည့် လူတစ်စုက အများပြည်သူအထိတ်တလန့်ဖြစ်စေမည့် သတင်းမှားများ လွှင့်နေပြီး ပြည်သူလူထု၏ ကြောက်လန့်မှု အပေါ် အခွင့်ကောင်းယူ လုယက်သူများ မြို့တွင်းဝင်မလာစေရန် တားဆီးဖို့လိုကြောင်း ၄င်းက ပြောသည်။

အုတ်ဖိုမြို့တွင် မတ်လ ၂၄ ရက်ညပိုင်းက ဘာသာရေးအဆောက်အအုံ (ဗလီ) အပါအ၀င် ဈေးဆိုင်နှင့် လူနေအိမ်အချို့အား ဆူပူသူတစ်စုက လောက်လေးခွများ၊ ခဲများဖြင့် ပစ်ပေါက်ဖျက်ဆီးခဲ့သဖြင့် တာဝန်ရှိ သူများက လူစုခွဲခဲ့ရပြီး ယင်းဆူပူအကြမ်းဖက်မှုတွင် ပါဝင်သူ ငါးဦးကို မတ်လ ၂၅ ရက်မွန်းလွဲပိုင်းတွင် မင်းလှရဲစခန်းက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

“ဖမ်းထားတဲ့သူ ငါးယောက်ရဲ့ နာမည်တွေတော့ မထုတ်ပြန်တော့ပါဘူး။ အဲဒီလူတွေရှိတဲ့ နေရာကို တစ်ခါ သွားပြီး လက်စားချေနဲ့ မဆုံးတော့မှာစိုးလို့ပါ။ ဆက်စပ်တရားခံတွေကိုလည်း ရဲရဲ့လုပ်ထုံးလုပ်နည်း အရ ဆက်စစ်ဆေး ဖော်ထုတ်နေပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ အဆိုပါမြို့နယ်သုံးမြို့နယ်တွင် ဒေသခံမြို့နယ်နှင့် ခရိုင်ရဲတပ်ဖွဲ့၊ လုံခြုံရေး တပ်ရင်းများနှင့် ဘာသာကြီးနှစ်ခုမှ အဖွဲ့အစည်းအချင်းချင်း ပူးပေါင်း၍ နယ်မြေကာကွယ်ရေး ပြုလုပ်နေ ပြီးအရေးပေါ် အခြေအနေ ကြေညာထားခြင်းမရှိသည့်အတွက် စစ်တပ်အကူအညီရယူထားခြင်း မရှိကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ်နှင့် မြို့ပေါ်ရပ်ကွက်နယ်နိမိတ်အတွင်း မတ်လ ၂၅ ရက်ည ၁၁ နာရီခွဲအချိန်တွင် ဆူပူသူတစ်စုက နေအိမ်၊ ဆိုင်ခန်းနှင့်ဘာသာရေး အဆောက်အအုံများကို ဖျက်ဆီးခဲ့သဖြင့် မြို့ပေါ် ရပ်ကွက် နယ်နိမိတ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလမ်းလျှောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုခြင်းများ မပြုလုပ်ရန် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း လမ်းပေါ်မထွက်ရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံးပုဒ်မ ၁၄၄ ကို မတ်လ ၂၆ ရက်ညနေ ၃ နာရီတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထို့အတူ မင်းလှမြို့နယ်တွင်လည်း ဆူပူအကြမ်းဖက်မှုများ ပြုလုပ်ခဲ့သဖြင့် ယင်းနေ့ ညနေ ၄ နာရီ တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် နတ်တလင်းမြို့ရှိ ဘာသာရေးအဆောက်အအုံတစ်ခုကို အကြမ်းဖက်ဖျက်ဆီးနေ သည်ဟု သတင်းများထွက်ပေါ်နေပြီး ယင်းသတင်းနှင့်ပတ်သက်၍ ဦးရဲထွဋ်မှ မကြာမီထုတ်ပြန်သွား မည်ဖြစ်ကြောင်း ပြောကြားထားသည်။
7Day News Journal

No comments:

Post a Comment