Wednesday, March 20, 2013

အလှတရား

အလှတရား ဟူသည် သာယာသော လောကကို ဖန်တီးပေးကာ လူတို့၏ ပျော်ရွှင် ချမ်းမြေ့မှုကို ဖန်တီး ပေးနိုင်သည်။ ပင်ပန်း နွမ်းနယ်သော စိတ်ကို ပြေပျောက်စေသည် သာမက အားမာန် သစ်ကိုပင် ဖန်တီး ပေးနိုင်သည်။

လူတို့၏ ကြမ်းတမ်းနေသော စိတ်ကို ယဉ်ကျေးသိမ်မွေ့ လာအောင် စွမ်းဆောင်နိုင်သည်။ လူတို့တွင် ရုပ် အလှနှင့် စိတ်အလှဟူ၍ နှစ်မျိုးရှိရာ ရုပ်အလှသည် အမြဲ ပြောင်းလဲတတ်သည့် သဘောရှိသော်လည်း စိတ်အလှသည်ကား မြဲသောသဘောရှိ၍ ထာဝရအလှဟု ဆိုနိုင်သည်။ ထို့ကြောင့် လူသားတိုင်း စိတ် အလှကို အမြတ်တနိုးတန်ဖိုးထားသင့်သည်။

လောက၌ လူအမျိုးမျိုးစိတ်အထွေထွေဟုဆိုကြသော်လည်း ကိုယ်ကျင့် တရားကိုကား လူတိုင်း ကိုယ်စီ စောင့်ထိန်းကြရမည် ဖြစ်သည်။ မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် ကိုယ်ကျင့်တရားဟူသည် ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးစလုံး စောင့်စည်းမှုအကျင့်သိက္ခာဟု ဖွင့်ဆိုထားသည်။ ကိုယ်ကျင့် တရား ကောင်းခြင်း၏ ပဓာနအကျဆုံး အရည်အသွေးမှာ ရိုးသား ဖြောင့်မတ်မှု ဖြစ်သည်။ ရိုးသား ဖြောင့် မတ်မှုနှင့် ပြည့်စုံသောသူသည်ကတိတည်ခြင်း၊ မှန်သောစကားကိုဆိုခြင်း၊ တိကျမှန်ကန်ခြင်း၊ ဘက်မလိုက်ခြင်း၊ အမှန်တရားကို မြတ်နိုးခြင်း၊ သူတစ်ပါး ကောင်းကျိုးကိုလိုလားခြင်းတို့သည် ရိုးသား ဖြောင့်မတ်ခြင်း၏ အရည်အသွေး များပင်ဖြစ်သည်။

ရိုးသား ဖြောင့်မတ်သူကို လူတို့ နှစ်သက်မြတ်နိုး ကြသကဲ့သို့ ကျေးဇူး သိတတ်သူ ကိုလည်း လူအပေါင်း တို့ နှစ်သက်မြတ်နိုး တန်ဖိုးထားကြသည်။ ကိုယ်ကျင့်တရားကောင်းခြင်းကို ဂေါတမ မြတ်စွာ ဘုရား ဟောကြားသည့် ကံကံ၏အကျိုးကို ယုံကြည်ခြင်း၊ ကိုယ်နှုတ်နှလုံး သုံးပါးတို့ကို စောင့်စည်းခြင်း၊ အကြားအမြင်များခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ လောကီ လောကုတ္တရာ ပညာ နှစ်ပါးနှင့် ပြည့်စုံခြင်း၊ မကောင်းမှု ပြုရမည်ကို ရှက်ခြင်း၊ ပစ္စုပ္ပန် သံသရာ ဘေးကို ကြောက်လန့်ခြင်းစသည့် သူတော်ကောင်း ဥစ္စာ ခုနစ်ပါး တို့ကို စံထား တိုင်းတာ၍ ရနိုင်သည်။

ယနေ့ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှု များအား နိုင်ငံတကာကအထူး စိတ်ဝင်စားလျက်ရှိရာ နိုင်ငံတကာအစိုးရတို့၏ အဆင့်မြင့် ကိုယ်စားလှယ် များက နိုင်ငံတော်အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန် လာရောက်လေ့လာ နေကြသည်။ အခြားတစ်ဖက်ကလည်း ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ စွန့်စားသွားလာမှုကို နှစ်သက်သော ကမ္ဘာလှည့် ခရီးသွားများအတွက် ကျေးငှက်တိရစ္ဆာန် မျိုးစုံ၊သဘာဝအလှနှင့် ပြည့်စုံသော သစ်တောများ ၊ တောင်တက်ဝါသနာရှင်များအတွက် အရှေ့တောင်အာရှ၏ တစ်ခုတည်းသော ဆီးနှင်း ဖုံး တောင်ဖြစ် သည့် ခါကာဘိုရာဇီ တောင်ထိပ်တို့ ရှိသည်။ စီးပွားရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကမ်းလွန်နှင့်ကုန်းတွင်းထွက်ပစ္စည်းများ ၊ ကျောက်သံပတ္တမြား ၊ ရွှေနှင့်ငွေ၊ ကျောက် မီးသွေးနှင့် ကျောက်စိမ်းများ အပါအဝင်သဘာဝအရင်း အမြစ်များများစွာရှိသည်။ ထို့အပြင် ထားဝယ် ၊ ကျောက်ဖြူနှင့် သီလဝါ ဒေသတို့တွင် အထူး စီးပွားရေး ဇုန်များနှင့် အတူ ပင်လယ်ရေနက် ဆိပ်ကမ်းများ တည်ဆောက်လျက် ရှိသည်။

သို့ဖြစ်၍ ယနေ့ နိုင်ငံတော်၏ အခြေအနေသည် နိုင်ငံတကာနှင့် ဆက်သွယ်မှု အခြေအနေ ပိုမို ကျယ်ပြန့် လာသည်နှင့် အမျှ နိုင်ငံသားတို့ အနေဖြင့် မြန်မာ့စိတ်ရင်း မြန်မာ့ စိတ်ဓာတ်ကို စောင့်ထိန်း ကြမှ သာ နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ ပုံရိပ်သည် ကမ္ဘာ့ အလယ်မှာ သိက္ခာရှိစွာ ရပ်တည်နိုင် မည် ဖြစ်ပေ သည်။
Myawady News
 

No comments:

Post a Comment