Wednesday, March 27, 2013

ဇီးကုန်းနှင့် နတ်တလင်းမြို့များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်


အကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားနေသော ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဇီးကုန်းနှင့် နတ်တလင်း မြို့များတွင် တည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိစေရန် ယနေညနေပိုင်းမှ စတင်ကာ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့ရကြောင်း သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးများထံမှသိရသည်။
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီခရိုင်၊ နတ်တလင်းမြို့တွင် ရဲတပ်ဖွဲ့ဝင် ၆၀ဦးခန့်လုံခြုံရေး ယူထားသော်လည်း မတ်လ ၂၆ ရက် ည ၁၁နာရီမှ နံနက်(မတ် ၂၇) ၃နာရီအထိ အင်အား နှစ်ရာမှ ငါးရာဝန်းကျင် အထိ ရှိသော လူအုပ်သည် မြို့ပေါ်ရှိ နေအိမ် ၁၄လုံး၊ ဈေးဆိုင် ၁၁လုံး၊ ဆန်စက်ရုံးခန်း တစ်ခန်း၊ ဓာတ်ဆီဆိုင် တစ်ဆိုင်၊ ဆိုင်ကယ် လေးစီး၊ ထော်လာဂျီ တစ်စီး၊ ဗလီတစ်လုံးနှင့် ကားလက်မှတ်ရောင်းသည့် ဂိတ်တစ်ခုတို့ကို ဖြိုချဖျက်ဆီးခဲ့ကြောင်း နတ်တလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဒုဦးစီးမှုး၏ ပြောကြားချက်အရသိရသည်။

အလားတူ အဆိုပါခရိုင် ဇီးကုန်းမြို့နယ်တွင်လည်း မတ်လ ၂၆ရက် ည ၁၂နာရီမှ နံနက်(မတ် ၂၇) ငါးနာရီထိ အကြမ်းဖက် ဖျက်ဆီးမှုများကြောင့် ဗလီ တစ်လုံး၊ အိမ် ၁၆လုံးကို လူအင်အား ၄၀၀ခန့်က ရိုက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဇီးကုန်းမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှုးရုံးမှ စုံစမ်းသိရသည်။

“အခု ဇီးကုန်းမှာ မနေ့ညက ဖျက်ဆီးခဲ့တာကို မဝလို့ ဆိုပြီး ဒီနေ့နေလယ် နှစ်နာရီခွဲကနေ အခုထိ ထပ်လာ ဖျက်ဆီးနေကြတယ်၊ လုံခြုံရေးတွေ ပစ်လို့ လူနှစ်ယောက် သေနတ်မှန်တယ် ကြားတယ်၊ တစ်ယောက်ကိုတော့ ပြည်ဆေးရုံကြီးကို အခုပို့နေပြီ’’ ဟု ဇီးကုန်းဒေသခံ ဒေါ်ခင်ဝိုင်းက မတ်လ ၂၇ရက်နေ့ ညနေ ငါးနာရီခန့်က ဖုန်းဖြင့် ဖြေဆိုသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) အုတ်ဖို၊ မင်းလှနှင့် ကြို့ပင်ကောက် မြို့များတွင် မတ်လ ၂၆ ရက်နေ့ ညနေ လေးနာရီမှ စတင်ကာ ပုဒ်မ၁၄၄ကို ထုတ်ပြန်ထားသော်လည်း ယနေညနေပိုင်း အချိန်ထိ ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

(မြတ်နိုးခင်)

Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >>The Voice Weekly

No comments:

Post a Comment