မိတ္ထီလာ၊ မတ် ၂၀ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြို့မဈေးကြီးတွင် ယနေ့နံနက် ၉နာရီခန့်က တရားဟောပလ္လင်လှူရန် ရွှေဆံကုပ်လာရောင်းသော ဇနီးမောင်နှံ နှင့် ရွှေဆိုင်ပိုင်ရှင်တို့
ခိုက်ရန်ဖြစ်ပွားရာ ဒေသခံလူထုအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း
ယင်းဒေသခံများ ထံမှ စုံစမ်းသိ ရှိရ သည်။
မိတ္ထီလာမြို့ ကွက်ငယ်အုပ်စု ပြန်ကောက်ရွာတွင် ခေတ္တ လာရောက်နေထိုင် သူ ဦးခင်မောင်ဝင်း (၄၅နှစ်) နှင့် ဇနီးဖြစ်သူ ဒေါ်အေးနိုင်(၄၆နှစ်) တို့သည် တရားဟောပလ္လင် လှူဒါန်းရန် ငွေမလုံလောက်သည့် အတွက် မိတ္ထီလာမြို့မဈေး အရှေ့ဘက်တန်း ရှိ ဝိန့်စိန်ရွှေဆိုင် သို့ ရွှေဆံကုပ်တစ်ခု ကို မတ်လ ၂၀ရက်နေ့ နံနက် ၉နာရီခွဲခန့်တွင် လာရောက် ရောင်းချ၍ ရွှေမှတ်ကျောက်တိုက်ရာမှ ရွှေဆံကုပ် ကျိုးသွားခဲကြောင်း၊ ယင်း ဆံကုပ်ကိုလည်း မူလပြောထားသည့် ကျပ်တစ်သိန်းနှစ်သောင်း မပေးဘဲ ကျပ် ငါးသောင်းရှစ်ထောင် ခန့် ဖြင့်သာ ဈေးဖြတ်ခဲ့သည့်အတွက် ရွှေရောင်းချသူ ဦးခင်မောင်ဝင်း နှင့် ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦးတို့ အကြားစကားများရာမှ ဦးထွန်းထွန်းဦးက ဦးခင်မောင်ဝင်းကို လက်သီးဖြင့် စတင်ထိုးခဲ့သည်ဟု ဦးခင်မောင်ဝင်း က ပြောကြားသည်။
“ကျွန်တော့်ကို လက်သီးနဲ့ထိုးတယ်။ နောက်ဆိုင်ထဲက လူနှစ်ယောက်နဲ့ ဆိုင်ရှင်ရဲ့ အမျိုးသမီးထွက်လာပြီး ဝိုင်းရိုက်ကြတယ်။ ဘေးဆိုင်က လူရှစ်ယောက်လောက် ကပါ ဝိုင်းရိုက်မလို့ လာကြတာ။
ကျွန်တော်လည်း လမ်းမပေါ် ထွက်ပြေးပြီး အကူအညီ တောင်းခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။
ယင်းသို့ ဝိုင်းဝန်းရိုက်နှက်ရာ ဦးခင်မောင်ဝင်းကို လေးချက်ခန့်ရိုက်မိခဲ့ပြီး ရိုက်နှက်သည့်တုတ်တွင် သံပါသည့် အတွက် ဦးခေါင်း ပေါက်ပြဲခဲ့သည်ဟု ဦးခင်မောင်ဝင်း က ပြောကြားသည်။
အဆိုပါ ရွှေရောင်းချသူကို ရိုက်နှက်ခဲ့သည့်လူတစ်စုသည် ပတ်ဝန်းကျင်ရှိ လူများရောက်လာချိန်တွင် အနီး နားရှိ ရွှေဆိုင်များအတွင်းသို့ ဝင်ရောက် ထွက်ပြေးသွားခဲ့ရာမှ လူထုက မကျေမနပ်ဖြစ်ကာ ယင်းရွှေဆိုင်များ ကိုဝိုင်းထားခဲ့ကြောင်း ယင်းဈေးရှိ ဈေးသူဈေးသားများ က ပြောကြားသည်။
“ကျွန်မ အမျိုးသားကို အသေသတ်ဆိုပြီး ဝိုင်းရိုက်တယ်။
ကျွန်မအကူအညီတောင်းမှ ဘေးက လူတွေကဝိုင်းဖျန်ဖြေပေးကြတယ်” ဟု အရိုက်ခံရသူ၏ ဇနီးဖြစ် သူ ဒေါ်အေးအေးနိုင်က ဆိုသည်။
ယင်းသို့ ရွှေဆိုင်များအတွင်း ရွှေဆိုင်ရှင် ဦးထွန်းထွန်းဦးနှင့် အပေါင်းအပါများဝင်ရောက်ပုန်းခိုနေသည်ဟု ယူဆ၍ ရွှေဆိုင်များကို ဖျက်ဆီးနေသော ဒေသခံလူစု ကို မိတ္တီလာခရိုင် ရဲတပ်ဖွဲ့ မှူး ဒုတိယ ရဲမှူးကြီး မောင်မောင်မြင့် ဦးဆောင်၍ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ နှင့် လူမှုရေးအသင်းအဖွဲ့များ ဝိုင်းဝန်းဖျန်ဖြေခဲ့သော်လည်း လူစုမကွဲသေးသည့် အတွက် သက်ဆိုင်ရာ မြို့နယ် သံဃာတော်များ လာရောက် ဖျန်ဖြေပေးခဲ့ရာ ညနေသုံးနာရီခွဲခန့်တွင် လူစုကွဲသွားခဲ့ကြောင်း ဒေသခံ မျက်မြင်သက်သေများ က ပြောကြား သည်။
ယင်း ရွှေဆိုင်ရှင် ဦးထွန်းထွန်းဦး နှင့် အပေါင်းပါ နှစ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း၊ ယင်းပုဂ္ဂိုလ်များ၏ ဓါတ်ပုံများကို ပြ၍ လူစုကွဲရန် မေတ္တာရပ်ခဲ့ရသည်ဟု မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုး က ပြောကြားသည်။
ယင်း ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦး (၂၃)နှစ် ၊ ဒေါ်မြင့်မြင့်အေး (၂၅)နှစ် နှင့် ညီညီ ( ၁၈)နှစ်တို့ကို (ပ) ၇၄ ၊ ၂၀၁၃ ပုဒ်မ ၂၉၄ ၊ ၃၂၆ ၊ ၄၂၇ ၊ ၁၁၄ ဖြင့် ဖမ်းဆီး အရေးယူလျက်ရှိကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့စခန်း ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ အခြေအနေများကြောင့် လတ်တလောတွင် မိတ္ထီလာမြို့မဈေးကြီးကို ခေတ္တ ပိတ်ထားလျက်ရှိပြီး လုံခြုံရေးများ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။
The Voice Weekly News

No comments:
Post a Comment