Monday, March 4, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန် Solbergfoss ရေအားလျှပ်စစ် စက်ရုံများအား သွားရောက် ကြည့်ရှုလေ့လာ

 
နေပြည်တော် မတ် ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီ (၂၈)ရက် နံနက်(၁ဝ)နာရီ တွင် နော်ဝေ နိုင်ငံ အော်စလိုမြို့၏မြောက်ဘက် အက်စ်ကင်မ်(Askim) မြို့နယ်ရှိ Solbergfoss ရေအားလျှပ်စစ်စက်ရုံများကို သွားရောက် ကြည့်ရှုလေ့လာသည်။
       

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် Solbergfoss ရေအားလျှပ်စစ်စက်ရုံအမှတ်(၁)တွင် ရေအားလျှပ်စစ်ထုတ်လုပ်နေမှု၊ တာဘိုင်စက်များ တပ်ဆင်ထားမှုနှင့် ပင်မထိန်းချုပ်ခန်း တို့ကို လှည့်လည်ကြည့်ရှုလေ့လာရာ E-Co Energy ကုမ္ပဏီမှ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Tore Olaf Rimmereid နှင့် စက်ရုံမန်နေဂျာ Mr. Oystein Rafoss တို့က လိုက်လံရှင်းလင်း ပြသကြသည်။
       
ထို့နောက် ရေအားလျှပ်စစ်စက်ရုံအမှတ်(၂) အစည်းအဝေးခန်းမ၌ နော်ဝေနိုင်ငံ ကုန်သွယ် ရေးနှင့် စက်မှုဝန်ကြီး Mr. Trond Giske နှင့် Statkraft Energy ကုမ္ပဏီမှဒါရိုက်တာ Mr. Oistein Andresen တို့က သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှု၊ နော်ဝေနိုင်ငံရှိ စက်မှု လုပ်ငန်းများ၏ အဓိကကျောရိုးမဏ္ဍိုင်ဖြစ်သည့် ရေအားလျှပ်စစ် ဓာတ်အားပေး လုပ်ငန်းများဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက် နေမှု၊ ကုမ္ပဏီ၏ ကမ္ဘာတစ်ဝန်းတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြား ကြသည်။
       
နော်ဝေနိုင်ငံသည် ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့် ပတ်သက်၍ နှစ်ပေါင်း(၁ဝဝ)ခန့် အတွေ့အကြုံရှိသည့် နိုင်ငံဖြစ်သည်။ လက်ရှိ အခြေအနေတွင် ကမ္ဘာ့ဆဋ္ဌမမြောက် အကြီးမားဆုံး ရေအားလျှပ်စစ်ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ဥရောပတွင် အကြီးမားဆုံး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်သည့်နိုင်ငံလည်း ဖြစ်သည်။ နိုင်ငံ၏လျှပ်စစ် ဓာတ်အား လိုအပ်ချက်အများစုကို ရေအားလျှပ်စစ်မှ ရရှိနေခြင်း ဖြစ်သည်။ ရေအားလျှပ်စစ် ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရေး၊ ဒေသခံပြည်သူများအတွက် စီးပွားရေးနှင့် လူမှုရေး အကျိုးအမြတ်များ ရရှိစေရေးတို့ကို ဆောင်ရွက်လျက်ရှိပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတော်/ ဒေသန္တရအစိုးရများ၏ ရင်းနှီးမြှုပ်နှံမှု များဖြင့် ပေါင်းစပ် လုပ်ကိုင်လျက်ရှိသည်။ လျှပ်စစ်ဓာတ်အားကို ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်သည့်အပြင် ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်ကြောင်း သိရှိရသည်။
       
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးပြီး မြန်မာနိုင်ငံအနေဖြင့် နော်ဝေနိုင်ငံ ၏ ရေအားလျှပ်စစ် စီမံခန့်ခွဲမှု အတွေ့အကြုံများကို အသုံးချလိုကြောင်း ပြောကြားခဲ့သည်။
       
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတအား နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Mr. Bard Vegar Solhjeel က အော်စလိုမြို့ရှိ Ekebergrestauranten ၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
       
ညနေပိုင်းတွင် အော်စလိုတက္ကသိုလ်မှ ပါမောက္ခ Mr. Jens Braarvig က ၎င်းသိမ်းဆည်းထားသည့် ဗုဒ္ဓဘာသာ ဆိုင်ရာ ရှေးဟောင်းလက်ရေးမူများကို လာရောက် ပြသရာ နိုင်ငံတော်သမ္မတက စိတ်ဝင်တစား လေ့လာကြည့်ရှုပြီး မြန်မာနိုင်ငံသည် ကမ္ဘာပေါ် တွင် ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံဖြစ်သဖြင့် ယင်းစာပေများကို တိကျသေချာစွာ ဘာသာပြန်ဆိုနိုင်ရန်အတွက် မြန်မာနိုင်ငံမှ တိပိဋကဘွဲ့ရ ဆရာတော်ကြီးများနှင့် လာရောက် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။
       
ယင်းလက်ရေးမူများမှာ အေဒီ(၁)ရာစု၊ (၃)ရာစုနှင့် (၈)ရာစုခန့်မှ လက်ရေးမူများဖြစ်ပြီး ပေရွက်နှင့် သစ်ခေါက်တို့ အပေါ်တွင် ဗြဟ္မဏ ဘာသာဖြင့် ရေးသားထားခြင်းဖြစ်သည်။ လက်ရေးမူများသည် ပညာရေးနှင့် ဗုဒ္ဓဘာသာတို့နှင့်စပ်လျဉ်း၍ အရေးပါသောသမိုင်း အထောက်အထားများဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံရှိ ဂူငယ်တစ်ခုအတွင်းမှ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
       
နိုင်ငံတော်သမ္မတသည် ညနေ(၅)နာရီခွဲတွင် အော်စလိုမြို့ရှိ အော်ပရာအဆောက်အဦ ဆောက်လုပ်ထားမှုကို သွားရောက်ကြည့်ရှု ပြီး အော်ပရာ တင်ဆက်ပြသမှုကို ကြည့်ရှုအားပေးခဲ့သည်။



သမ္မတရုံး

No comments:

Post a Comment